သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဆုံးဖြတ်ချက်အရေး NCA အဖွဲ့တချို့ စစ်ကောင်စီနဲ့ဆွေးနွေး 


NCA လတ်မှတ်ထိုးအဖွဲ့တချို့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေး (သြဂုတ် ၃၁၊ ၂၀၂၃)
NCA လတ်မှတ်ထိုးအဖွဲ့တချို့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေး (သြဂုတ် ၃၁၊ ၂၀၂၃)

တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အာမခံတဲ့ ဖွဲ့စည်းပုံ ပုဒ်မတွေ ထည့်သွင်းနိုင်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ ကိစ္စတွေကို ဒီတခေါက် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူတချို့ကတော့ အဖြေမရှိတဲ့ ဟန်ပြဆွေးနွေးပွဲအဖြစ် သုံးသပ်ကြပါတယ်။ မခင်ဖြူထွေး က တင်ပြထားပါတယ်။

စစ်‌ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တွေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ ၃ ရက်ကြာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုမှာ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို အာမခံတဲ့ ဖွဲ့စည်းပုံပုဒ်မတွေ ထည့်သွင်း ပြင်ဆင် ပြဌာန်းနိုင်ဖို့ ဆွေးနွေးခဲ့တဲ့အကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်း က ဗွီအိုအေကို ပြောပါတယ်။

"အဓိကကတော့ ကိုယ့်ဒေသကို ကိုယ် စီမံအုပ်ချုပ်နိုင်တဲ့ အနေအထားတခု ရောက်ဖို့။ တနည်းအားဖြင့် ဖက်ဒရယ် အဝန်းအဝိုင်းထဲမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့အတွက်က အမြဲတမ်း ဆွေးနွေးနေတဲ့အချက် ဖြစ်ပါတယ်။ နိုင်ငံတော်ဘက်က ကျတော့လည်း ၂၀၀၈ ဘက်က ဘယ်လို အချက်တွေကို တိုင်းရင်းသားတွေဘက်က ဘယ်လိုအချက်တွေ ပြင်ဆင်လိုတာလဲ။ ပြင်ဆင်လိုတဲ့ အချက်တွေကို တင်ပြလာတာတွေ ရှိပါတယ်။ နောက်ဇယား ၁ နဲ့ ၂ က အချက်တွေလည်း ပါပါတယ်။ ဒါတွေက ပြည်နယ်တွေ အတွက် အများကြီး ဆိုင်ပါတယ်။ ဒါတွေကို ဆွေးနွေးနေဆဲပါ။ ဘယ်လို ဆုံးဖြတ်ချက်တွေ ရမလဲ ဆိုတာ ကျမတို့ မပြောပါဘူး။"

ဆွေးနွေးမှု အသေးစိတ်ကိုတော့ သူက ထုတ်ဖော် ပြောဆိုဖို့ ငြင်းပါတယ်။ ဆွေးနွေးပွဲ ဒုတိယနေ့မှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေက သူတို့ဒေသတွေအတွင်းမှာ လူသားချင်းစာနာတဲ့ အကူအညီတွေ ရရှိရေး ကိစ္စအပြင် လာမယ့် အောက်တိုဘာ မှာ ၈ နှစ်ပြည့်မဲ့ ငြိမ်းချမ်းရေး ညီလာခံ လုပ်နိုင်ဖို့ ကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့တဲ့အကြောင်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တဖွဲ့ချင်း သီးခြားစီတွေ့ဆုံခဲ့ပြီး အဖွဲ့တွေရဲ့ တင်ပြချက်တွေ၊ ဒေသလုံခြုံရေး တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေကို နှစ်ဖက်အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးစစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ ဒီဆွေးနွေးပွဲတွေဟာ အပေါ်ယံ ဟန်ပြသာဖြစ်ပြီး အဖြေမရတဲ့ ဆွေးနွေးပွဲတွေ ဖြစ်လို့ မြန်မာ့ငြိမ်းချမ်းရေးအတွက် ထိရောက် ကောင်းမွန်တဲ့ရလဒ် ထွက်နိုင်တဲ့ ဆွေးနွေးပွဲတွေ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

"ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ဟန်ပြတွေသာ ဖြစ်ပြီးတော့ တကယ်တမ်း ဗမာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေကို ဘာမှ မသက်ရောက်ဘူး။ ဘာမှငြိမ်းချမ်းရေး အကျိုးပြုတာတွေ မလုပ်နိုင်ပါဘူး။ သူတို့အနေနဲ့ စစ်ကောင်စီနဲ့ ဆက်ပြီးတော့ သူတို့အကျိုးစီးပွား အတွက် အပြန်အလှန် ဆက်သွယ် ပြောဆိုနေတဲ့ အင်အားစုတွေပဲ ဖြစ်ပါတယ်။ စစ်ရေး ပဋိပက္ခတွေ အပြင်းအထန် တပြည်လုံးအနှံ့ ဖြစ်နေတာက ဒီဆွေးနွေးပွဲတွေ အကျိူးသက်ရောက်မှုက ဘယ်လောက်ထိ ထိရောက်သလဲ ဆိုတာ ဖော်ပြနေတာဖြစ်တယ်လို့ ကျနော်ယူဆပါတယ်။"

ဒီလိုဆွေးနွေးမှုတွေ လုပ်နေချိန်မှာပဲ ဆွေးနွေးမှုတွေမှာ မပါဝင်တဲ့ တိုင်းရင်းသားဒေသတွေ အပါအဝင် နိုင်ငံတဝန်း နေရာဒေသ အတော်များများမှာ စစ်ရေး ပဋိပက္ခတွေ နေ့စဥ်ဆိုသလို ရှိနေတာပါ။ ဒါကြောင့် လက်ရှိ စစ်ကောင်စီ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အယုံအကြည်မရှိကြောင်း ဝေဖန်နေကြာတာနဲ့ ပတ်သတ်လို့ ဒေါ်စောမြရာဇာလင်းကတော့ ခုလို ပြောပါတယ်။

"မလုပ်တာထက် လုပ်တာ ပိုကောင်းတယ် သုံးသပ်ပါတယ်။ တယောက်နဲ့တယောက် စကားမပြောရင် ပိုစိမ်းသွားနိုင်တယ်။ စကားပြောကြတယ်။ တယောက် လိုလားချက်၊ တယောက် လိုအပ်ချက်တွေ သိနေတယ်ဆိုရင် တနည်းတဖုံ စဉ်းစားကြတဲ့အပိုင်း ရှိလာပါတယ်။ ဒီလိုဖြစ်လာလို့ပဲ စကားအများကြီး ပြောရမှာလို့ စကားပြောဖို့ လိုတယ်ဆိုတာကို ပြောချင်တာဖြစ်ပါတယ်။ စကားပြောရမှာပါ။ ပြောဖို့ လိုနေတယ်လို့ မြင်ပါတယ်။ ပြိုင်တူတွန်းရင် ရွေ့တယ်။ တယောက်စီ တွန်းရင်တော့ ကြာတတ်ပါတယ်။ အဓိကကတော့ အားလုံးပါဝင်တဲ့ စာပွဲဝိုင်းတခုဖြစ်ဖို့ ကြိုးပမ်းကြရမယ်လို့ မြင်ပါတယ်။"

၃ ရက်ကြာ နေပြည်တော် ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO ၅ ဖွဲ့ ကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC ) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး ( LDU )၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO ) တို့ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG