သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှုများ အရပ်ဘက်အဖွဲ့အစည်းတွေ မှတ်တမ်းပြုစု


တောတောင်တွေထဲက ချင်းစစ်ဘေးရှောင်ဒုက္ခသည်များ (ယခင်မှတ်တမ်းဓာတ်ပုံ)
တောတောင်တွေထဲက ချင်းစစ်ဘေးရှောင်ဒုက္ခသည်များ (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း မြန်မာနိုင်ငံတလွှား ဖမ်းဆီးနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး အချိုးဖောက်ခံနေရတာတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက စာရင်းပြုစု၊ မှတ်တမ်းတင်နေကြသလို ဒီလို ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူ ဒဏ်ခတ်ကြဖို့လည်း တိုက်တွန်းနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ချင်းလူမျိုးတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှုမျိုးစုံကြောင့် အာဏာသိမ်းကာလ ၂ နှစ်နဲ့ ၈ လအတွင်း သေဆုံးသူဟာ ၅၂၈ ဦးအထိ ရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ICA က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက ၂၁၇ ဦးဟာ အရပ်သားပြည်သူတွေ ဖြစ်ပြီး ချင်းအမျိုးသား ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၃၁၁ ဦးလည်း ပါဝင်ပါတယ်။ အခုလို အာဏာသိမ်းကာလမှာ ချင်းလူမျိုးတွေအပေါ် စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားပြီး အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ နိုင်ငံတကာအဖွဲ့တွေဆီ ပေးပို့ထားတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးဆန်က ပြောပါတယ်။

"၂ နှစ်ကျော်၊ ၃ နှစ်နီးပါး ကာလအတွင်းမှာ ကျနော်တို့ ချင်းလူမျိုးက ၅၀၀ ကျော်အထိ သေဆုံးခဲ့ပြီ။ ဒီအပေါ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက လက်ပိုက်ကြည့်နေရမယ့် အချိန်မဟုတ်တော့ဘဲ အမှန်တကယ် ထိရောက်တဲ့ အရေးယူမှုတွေ၊ လုပ်ဆောင်မှုတွေ၊ Statement ထုတ်နေရုံ၊ စိုးရိမ်ပေးနေရုံမဟုတ်တော့ဘဲနဲ့ အမှန်တကယ် ထိရောက်တဲ့ အရေးယူမှုတွေလုပ်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို လှုံ့ဆော်ချင်ပါတယ် ခင်ဗျ။"

ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း၊ လက်နက်ကြီးဒဏ်နဲ့ ဖမ်းဆီးနှိပ်စက်တာတွေကြောင့် ချင်းလူမျိုး အမျိုးသမီး ၃၈ ဦးနဲ့ အမျိုးသား ၁၇၉ ဦး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ စာရင်းထဲမှာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ ၁၈ နှစ်အောက် ကလေးငယ် ၂၄ ဦးလည်း ပါဝင်တယ်လို့ ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ဖြစ်စဉ်ဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့အထိဆို ဖြစ်စဉ်ပေါင်း ၂၂ ခုထက်မနည်း ရှိထားတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က ထုတ်ပြန်ထားပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တခုစီမှာ အနည်းဆုံး အရပ်သား ၁၀ ဦးအထက် ရှိတယ်လို့ ပြောပါတယ်။ ကချင်၊ ကယား၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူးနဲ့ မကွေးတိုင်းမှာ အရပ်သား ၅၀၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့တာပါ။

စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကြားက ထိတွေ့တိုက်ပွဲတွေ၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူအများဆုံး ရှိနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာလည်း အရပ်သားပြည်သူ အစုလိုက်သတ်ခံရတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဖရူဆိုမြို့နယ်၊ မိုဆိုရွာဆီ စစ်ဘေးရှောင်လာတဲ့ အရပ်သားပြည်သူ ၃၅ ဦးကို တစုတည်း သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းတွေကို မီးရှို့ခဲ့တာပါ။ အဲဒီဖြစ်စဉ်အတွင်း သေဆုံးသူထဲမှာ Save The Children က ဝန်ထမ်း ၂ ဦးလည်း ပါဝင်ပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်နိုင်မယ့်နေရာဆီ ထွက်ပြေးခိုလှုံနေကြရတာ ဖြစ်ပြီး နေထိုင်ရေး၊ စားနပ်ရိက္ခာနဲ့ တခြား အခြေခံလိုအပ်ချက်တွေ ရှိနေပေမယ့် စစ်ကောင်စီက လမ်းတွေကိုပိတ်ဆို့ပြီး အကူညီတွေမပေး နိုင်အောင် တားဆီးမှုတွေရှိနေတာပါ။ ဒီလို စစ်ရှောင် ထွက်ပြေးနေရသူဟာ ကရင်နီပြည်နယ်ထဲမှာ သောင်းနဲ့ချီ ရှိနေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်တာဝန်ခံက ပြောပါတယ်။

" ကျနော်တို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်စခန်းက အားလုံးပေါင်း ၅၀ ကျော်ရှိတယ်။ လူဦးရေက သောင်းနဲ့ချီ ရှိတယ်ပေါ့နော်။ ဘယ်အလှူရှင်မှ၊ ဘယ်အဖွဲ့အစည်းမှ လူဦးရေ သောင်းဂဏန်းအလိုက်ကို အကုန်လုံး ကူညီပံ့ပိုးပေးဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။"

မြန်မာပြည်အောက်ပိုင်း၊ တနင်္သာရီတိုင်းထဲမှာလည်း စစ်ကောင်စီနဲ့ ဒေသတွင်းအဖွဲ့တွေဟာ ကုန်းလမ်းနဲ့ ရေကြောင်းမှာ ထိတွေတိုက်ပွဲတွေ ရှိနေပါတယ်။ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲ ဖြစ်တာ၊ အရပ်သားပြည်သူ ဖမ်းဆီးခံရတာနဲ့ သတ်ဖြတ်မှုဖြစ်စဉ်တွေ ရှိနေပေမယ့်လည်း အဆက်အသွယ် ခက်ခဲတာကြောင့် ဒီအကြောင်းတွေကို လူသိပ်မသိကြဘူးလို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ပင်လယ်ထဲမှာ ထိတွေ့မှုဖြစ်ရင် ကမ်းရိုးတန်း ရွာလေးတွေဆိုတော့ ပြေးကြတာရှိတယ်။ ထိတွေ့မှုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပင်လယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ သူတို့ရေတပ်သင်္ဘောနဲ့ ထိတွေ့ပစ်ခတ်တာတော့ ရှိခဲ့တယ်ခင်ဗျ။ တနင်္သာရီတိုင်းက မီဒီယာမှာ ဖော်ပြမှုအားနည်းတယ်။ ပြီးတော့ အာရုံစိုက်မှုလည်း နည်းတယ်။ အထောက်အပံ့ကလည်း လူအာရုံစိုက် မခံရတော့ နည်းတယ်ခင်ဗျ။ အဲလိုဆိုတော့ ကျနော်တို့ဘက်ကိုလည်း အာရုံစိုက်ပေးစေချင်တယ် ခင်ဗျ။"

အခုလ အောက်တိုဘာ ၁ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာကို စစ်ကြောင်းဝင်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားသူ ၃ ဦးထဲက ၁ ဦးရဲ့ ရုပ်အလောင်းကို ထားဝယ်မြစ်ထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ မရှိချိန်မှာလည်း လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတဲ့ အခြေအတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေဟာ သူတို့အိမ်ကို မပြန်ရဲကြတာပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ အောက်တိုဘာ ၁၆ ရက်အထိ အာဏာရှင်တော်လှန်ရေးမှာ ပါဝင်ရင်း သေဆုံးခဲ့ရသူပေါင်း ၄,၁၀၀ ကျော် ရှိထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ မတရားဖမ်းဆီးခံရသူပေါင်းက ၂၅,၀၀၀ ကျော်အထိ ရှိထားပြီး အဲဒီထဲက ၇,၇၀၀ ကျော်ဟာ ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့ စာရင်း ပြုစု ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG