သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆုတ်ယုတ်လာတဲ့ မြန်မာ့မီဒီယာ 


စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း သတင်းထောက်ကေဇွန်နွေးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားကြစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

စစ်တပ်က အာဏာသိမ်းထားတာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ နှစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း သတင်းသမား တရာကျော်ဖမ်းဆီးခံခဲ့ရသလို၊ သတင်းသမားတွေအဖို့ သတင်းလုပ်ငန်းလွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်ဖို့ ခက်ခဲလာပါတယ်။ စစ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း မြန်မာ့မီဒီယာအခြေအနေ ရန်ကုန်က အထူးသတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပါမယ်။

စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း သတင်းသမားတရာကျော် ဖမ်းဆီးခံခဲ့ရပြီး၊ တချို့ပြန်လွတ်မြောက်လာခဲ့ပေမယ့် လက်ရှိမှာ သတင်းသမား အယောက် ၅၀ ဝန်းကျင် ဖမ်းဆီးထောင်ချခံထားရဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းမီဒီယာတွေကို စတုတ္တမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ လုပ်မယ်၊ သတင်းသမားတွေကို ထောင်ချတာဟာ သတင်းရေးသားလို့မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုဆိုပါတယ်။

"သတင်းမီဒီယာနဲ့ပတ်သက်ပြီး ဘာကန့်သတ်ချက်ရှိသလဲဆိုတော့.. ကျွန်တော်တို့အနေနဲ့က.. သတင်းမီဒီယာသမားတွေကိုယ်တိုင်လည်းအသိဖြစ်တယ်။ အဲတော့ သတင်းမီဒီယာသမားတွေကိုယ်တိုင်ကရော နိုင်ငံတော်အပေါ်မှာ၊ ပြည်သူလူထုအပေါ်မှာရော တာဝန်ကျေကြသလားဆိုတဲ့မေးခွန်းမျိုးကိုယ့်ဟာကိုယ်တော့ ပြန်ထုတ်ဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ သတင်းမီဒီယာနဲ့ပတ်သက်ပြီး သတင်းမီဒီယာသမားများသည် သတင်းမီဒီယာအလုပ်၊ သတင်းမီဒီယာသမား၊ သတင်းထောက်အလုပ်ကို လုပ်ကိုင်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ အာမခံချက်ပေးထားပြီးသားဖြစ်တယ်။ သို့သော် ဒါနဲ့မပတ်သက်ဘဲနဲ့ နိုင်ငံရေးဆိုင်ရာတွေနဲ့ ပတ်သက်လာတဲ့ဟာတွေ၊ အကြမ်းဖက်ဥပဒေအရပြဌာန်းထားတဲ့ဟာတွေမှာ ငြိစွန်းတဲ့ဟာတွေလုပ်လာရင်တော့ ကျွန်တော်တို့အနေနဲ့ကတော့ ဒါသည် သတင်းမီဒီယာသမားများနဲ့ သတင်းမီဒီယာများကို အရေးယူရမှာဖြစ်တယ်။ သတင်းမီဒီယာသမားများ၊ သတင်းထောက်များ၊ သတင်းမီဒီယာများရဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းအပေါ်ကိုပဲ ကျွန်တော်တို့အနေနဲ့ကြည့်တာဖြစ်တယ်လို့ ပြောချင်တာပါတယ်။"

စစ်ကောင်စီဘက်က အခုလိုဆိုပေမယ့် သတင်းသမားတော်တော်များများဟာ သတင်းရယူချိန်မှာ ဖမ်းဆီးခံရတာ၊ သတင်းရေးသားမှုမှာ တပ်မတော်အကြည်ညိုပျက်အောင်လုပ်ဆောင်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတာ၊ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့အဖွဲ့တွေကို ဆက်သွယ်လို့ဆိုပြီး အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေတွေနဲ့ စွဲဆိုဖမ်းဆီးခံရတာတွေဖြစ်နေတယ်လို့ ဖမ်းဆီးခံသတင်းသမားတွေကို ကူညီနေသူတွေကပြောပါတယ်။

ဒီလို သတင်းသမားတွေ သတင်းလုပ်ငန်း လုပ်ရကိုင်ရ ခက်ခဲလာအောင် ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကြောင့် ပြည်သူတွေအတွက် သတင်းသိပိုင်ခွင့်ဟာ အင်မတန်နည်းပါးလာပြီး၊ သတင်းမှန်ရဖို့ အခက်ခဲဆုံးအခြေအနေဖြစ်လာတယ်လို့ ဝါရင့်သတင်းသမားတဦးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

"ဖေဖော်ဝါရီ ၁ရက်နေ့ ၂၀၂၁ခုနှစ်နောက်ပိုင်းမှာတော့ သတင်းမီဒီယာက Propaganda ဘက်ကိုသွားတယ်။ ဒီဝါဒဖြန့်မှုဘက်ကိုသွားကြတာကိုး။ တချို့ဟာတွေက သတင်းလို့ အသွင်ဆောင်ထားပေမယ့် တကယ်တော့ သတင်းမဟုတ်ဘူးပေါ့လေ။ သတင်းမီဒီယာကို ဝါဒဖြန့်ချီရေးအတွက် အသုံးချလာတဲ့ဟာတွေက အများကြီးဖြစ်လာတယ်။ ပရိတ်သတ်အတွက် အကျိုးမဲ့စေတဲ့ဟာပေါ့နော်။ Professional သတင်းတွေကိုရဖို့ အခွင့်အလမ်းက ပိုနည်းလာတယ်။ ဒီအဖြစ်အပျက်တခုနဲ့ပတ်သက်လို့ တာဝန်ခံပြီး ဖြေစရာမလိုတော့ဘူးဆိုတဲ့ဟာမျိုးက ဘက်တိုင်းမှာရှိကြတဲ့အနေအထားမျိုးဖြစ်လာတယ်။ ဒါကြောင့်လည်း ဒီသတင်းတွေရဲ့ မီဒီယာရဲ့အခန်းကဏ္ဍက နောက်ကိုရောက်သွားတဲ့သဘောမျိုးရှိတယ်။ မီဒီယာက access to information ဖြေဖို့ ဝတ္တရားရှိတယ်ဆိုတဲ့ဟာမျိုးကို တွန်းတွန်းတိုက်တိုက်ပြောဖို့ အခြေအနေမဟုတ်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မီဒီယာသမားကိုယ်၌က အန္တရာယ်တွေရှိနိုင်တယ်။ ဖမ်းဆီးခံရနိုင်တယ်။ တခါတလေ အသတ်ခံရနိုင်တယ်။ စောစောကပြောတဲ့ဟာကြောင့်မလို့ သတင်းအရေအသွေးလည်း ကျသွားတယ်။ မီဒီယာကိုယ်၌က မီဒီယာကို ကောင်းကောင်းမွန်မွန်၊ ပြည့်ပြည့်ဝဝလုပ်နိုင်တဲ့အနေအထားတွေမရှိတော့ဘူး။ အဲဒီဟာတွေက သတင်းတွေကို နားထောင်တဲ့ ဖတ်ရှုတဲ့ ကြည့်ရှုတဲ့ ပရိတ်သတ်အတွက် ထိခိုက်မှုလို့ ကျွန်တော်မြင်ပါတယ်။"

တချို့ဟာတွေက သတင်းလို့ အသွင်ဆောင်ထားပေမယ့် တကယ်တော့ သတင်းမဟုတ်ဘူးပေါ့လေ။ သတင်းမီဒီယာကို ဝါဒဖြန့်ချီရေးအတွက် အသုံးချလာတဲ့ဟာတွေက အများကြီးဖြစ်လာတယ်။ ပရိတ်သတ်အတွက် အကျိုးမဲ့စေတဲ့ဟာပေါ့နော်။

စစ်ကောင်စီဟာ အများယုံကြည်တဲ့သတင်းမီဒီယာတွေကို ပိတ်ပင်တာ၊ အင်တာနက်တွေကို ပိတ်ပင်တာ စတာအပြင် သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေကို ကန့်သတ်လာပါတယ်။ တချိန်တည်းမှာ တဖက်သတ်ဝါဒဖြန့်မှုတွေကိုလည်း လုပ်လာပါတယ်။ ဒါဟာ သတင်းမှန်ရဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စေတယ်လို့ သတင်းသမားတွေက ယူဆပါတယ်။

ထောင်ကပြန်လွတ်လာကြတဲ့ သတင်းသမားတွေအနေနဲ့လဲ ပြန်လည်ရပ်တည်နိုင်ဖို့ခက်ခဲနေသလို သူတို့အပြင် သူတို့ရဲ့မိသားစုကိုပါ စောင့်ကြည့်ခံနေရတဲ့ အဖြစ်တွေနဲ့ရင်ဆိုင်လာနေရတယ်လို့ ပြန်လွတ်လာတဲ့သတင်းသမားတဦး က ဗွီအိုအေကိုပြောပြပါတယ်။

"သတင်းလိုက်ရင်းနဲ့ အဖမ်းခံရတယ်ပေါ့။ စစ်ကြောရေးမှာ မေးတယ် မြန်းတယ်။ ဒီအတွေ့အကြုံတွေ ဒီခံစားချက်တွေက လက်တွေ့ရပ်တည်ဖို့အတွက်တောင် တော်တော်လေးကိုခက်ခဲတယ်ပေါ့နော်။ ပြန်လွတ်လာတဲ့အချိန်မှာလည်း ကိုယ်ကတသက်လုံးသတင်းသမားအလုပ်လုပ်လာတာလေ။ ဒီသတင်းထောက်အလုပ်ကိုပြန်လုပ်ချင်တယ်ဆိုတော့လည်း သတင်းမီဒီယာတွေက ပြည်တွင်းမှာ မရှိကြတော့ဘူး။ ထွက်လာတော့လည်း ဒီလိုမျိုး ပြစ်မှုတွေ မလုပ်ရပါတော့ဘူးဆိုတဲ့ဟာ မထိုးချင်ဘဲနဲ့ ထိုးခဲ့ရတယ်။ အမြဲတမ်းဒေါက်ထောက်ကြည့်နေသလို ခံစားရတယ်။ မိသားစုတွေလည်း မလုံခြုံဘူး။ သတင်းထောက်အလုပ်တွေက ခိုးကြောင် ခိုးဝှက်လုပ်ပြီးတော့ နေရမယ့် ဘဝမျိုးတွေပေါ့နော်။ ဘယ်လိုမှအဆင်မပြေတော့ဘူး။ အဲဒီတော့ အစ်မတို့က ဒီအလုပ်ကိုလုပ်ချင်ပေမယ့်လည်း စွန့်လွှတ်လိုက်ရတာပေါ့နော်"

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးချိန်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြပွဲတွေဟာ သတင်းဌာနတွေရဲ့ ဦးစားပေးသတင်းဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက စစ်ကောင်စီဘက်က သတင်းဌာနတွေကို ပိတ်ပစ်တာ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ခဲ့ပါတယ်။ ဒီလို လုပ်ခဲ့တာတွေက ၂ နှစ်ကြာတဲ့အထိ မရပ်သွားသေးပါဘူး။ သတင်းသမားတွေကို နှစ်ရှည်ထောင်ကျမယ့် ပုဒ်မတွေနဲ့ တရားစွဲဆိုတာတွေအထိ ပြင်းပြင်းထန်ထန် အရေးယူလာတာတွေ လုပ်လာခဲ့ပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလောက အခြေအနေနဲ့ပတ်သတ်လို့ ကိုယ်တိုင် ထောင်ချခံခဲ့ရပြီးပြန်လွတ်လာတဲ့ ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်က အခုလို ဗွီအိုအေကိုပြောပြပါတယ်။

"သတင်းမီဒီယာကတော့ ဒီနှစ်နှစ်အတွင်းမှာ ဘယ်လိုမှ တယောက်ချင်းဖြစ်စေ အေဂျင်စီနဲ့ဖြစ်စေ ကုမ္ပဏီအလိုက်ဖြစ်ပေါ့။ မည်သို့မှ ရပ်တည်လို့မရတော့ဘူး။ ကင်မရာကိုင်ရင် ဖုန်းကိုင်ရင်တောင်မှ ဘယ်လိုမှမလုံခြုံတော့တဲ့ ဘဝပေါ့နော်။ အဲဒီကြားထဲကနေ ဒီ limited အကန့်အသတ်လေးနဲ့ ရုန်းကန်ရတာပေါ့။ သတင်းအချက်အလက်တွေရရှိရေးအတွက်။ သတင်းစီးဆင်းမှုက ပြတ်မသွားပေမယ့် သတင်းမီဒီယာတွေရဲ့ ရပ်တည်လှုပ်ရှားမြေပေါ်မှာ သတင်းရယူပိုင်ခွင့်တွေအားလုံးကတော့ အန္တရာယ်အရမ်းများပြီး ဆုံးရှုံးသွားတာပေါ့နော်။ ဆိုတော့ ဒါကိုကျွန်တော်တို့က ကြီးမားတဲ့သင်ခန်းစာယူပြီးတော့ ကျွန်တော်တို့ ဒီအကြပ်အတည်းတွေကြားမှာ ဘယ်လိုရှင်သန်ပြီးတော့ ရရာတာဝန်ကိုထမ်းဆောင်မလဲဆိုတဲ့ စိန်ခေါ်မှုကတော့ကြီးတာပေါ့ဗျာ။ ဆိုတော့ အကြမ်းဖျဉ်းချုံ့ပြီးပြောရရင်တော့ သတင်းလွတ်လပ်ခွင့်ဟာတော့ လုံးဝဆုံးရှုံးသွားတာပေါ့လေ။ အကြီးအကျယ် ဒါကို ကျွန်တော်တို့ ကောင်းကောင်း သင်ခန်းစာယူရမယ်။ အသစ်ပြန်လည်တည်ဆောက်ရမယ်။"

၂ နှစ်အတွင်းမှာ စစ်ကောင်စီဟာ သတင်းဌာန ၁၀ ခုထက်မနည်း ပိတ်သိမ်းခဲ့သလို သတင်းဌာနရုံးခန်းတွေကိုဝင်စီးတာ သတင်းစာထုတ်ဝေခွင့်တွေပိတ်တာတွေကိုလည်း လုပ်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် နယ်စည်းမခြားသတင်း ထောက်များအဖွဲ့က ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် ညွန်းကိန်းမှာ သတင်းလွတ်လပ်ခွင့်အတွက် ကမ္ဘာ့အဆိုး ဆုံး ၁၀ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံပါခဲ့ပြီး နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အထဲ မြန်မာက အဆင့် ၁၇၆ အထိကျဆင်းခဲ့ပါတယ်။

နယ်စည်းမခြားသတင်း ထောက်များအဖွဲ့ ထုတ်ပြန်ချက်အရ အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေလို လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ သတင်းသမားတွေကို ဖမ်းဆီးတာ၊ ထောင်ချတာ၊ ညှင်းပန်းတာ၊ အပျောက်ရှင်းပစ်တဲ့ အထိပါ ကျုးလွန်မှုတွေ ရှိခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ သတင်းသမား အနည်းဆုံး ၃ ယောက်မက ရှိခဲ့တဲ့အပြင်၊ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် သတင်းသမား ဖမ်းဆီးခံရမှု ဒုတိယအများဆုံး အဖြစ်နဲ့လည်း ကမ္ဘာမှာ ဖော်ပြခံထားရပါတယ်။

ဆုတ်ယုတ်လာတဲ့ မြန်မာ့မီဒီယာ
please wait

No media source currently available

0:00 0:06:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG