သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲဒေသ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေစိုးရိမ်


မိုးဗြဲမြို့
မိုးဗြဲမြို့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ဒေသခံတွေ လုံခြုံရေး စိုးရိမ်နေကြပါတယ်။ မကြာသေးခင်က တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအများအပြား တိမ်းရှောင်ခဲ့ကြရတဲ့ ဒေသမှာ စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတာကြောင့် စိုးရိမ်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ ထားတာကို အလိမ္မာ ပြောပြပါမယ်။

စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား ဇူလိုင်လထဲ တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတဲ့ မိုးဗြဲမြို့မှာ အခုအခါ အခြေအနေ တည်ငြိမ်စ ပြုလာတာကြောင့် နေရပ်ပြန်လာကြပေမဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြတာပါ။ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားတာမျိုး မရှိပေမဲ့ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“တိုက်ပွဲမရှိဘူး။ ဒီတိုင်းပဲ ဟိုဟာ ပစ်ခတ်တာပဲ ရှိတယ်။ဟုတ် (အသေးစိတ်) ပြောပြလို့မရဘူး။ ညီမတို့ဘေးမှာ စစ်တပ်ရှိသေးလို့နော်။ ဒီအနီးအနားမှာပဲ ရှိနေလို့ အဲ့ဒါ စကားပြောလို့မရဘူး။”

စစ်ကောင်စီတပ်တွေဟာ မိုးဗြဲမြို့ထဲမှာရော မြို့အပြင်မှာပါ တပ်စွဲထားပြီး၊ လမ်းသွားလာတွေကို စစ်ဆေးတာ၊ မသင်္ကာရင် ဖမ်းဆီးတာတွေ ရှိတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် မြို့ခံတယောက်က ဗွီအိုအေကို ပြောပါတယ်။

“အခြေအနေ မကောင်းဘူး။ ဒီရက်ပိုင်း နှစ်ရက် သုံးရက်ရှိပါပြီ။ ဒီလက်နက်ကြီးပစ် လက်နက်ငယ်ပစ် ဒါဟာ သူတို့ဟာ သူတို့လျှောက်လည်ပြီးတော့။ တဖက်ပစ်သံနဲ့ အဲ့လိုပေါ့နော်။ သူတို့(တိုက်ပွဲလာ)အဲ့ဒါအတိအကျမသိဘူး။ လက်နက်ကြီးကျတော့ ပုံမှန်ပဲ မနေ့ညလည်း တညလုံး လှမ်းထယ်။ နေ့လည်ပိုင်းထုတယ်။ မနက်ပိုင်းလည်း ထုတယ်။ ပြီးမှ အငယ်သံပေါ့နော် သူတို့က မိုးဗြဲမြို့ ပတ်ပတ်လည်လောက်ရှိနေတာကို။ ပြီးမှ ရပ်ကြာထဲဝင်တယ်။ နောက်ဒီလမ်းသွားလမ်းလာ တွေ့တဲ့ လူငယ်တွေကို ဖုန်းတောင်တာ ဖုန်းစစ်တယ်။ ရပ်ကွက်တွေ့တဲ့ လူငယ်တယောက်ကိုလည်း သူတို့ဖုန်းထဲမှာ မသင်္ကာလို့ဆိုပြီး ဖမ်းသွားတာ ၁၀ ရက်ဝန်းကျင်လောက်ရှိပြီးပေါ့။”

မိုးဗြဲမြို့အနီး စစ်ကောင်စီက အင်အားဖြည့်တင်းထားတာကြောင့် စစ်ရေးတင်းမာနေတယ်လို့လည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖက်ကလည်း အဝေးထိန်း ဒရုန်းတွေနဲ့ ကင်းထောက်တာ ရှိတယ်လို့ မိုးဗြဲပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တယောက်က ဗွီအိုအေကို ပြောပါတယ်။

“မိုးဗြဲမြို့ပေါ်မှာတော့ စစ်ကောင်စီကတော့ တော်တော်များများ သူတို့နေရာယူထားတယ်ပေါ့နော်။ သူတို့ရဲ့ မိသားစု သူတို့ခေါ်လာတယ်။ ကျနော်တို့ ဒီမြို့ထဲလည်း ဝင်လို့မရသေးဘူး။ ဒီမြို့ဘေးမှာလည်း သူတို့က ကျနော်တို့ ရှိတဲ့နေရာပေါ့နော်။ ကျနော်တို့ရှိတဲ့နေရာနဲ့ သူတို့ လူအင်အားဖြည့်ထားတာရှိတာပေ့ါနော်။ တော်တော်များများတော့ သူတို့အင်အားဖြည့်တယ်ဆိုတာ ဟို…နယ်စပ်ကိုလည်း ဟိုဖက် ၁၄ တို့ဖက် အဲ့ဖက် သူတို့ပိုပို့တယ်။ ကရင်နီဖက်ပေါ့နော်။ စစ်အင်အားဖြည့်တာ ပိုများတယ်။ ကျနော်တို့ကတော့ မြို့ အပေါ်ကနေ ဒရုန်းနဲ့ သူတို့ကို သွားရှာတာ ရှာတော့ သူတို့က လက်နက်ကြီးနဲ့ ပစ်လာတယ် အဲ့လိုပေါ့။”

ပြီးခဲ့တဲ့ ဇူလိုင်လက မိုးဗြဲတိုက်ပွဲ ပြင်းထန် ဖြစ်ပွားပြီးနောက် စစ်ကောင်စီဖက်က သူတို့တပ်စွဲအထိုင်ချတဲ့ ပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းထောင်ထားသလို သူတို့ရှိတဲ့ဒေသတဝိုက်မှာ အနီရောင် နယ်မြေသတ်မှတ်ပြီး ပစ်ခတ်ဖမ်းဆီးမှုတွေကြောင့် ဒေသခံတွေ သေဆုံးတာ ရှိတယ်လို့လည်း ပြောပါတယ်။

ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုဖို့ ခက်ခဲသလို၊ စစ်ကောင်စီကလည်း မိုးဗြဲစစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။ ဖယ်ခုံအရှေ့ခြမ်းမှာလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး လူနေအိမ်တွေအနီး ကျရောက်ပေါက်ကွဲတာ ရှိတယ်လို့ ဆီးမီးလော့ရွာခံတဦးက ပြောပါတယ်။

“အခုတောင်မှ လက်နက်ကြီး လှမ်းပစ်နေကြတာပဲ။ အဲ့မှာ လက်နက်ကြီး ရွာအလယ်ကို ဆီးမီးလော့ရွာအလယ်ကို ခဏခဏပဲ သုံး၊ လေးရက် တခေါက်ခေါက် ပုံမှန်ပစ်တာ လက်နက်ကြီးက သူတို့က ပြည်သူရှိတဲ့ ဖက်ကို ပစ်လာတာ။ လေယာဉ်က ပုံမှန်ဝဲတယ် ဒါပေမယ့် ကြဲတာတော့ မကြဲဘူး။ အနောက်ဖက်တော့ ကြဲတယ်၊ လအိ၊ ဘန်ကောက်ဖက် ဗုံးခဏခဏလာကြဲတယ်၊ နောက်ပြီးတော့ ဆောင်ဖွေဘက်လည်း ခဏခဏလာကြဲတယ်။”

လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် မြန်မာနိုင်ငံမှာ စစ်ကောင်စီက အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Türk ကလည်း ဒီသီတင်းပတ်ထဲမှာပဲ လူ့အခွင့်ရေးကောင်စီကို တင်ပြထားတာပါ။ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် သေဆုံးသူ ခန့်မှန်းခြေ ၄၁၀၀ ကျော် ရှိတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG