သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ပျက်ပြယ်ကြောင်း လက်မှတ်ထိုးအဖွဲ့ ၃ ဖွဲ့ ထုတ်ပြန်


NCA-S EAO အပစ်ရပ်စဲရေး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ NLD အစိုးရလက်ထက်က သီးသန့်ဆွေးနွေးပွဲ (ယခင်မှတ်တမ်းဓာတ်ပုံ)
NCA-S EAO အပစ်ရပ်စဲရေး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ NLD အစိုးရလက်ထက်က သီးသန့်ဆွေးနွေးပွဲ (ယခင်မှတ်တမ်းဓာတ်ပုံ)

တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၂၀၁၅ ခုနှစ်က လက်မှတ်ထိုးခဲ့ရာမှာ အခုအခါမှာတော့ NCA စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာစစ်တပ်က အာဏာသိမ်းပြီးကတည်းက ပျက်ပြယ်သွားပြီဆိုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနို်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့ အဖွဲ့သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးရာမှာအဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက NCA စာချုပ်ပျက်ပြယ်သွားပြီဖြစ်ကြောင်း တရားဝင်ကတော့ ၂၀၂၃ ခုနှစ်ထဲမှာ ကြေညာထားပြီးဖြစ်ကြောင်း အခုအခါမှာတော့ ၃ ဖွဲ့ပေါင်းပြီး ထုတ်ပြန်ရတာဖြစ်ကြောင်း KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးက အခုလိုပြောပါတယ်။

"ဖေဖေါ်ဝါရီ လ ၁ ရက်နေ့မှာပျက်ပြယ်သွားပါပြီ။ ကျနော်တို့တရားဝင်အောင် အသိပေးတဲ့နေရာမှာတော့၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့မှာ တရားဝင်ပျက်ပြယ်တယ်ဆိုတာ ထုတ်ပြန်ထားပါတယ်။ NCA စာချုပ်ပျက်ပြယ်သွားပြီဖြစ်ကြောင်းကို ကျနော်တို့ KNU အဖွဲ့ကိုပဲအခြေခံပြီး ပြောသွားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒီ statement မှာတော့ကျန်တဲ့အဖွဲ့နှစ်ဖွဲ့ကလည်း အဲဒီလိုမြင်တဲ့အပေါ်မှာ ကျနော်တို့ ပူးပေါင်းထုတ်ပြန်ရတာဖြစ်ပါတယ်။"

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို အကောင်ထည်ဖော်ဖို့ဆိုတာ စစ်တပ်က ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကတည်းက ရပ်တန့်သွာတာဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီကလည်း အခုလိုပြောပါတယ်။

"NCA အကောင်ထည်ဖော်မှုလည်း လုပ်လို့ မရပါဘူး။ ၂၀၂၁ ခုနှစ်စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ NCA အကောင်အထည်ဖော်မှုတွေလည်း အားလုံးရပ်တန့်သွားပါပြီ။ နောက်တခုက NCA က စစ်တပ်တခုတည်းနဲ့ လက်မှတ်ထိုးထားမဟုတ်ပါဘူး။ လွှတ်တော်ပါမယ်။ အစိုးရပါမယ်။ တပ်မတော်ပါမယ်။ တိုင်းရင်းသားအဖွဲ့အစည်းပါမယ်။ နိုင်ငံရေးပါတီတွေရဲ့ရှေ့မှောက် နိုင်ငံတကာက အသိသက်သေတွေရှေ့မှာ ချုပ်ခဲ့တဲ့စာချုပ်ပေါ့နော်၊ နောက်ပြီး ဒီကနေ့ ဖြစ်တည်နေတဲ့အနေအထားအရ ဘာမှဆက်သွားလို့မှမရတဲ့အခြေအနေပေါ့နော်။"

KNU အပါအဝင် အဖွဲ့သုံးဖွဲ့က ဘုံနိုင်ငံရေးရည်မှန်းချက်တွေချမှတ်ရာမှာ စစ်တပ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး နို်ငံရေးမှာ စစ်တပ်ပါဝင်မှုအဆုံးသတ်ဖို့၊ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းပြီး အရပ်သားအစိုးရအုပ်ချုပ်မှုလက်အောက်မှာထားဖို့၊ အားလုံးလက်ခံနိုင်တဲ့ ဖယ်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ ဖွဲ့စည်းပုံအသစ်ကိုရေးဆွဲဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

ဒီထဲမှာအင်အားအကြီးဆုံး ကရင်လက်နက်ကိုင်အဖွဲ့ KNU ဟာ၂၀၁၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့တာပါ။ အခုဆိုရင် ၈ နှစ်နီးပါးကြာတဲ့ကာလအတွင်း နိုင်ငံရေးရည်မှန်းချက်တွေ ရရှိခဲ့ပါသလားလို့ မေးတဲ့အခါမှာ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးကအခုလိုပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ လိုချင်ခဲ့တဲ့ နိုင်ငံရေးရည်မှန်းချက် ဘာတခုမှ မရခဲ့ဘူးဆိုတာ ပြောလို့ရပါတယ်။"

စစ်ကောင်စီအနေနဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်တွေကိုလက်ခံပြီး ပြည်သူတွေကိုအကြမ်းဖက်တာတွေကိုအဆုံးမသတ်ပဲနဲ့ဘယ်ဆွေးနွေးပဲွကိုမှ လက်ခံမှာမဟုတ်ဘူးလို့လည်း အဖွဲ့ သုံးဖွဲ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။ NCA ရဲ့အခြေခံမူတွေထဲမှာ နိင်ငံရေးပြဿနာကို စစ်ရေးနဲ့မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့တွေ ပါဝင်ခဲ့ပေမယ့် စစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ရေးအရဆက်ပြီး တိုက်ခိုက်ခဲ့တာပါ။ အထူးသဖြင့် KNU နယ်မြေတွေမှာတော့ NCA စာချုပ်လက်မှတ်ထိုးပြီးကတည်းက စစ်ရေးတင်းမာနေခဲ့ပါတယ်၊NCA စာချုပ်ကို ၂၀၁၅ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG