သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ကရင်နီဒေသ လက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေးတင်းမာ


ကယားပြည်နယ် ဒီးမော့ဆိုအနီး စစ်ဆေးရေးဂိတ်တခုမှာတွေ့ရတဲ့ ကရင်နီကာကွယ်ရေး KNDF တပ်ဖွဲ့ဝင်များ (အောက်တိုဘာ ၁၉၊ ၂၀၂၁)
ကယားပြည်နယ် ဒီးမော့ဆိုအနီး စစ်ဆေးရေးဂိတ်တခုမှာတွေ့ရတဲ့ ကရင်နီကာကွယ်ရေး KNDF တပ်ဖွဲ့ဝင်များ (အောက်တိုဘာ ၁၉၊ ၂၀၂၁)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေ ချိန်မှာပဲ အာဏာသိမ်းစစ်တပ်ကို တော်လှန်ဆန့်ကျင်နေတဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေကလည်း ဒေသတွင်း တိုက်ပွဲတွေဆင်နွှဲဖို့ ပြင်နေကြပါတယ်။ ဖရူဆို တောင်ပိုင်းမှာ စစ်ကောင်စီကတပ်တွေ အင်အားတိုးချထားပြီး အသင့်အနေထား ပြင်ထားချိန်မှာပဲ တိုက်ပွဲမဖြစ်ပွါးတာ ကြာပြီဖြစ်တဲ့ ဖရူဆိုမြို့နယ် မြောက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွါးလာနေပါတယ်။ ကယားပြည်နယ် ဒေသအခေါ် ကရင်ပြည်နယ်တွင်းက စစ်ရေးအခြေအနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြသွားမှာပါ။

စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တာ ကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရှမ်းပြည်မြောက်ပိုင်း ဒေသမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ စစ်ဆင်ရေး စတင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ စစ်ဒဏ်ခံနေရတဲ့ ဒီဒေသထဲမှာ စစ်ကောင်စီတပ်တွေက စစ်အင်အားတိုးချထားပြီး တပ်ဖြန့်ထားသလို ဒေသတွင်းလက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တွေကလည်း အင်အားပြန်စုနေတာတွေ့ရပြီး နေရာအတော်များများမှာ နှစ်ဖက်အဖွဲ့တွေက အသင့်အနေအထားမှာ ရှိလာခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု-KRU အဖွဲ့က လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ အဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပြီး အခု ကရင်နီပြည်နယ်ထဲမှာ တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစု အားလုံး တိုက်ပွဲအရှိန်မြင့်တင်ကြဖို့ ညှိုနှိုင်း နေပြီလို့ လွိုင်ကော်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တဦးက VOA ကို ပြောပါတယ်။

“မြေပြင်တိုက်ပွဲဝင်နေတဲ့ ဒီမှာ တော်လှန်ရေးအဖွဲ့တွေကတော့ အားလုံးသေချာ ညိုှနှုန်းတိုင်ပင်နေကြပါတယ်။ ဒီစစ်ရေးပုံဖော်မယ်ဆိုလည်း အားလုံးပေါ့နော်၊ အခုလောလော ငြိမ်နေတယ်ဆို ပေမယ့်လည်း ငြိမ်တာတော့ မငြိမ်ပါဘူးပေါ့နော် ကိုယ့်အလုပ်ကိုတော့ လုပ်နေကြတာပေါ့၊ အားလုံး ဒါပေမယ့် အချိန်တခုပဲ စောင့်နေကြတယ်ပေါ့ဟုတ်။”

လွိုင်ကော်မှာ အခု မြို့တွင်းမှာရော မြို့ အပြင်ဘက်တွေမှာပါ စစ်ဆေးရေးတွေ တင်းကြပ်လာသလို ပြီးခဲ့တဲ့ရက်ပိုင်းက လွိုင်ကော်မြို့နဲ့ မလှမ်းမကမ်းမှာ နှစ်ဘက်ပစ်ခတ်သံတွေက ကြားနေရတယ်လို့ လွိုင်ကော်မှာ လာရောက် ခိုလှုံနေတဲ့ ဒီးမော့ဆို စစ်ရှောင်တဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်မြောက်ပိုင်းဖက် ဖရူဆို- ဒီးမော့ဆိုကြားက ထီးပေါ်ဆိုကျေးရွာအုပ်စုဘက်မှာတော့ တိုက်ပွဲဖြစ်ပွားနေတာပါ။ ဖရူဆိုဒေသခံတဦးကတော့ တိုက်ပွဲတွေဟာ ခုရက်ပိုင်းအတွင်းမှာ ပြန်ပြီး ဖြစ်ပွါးလာတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကြာသောပတေနေ့က တစ်ခေါက်ရယ် နောက် စနေနေ့ ညနေ တစ်ခေါက်၊ နောက် တနင်္ဂနွေ မနက်ပေါ့ မနက်အစောကြီး ၂နာရီခွဲ ၃နာရီမှာ တစ်ခေါက် ထီးပေါ်ဆိုဖက်မှာပေါ့နော်၊ ထီးပေါ်ဆိုနဲ့ ငွေတောင်ရွာသစ်ကြားဖက်ပေါ့ (တိုက်ပွဲဖြစ်တယ်)။ စကစတွေက လွိုင်ကော်ဖက် ပြန်တက်ဖို့ ထင်တယ်၊ သူတို့ အဲ့ဖက်ပြန်တက်လာတော့ ထိတွေ့တိုက်ပွဲ ၂ကြိမ် ၃ကြိမ်လောက် ဖြစ်တာပေ့ါနော်။”

ဖရူဆို-ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးတွေကို စစ်ကောင်စီက စိုးမိုးနိုင်ဖို့ တပ်အင်အား ဖြန့်ချ ထားသလို ဖရူဆိုမြို့နယ်ကနေ တောင်ဖက်ပိုင်းကို ဆင်းတဲ့ ဖရူဆို-ဘောလခဲလမ်းမကြီး တလျှောက်နဲ့ ထားလဲကျေးရွာဖက်မှာလည်း စစ်ကောင်စီက အင်အားအပြည့်နဲ့ နေရာယူထား တာပါ။ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွါး ခဲတဲ့ ထားလဲကျေးရွာမှာ လက်ရှိ နှစ်ဖက် ထိတွေ့တိုက်ခိုက်မှု မရှိပေမယ့် ဒီနေ့ မနက်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရဆဲပဲလို့ ဖရူဆိုဒေသခံက ဆိုပါတယ်။

“ထားလဲဖက်က ငြိမ်တယ်ဆိုပေမယ့်လည်း စကစရှိသေးတယ်ဆိုတော့ ရွာတွေတော့ အခုထိ ပြန်လို့မရသေးဘူးပေါ့။ အောက်နိုဝင် ၄ ရက်နေ့ ညနေစ အခုထိပေါ့၊ ရက်တိုင်း(လက်နက်ကြီး) ထုတယ်၊ ဒါပေမယ့် အချိန်က ပြောလို့မရဘူး တခါကျ ညသန်းခေါင်းမှာထုတယ်၊ မနေ့ည ဆိုလို့ရှိရင်လည်း ညနေပိုင်းမှာ ထုတယ်၊ ဒီရက်ဆို မနက်အစောပိုင်းလည်း ထုတယ်။”

ကယားပြည်နယ် ဖရူဆိုမြို့နယ်ရဲ့ တောင်ပိုင်း ဘောလခဲကနေ ထိုင်းနိုင်ငံဖက်သွားတဲ့ ဖားဆောင်း၊ မယ်စဲ့ အထိ လမ်းကြောင်းပေါက်တဲ့ လမ်းမကြီးတလျှောက်လုံးမှာ စစ်တပ်တွေ တပ်စွဲထားပြီး အင်အားအပြည့်နဲ့ အသင့်အနေအထားမှာ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအချိန်က စပါးရိတ်သိမ်းချိန်ဖြစ်တာမို့ တော်လှန်ရေးတပ်အင်အားတွေကတော့ သိပ်ပြီး တိုက်ပွဲ ဖေါ်ဆောင် လိုစိတ်မရှိကြဘူးလို့လည်း ဒေသခံတဦးက ပြောပါတယ်။

“ဒီဖက်မှာလည်း တခုတော့ ရှိတယ်ပေါ့။ အခုက ရိတ်သိမ်းတဲ့ချိန်ရောက်တော့ ဒီတော်လှန်ရေး အဖွဲ့က တိုက်ပွဲလည်း သူတို့ သိပ်မဖော်ချင်ဘူး အဲ့လိုမျိုးသဘောမှာလည်း တွေ့ရတယ်။ စစ်ကောင်စီကတော့ သူလှုပ်ရှားလို့ရှိရင် ဖြစ်မယ်၊ တကယ်လို့ သူတို့မလှုပ်ရှားဘူးဆိုရင် ပြင်းထန်တိုက်ပွဲတော့ ဖြစ်ဖို့ လောလောဆယ်တော့ မရှိနိုင်ဘူးပေါ့နော်။ စစ်ကောင်စီက ထိုးလာမယ်ဆိုရင်တော့ တိုက်ပွဲပြင်းထန်လာမယ့်သဘောတော့ ရှိတာပေါ့။”

စစ်တပ်က တပ်စခန်းချထားတဲ့နေရာအတော်များများ တပ်အင်းအာ ရှိနေဆဲဖြစ်တာမို့ စစ်တပ်ဘက်က ထိုးစစ်ဆင်လာရင် တိုက်ပွဲပြန်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြတာပါ။ လတ်တေလော ကရင်နီဘက်က စစ်ရေးသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမျိုး မရှိသေးသလို ကယားပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ခုထိ ပြန်လည် မဖြေကြားသေးပါဘူး။

XS
SM
MD
LG