သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲဆက်လက်ဖြစ်ပွား


စစ်ကောင်စီကို တော်လှန်နေသည့် ကရင်နီပြည် ခေါ် ကယားပြည်နယ်မှ PDF တပ်သားများ (Courtesy: KNDF)
စစ်ကောင်စီကို တော်လှန်နေသည့် ကရင်နီပြည် ခေါ် ကယားပြည်နယ်မှ PDF တပ်သားများ (Courtesy: KNDF)

ရှမ်း-ကယားဒေသက မိုးဗြဲနဲ့ ဖရူဆိုမြို့နယ် တွေမှာ နေ့စဉ်ဆိုသလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မိုးဗြဲမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့တဲ့ တနင်္လာနေ့ကစပြီး အခုချိန်ထိ ပစ်ခတ်သံကြားနေရသလို ဖရူဆိုမြို့နယ်မှာတော့ ထားလဲကျေးရွာတဝိုက်မှာ ပစ်ခတ်မှုတွေ ရှိနေတဲ့ အကြောင်း သတင်းပေးပို့ထားတာကို အလိမ္မာ ကပြောပြပေးမှာပါ။

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲက စစ်ယာဉ်တန်းတွေနဲ့ ဝင်ရောက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးတပ်တွေကြား ခုချိန်ထိ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဖရူဆိုက ထားလဲကျေးရွာတဝိုက်မှာတော့ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့အထိ နှစ်ရက် ဆက်တိုက် ပစ်ခတ်သံတွေ ကြားနေရပြီး ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၄) တန်းမြင့် စစ်လေ့ကျင့်ရေး ကျောင်းကနေ မနေ့ကစပြီး လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်လာတာလို့ ဒေသခံ စစ်ရှောင်တဦးက VOA ကို ပြောပါတယ်။

“မနေ့က အခြေအနေက ထားလဲဘက်မှာလို့၊ မနေ့ကရယ် နောက် ဟို…ရှေ့တရက်တော့ အဲ့ဘက်မှာ (ပစ်ခတ်မှုရှိတယ်)။ မနေ့က သူတို့(စစ်ကောင်စီ) လက်နက်ကြီးတွေ ကူတယ်။ တော်တော်ပစ်တယ်။ အထိအခိုက်တော့ မသိရဘူး။ လက်နက်ကြီးအသံတော့ တော်တော်ထုတယ်ဆိုတော့ အမှတ်(၁၄) တန်းမြင့်ကနေ သူတို့ ပစ်ကူပေးတယ်ဆိုတော့ (စစ်ကောင်စီ)က သူတို့ နည်းနည်းထိခိုက်မှုရှိမယ်လို့ ကျနော်တို့ ခန့်မှန်းမိတယ်လေ။ ထားလဲမှာ သူတို့ခြေကုတ်ယူထားတော့ သူတို့ဒီထောက်ပို့ကားတွေပေါ့၊ မထွက်မချင်း သူတို့အဲ့မှာပဲ ခြေကုတ်ယူမယ်ထင်တယ်။ အဲ့လိုဖြစ်တဲ့အတွက် တောက်လျှောက်ရှိအုံးမှာပဲ တိုက်ပွဲကတော့။”

စစ်ကောင်စီရဲ့ အမှတ်(၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှာ စစ်ထောက်ပို့ယာဉ်တန်း အစီး ၆၀ ထက်မနည်း ရောက်ရှိနေတာ ဖြစ်ပြီး တခြားမြို့နယ်တွေဆီ မသွားလာနိုင်သေးပါဘူး။ ဖရူဆိုမြို့နယ် ထားလဲကျေးရွာကနေ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲအထိ လမ်းကြောင်း ပေါက်တာကြောင့် ဒီလမ်းပိုင်းကို အသုံးပြုပြီး ထောက်ပို့နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဖရူဆိုမြို့နယ် ထားလဲကျေးရွာကနေ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအထိ တောက်လျှောက် စစ်ကောင်စီတပ်တွေရှိနေတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာပါ။ ဒါကြောင့် ရွာသူရွာသားတွေဟာ ကိုယ့်နေအိမ်ကိုယ် မပြန်ရဲကြဘဲ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ ခိုလှုံနေကြရတာ ဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံ နီးလာရင် ဘေးလွတ်ရာကို ပြေးလွှားပုန်းခို နေရတယ်လို့ စစ်ရှောင်က ပြောပါတယ်။

“လက်နက်ကြီးသံကြားလို့ရှိရင် နည်းနည်းနားစွင့်ပြီးမှ ဘယ်ဘက်မှာ ပစ်နေလဲ၊ ဘယ်ဘက်ကျလဲ အဲ့လိုမျိုးပေါ့။ တကယ်လို့ နည်းနည်းဝေးတယ်ဆိုလို့ရှင်ရင် လုပ်စရာရှိတာဆက်လုပ်ရတာပေါ့။ ဒါပေမယ့် ကိုယ့်အနားမှာ လာကျတယ်ဆိုလို့ရှိရင် ပုန်းရတယ်ပေါ့နော် အဲ့လိုမျိုး။ အခုက သူတို့ လူတွေက ဒီ ထားလဲကနေ ဟို…ဘောလခဲထိ တောက်လျှောက် သူတို့လူတွေ ချထားတာရှိတယ်။ အဲ့ဖက် ထားလဲကနေ နန်းဖဲ ထိ တကျော ဘယ်လိုမှ(ဒေသခံတွေ)ပြန်ဝင်လို့မရတော့ဘူး။”

လတ်တလော ဖရူဆိုတဝိုက် ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ အဲ့ဒီနယ်မြေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ကို ဒီကနေ့ဆက်သွယ်လို့ မရခဲ့ပေမဲ့ သောကြာနေ့ကတော့ မြေပြင် ဆက်သွယ်ရေး အခက်အခဲကြောင့် စစ်ရေးသတင်းအသေးအစိတ် မသိရသေးဘူးလို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ဗွီအိုအေကို ပြောကြားထားတာပါ။

“ဖရူဆို ဘောလခဲ လမ်းမတလျှောက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်ပေါ့နော်။ အထူးသဖြင့် ဒီနန်းဖဲ ကျေးရွာဝန်းကျင်မှာလည်း မနေ့ကပေါ့နော် စစ်ကောင်စီက တပ်တွေနဲ့ ကျနော်တို့ တော်လှန်ရေးတပ်ဖွ့ဲနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သေးတယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့ အခုလောလောဆယ်အထိကတော့ ဒီ ဆက်သွယ်ရေးအခြေအနေ အခက်အခဲအမျိုးမျိုးကြောင့် ကျနော်တို့ စစ်ရေးသတင်းအချက်အလက်တွေ အသေးစိတ် ကျနော်တို့ မသိရသေးပါဘူး။”

အောက်တိုဘာလ ပထမအပတ်ထဲမှာ ဖရူဆို-ဘောလခဲ လမ်းမတလျှာက် ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက် တနင်္လာနေ့တုန်းကတော့၊ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ အကြား တနေ့ကုန်နီးပါး တိုက်ပွဲပြင်းထန် ခဲ့တယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ နောက်ရက်တွေမှာ တိုက်ပွဲမပြင်းထန်နေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မကြာမကြာ ပစ်ခတ်တိုက်ခိုက်နေတဲ့ အကြောင်း ခုလို ပြောပါတယ်။

“ ၉ ရက်နေ့တုန်းက တော်တော်ဖြစ်တယ်။ ပြင်းထန်တယ်။ မနက် ၆နာရီကတည်းကဖြစ်တာ အဲ့ဒါ တော်တော် တိုက်ပွဲပြင်းထန်တယ်။ ၈နာရီ ၉ နာရီ အထိဖြစ်တယ် အဲ့မှာ။ ပြီးမှ တိုက်ပွဲ ငြိမ်တော့ လက်နက်ကြီးတွေ လှမ်းထုတာပေါ့၊ မြို့ထဲကို အဲ့လို။ နောက် ကျန်တဲ့ ရက်တော့ ဒီတိုင်းပဲ လက်နက်ကြီးလှမ်းထုတာတွေ၊ မနေ့ နေ့ခင်းတော့ လက်နက်ကြီး ထုတယ်၊ နောက် ညအိပ်တဲ့ အချိန်က သူတို့ သေနတ်ဖောက်တာတွေ အဲ့လိုလောက်ပဲ ထင်တယ်၊ သေနတ်ပစ်သံကြားတယ် ဒါပေမယ့် နှစ်ဖက် ပစ်တာတော့ မဟုတ်ဘူး။”

တနင်္လာနေ့တုန်းက စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စည်းကား(၁)ရပ်ကွက်နဲ့ စည်းကား(၂) ရပ်ကွက်ကြားမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၇၄ အရွယ် အဖွားတဦး၊ အသက် ၃၀ အရွယ်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။ မိုးဗြဲမြို့ပေါ်မှာ ပြန်ပြီးတိမ်းရှောင်နေကြတဲ့ မြို့ခံတွေဟာ စစ်ရေးအခြေအနေ ခုထက် တင်းမာလာရင်တော့ ချက်ချင်းဆိုသလို တိမ်းရှောင်နိုင်ဖို့ အရေးပေါ်ပစ္စည်းတွေ အဆင့်သင့်ပြင်ထားရတယ် လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG