သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလခဲဒေသ စစ်ကောင်စီထိုးစစ်ဆင်


ယခင်မှတ်တမ်းရုပ်ပုံ | လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ (မေ ၁၇၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ (မေ ၁၇၊ ၂၀၂၃)

သြဂုတ်လဆန်းကစပြီး ကယားပြည်နယ် ဒေသအခေါ်ကရင်နီဒေသမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ အခု ဖရူဆို ကနေ အရှေ့တောင်ဘက် ဘောလခဲဘက်ကို ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် ဖရူဆို- ဘောလခဲ ကြားမှာရှိတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်း လူဦးရေ ထောင်ပေါင်းများစွာ နေအိမ်တွေ မပြန်ရဲပဲ ရှောင်ပုန်းထွက်ပြေးနေရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မမြသဇင်အောင်က တင်ပြမှာပါ။

ကရင်နီဒေသမှာ အခုဆိုရင် စစ်ကောင်စီ စစ်ကြောင်းတွေ လှုပ်ရှားနေတာဖြစ်ပြီး ညဘက်တွေမှာ ထွက်လေ့ရှိတဲ့ စစ်ကောင်စီယဉ်တန်းတွေကနေ လမ်းတလျှောက် လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိ တောက်လျှောက်ပစ်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်စိုးရိမ်နေကြပြီး တောတောင်ကြားမှာ သွားရောက်ပုန်းခို အိပ်စက် နေကြရတာပါ။ လက်ရှိ ဖရူဆိုမြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီရဲ့ စစ်ယာဉ်တွေက ဘောလခဲဘက်ကို စစ်ကြောင်းချီတက်နေပြီး ဖရူဆိုနဲ့ ဘောလခဲကြား တောက်လျှောက်က ကျေးရွာပေါင်း ၁၀ ရွာ ထက်မနည်း ဒေသခံထောင်ပေါင်းများစွာ ဒုက္ခရောက်နေကြတယ်လို့ စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိ စစ်ကောင်စီက သူ့ယာဉ်တန်က ဒီဖရူဆို ၁၄ ကနေ ဘောလခဲကို ထွက်ဖို့က ကျနော်တို့ လမ်းမှာ သူတို့အဟန့်အတားလုပ်တော့ ခုနပြောတဲ့ ဒီတခိုအုပ်စုက ရွာတွေက ဥပမာ ပလဲလယ်၊ ပီသဟာရီ၊ ပြီးတော့ ကရင်လို၊ ပြီးတော့ ဒေါသဲခို၊ ပြီးတော့ စလဲလုံး လိုဆိုရင် အကုန်လုံးရှောင်ရတာပေါ့။ တချို့ကတော့ နေ့ခင်းဆိုရင် ရွာကို ပြန်လာတယ်။ ညကျတော့ စစ်ရှောင် နည်းနည်းချောင်းရှိတဲ့ တောင်ကြာထဲမှာ သွားပြီးတော့ အိပ်ရတယ်ပေါ့။ (စစ်ကောင်စီယာဉ်)ကားက ညမိုးချုပ်မှသွားတယ်ဆိုတော့ အဲ့ည ၇နာရီ ၈နာရီဆို သူတို့ ပတ်ပတ်လည် လှည့်ပစ်ထုတယ်လေ၊ လှည့်ပတ်ထုတော့ ဒီကလူ လာမပစ်နိုင်အောင် အဲ့လိုမျိုးပတ်ထုပြီးတော့ ရွာဘေးနား ဘေးနားတွေလည်း ပတ်ထုတယ်လေ၊ ပြီးတော့သူတို့ကားတွေဆက်တက်သွားမယ် ဘောလခဲကိုပေါ့။”

စစ်ရှောင်က ပြောဆိုသွားတဲ့ ၁၄ ဆိုတာ ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းကို ပြောတာပါ။ စစ်ကောင်စီတပ်တွေ အမှတ်(၁၄) တန်းမြင့်လေ့ကျင်းရေး ကျောင်းကနေ ဘောလခဲ မတ်စလောင်း တောင်အထိ မိန်းလမ်းမကြီးမှာ တပ်အင်အား တိုးချဲ့ချထား တာကြောင့် နန်းဖဲကျေးရွာ စလဲလုံးကျေးရွာ ထားလဲကျေးရွာတွေက လုံးလုံးမပြန်နိုင်ဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ ဝေးတဲ့နေရာတွေ နေ့ခင်းဘက် အိမ်ကို တချက်ချက်ပြန်လာကြည့် တချို့က တောင်ယာအလုပ်တွေ ပြေးလုပ်ကြပြီး ညပိုင်း တောထဲမှာ ပြန်ပုန်းနေရတယ်လို့ ပြောပါတယ်။

ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့တည်နေရာ
ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့တည်နေရာ

ယခုသြဂုတ်လဆန်ပိုင်းကတည်းက ဖရူဆိုဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ယာဉ်တန်း အစီး ၆၀ ထက်မနည်း အဲ့ဒီ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင်းရေးကျောင်းမှာ ရောက်ရှိနေတာပါ။ အဲ့ဒီကနေ ဘောလခဲ ဖားဆောင်း၊ မယ်စဲဖက်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာကြောင့် ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကြိုကြားကြိုကြား ခုချိန်ထိ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် လေကြောင်းပါ အသုံးပြုပြီး ဒေသခံတွေနေတဲ့ ကျေးရွာကို တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က နန်းခွီးခိုကျေးရွာမှာ စစ်လေယာဉ် ၃စင်း လာပြီး ဗုံးကျဲတိုက်ခိုက်လို့ ရွာခံ ၆ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း စစ်ရှောင်က ခုလို ပြောပါတယ်။

“(ဒေသခံတွေ)လုံခြုံတော့ ဘယ်လုံခြုံမလဲ တခါကျရင် သူက လေယာဉ်နဲ့လည်း ပတ်ကျဲတာကိုး။ ဒီ နန်းခွီးခိုမှာ ပတ်ကျဲတဲ့နေ့ကတော့ ဒီဒေသခံ ၄၊ ၅ ၊ ၆ယောက် လောက်ထိတယ် ပြောတာပဲ။ ကျနော်လည်း အဲ့ရွာဘေးနားမှာ ရှိတယ် ဒါပေမယ့် လေယာဉ်က ၃စီးလာတော့ ပတ်ကျဲတော့ ကိုယ်ကလည်း သတင်းယူလို့မရတော့ဘူးလေ၊ ကိုယ်ထွက်ပြေး သူထွက်ပြေး အဲ့လိုမျိုးပေါ့၊ ဒါပေမယ့် ကျနော ်သတင်းရတာ ကတော့ ၆ယောက် ၇ယောက်တော့ ပြည်သူထိတာပေါ့၊ အသက်ဆုံးရှုံးတဲ့အထိတော့ မရှိပါဘူး”

အခုရက်ပိုင်း ကရင်နီဒေသနဲ့ တခြားနယ်စပ်မြို့နယ်တွေမှာ စစ်ကောင်စီကအင်အားပိုမိုတိုးချထားပြီး စစ်ကြောင်းလှုပ်ရှားနေတယ်လို့ ဒေသတွင်း အခြေနေကို လေ့လာစောင့်ကြည့်နေတဲ့ ကရင်နီလူ့အခွင့်အရေး ကွန်ယက် တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“စစ်ကောင်စီတွေက ပိုပြီးတော့မှ လူအင်အားတွေ ထပ်တိုးတယ်။ဖယ်ခုံဖက်ကိုလည်း အင်အားတွေထပ်ဖြည့်ထားတယ်။ နောက်ပြီးတော့မှ ဟို...ယာဒိုပေါ့နော် နေပြည်တော်နဲ့ နီးတဲ့ ဟိုဖက်ခြမ်းပေါ့ ယာဒိုမှာလည်း စစ်အင်အားထပ်ဖြည့်ထားတာရှိတယ်။ အခုတချို့ ဒီလွိုင်ကော် ဒီးမော့ဆိုကနေ ဖရူဆို၊ ဖရူဆိုကနေ ဘောလခဲဘက်ကို သွားနေတာ အရင်အတိုင်းပဲပေါ့နော်၊ တိုက်ပွဲက ရက်တိုင်းဖြစ်တယ်။ လေယာဉ်နဲ့ ဗုံးကျဲတာတွေ လက်နက်ကြီးပစ်တာကတော့ ရက်တိုင်းရှိတယ်ပေါ့နော်။´´

လတ်တလော ဖရူဆို-ဘောလခဲဘက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ အဲ့ဒီဒေသမှာ လှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တဦးကတော့ စစ်ရေးအရ အဓိကကျတဲ့ နေရာတွေ ကို စစ်ကောင်စီက နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတာကြောင့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မကြာမကြာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မကြာသေးခင်က ဗွီအိုအေကို ပြောထားပါတယ်။

ဘောလခဲဒေသ စစ်ကောင်စီထိုးစစ်ဆင်
please wait

No media source currently available

0:00 0:03:50 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG