သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"စစ်အုပ်စု နိုင်ငံရေးမှမစွန့်ခွာသရွေ့ ဆွေးနွေးဖို့မရှိ" KNU ပြောခွင့်ရသူ


ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ စောကလယ်စေး
ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ စောကလယ်စေး
ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ အရင်တုန်းက ထုတ်ပြန်ထားတဲ့အတိုင်း “စစ်တပ် နိုင်ငံရေးက မထွက်မချင်း၊ စစ်တပ်နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာဘာအကြောင်းမှမရှိဘူး” လို့‌ ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေနဲ့ သီးသန့် မေးမြန်းချက်မှာ ဖြေကြားလိုက်ပါတယ်။ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေး အာဆီယံကြိုးပမ်းနေမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ စောကလယ်စေးကို ကိုငြိမ်းချမ်းအေးက ဆက်သွယ် မေးမြန်းထားပါတယ်။

ငြိမ်းချမ်းအေး။ ။ အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကို KNU ကရင်အမျိုးသားအစည်းအရုံး အနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ ခင်ဗျာ။

စောကလယ်စေး (KNU ပြောခွင့်ရ)။ ။ အာဆီယံရဲ့ ပါဝင်မှုကို ကြိုဆိုတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ် တခု ဖြစ်တယ်။ သို့သော် ကျနော်တို့ရဲ့ စိုးရိမ်ချက်က အာဆီယံရဲ့ အခြေခံမူမှာကတည်းကိုက နိုင်ငံရေးအရ စွက်ဖက်လို့ မရဘူးဆိုတဲ့ဟာက ရှိနေတဲ့ အပေါ်မှာ အောင်မြင်ပါ့မလား ဆိုတာကို ကျနော်တို့ စိုးရိမ်တာ ဖြစ်ပါတယ်။ နောက်တခုက ခုလက်ရှိ အာဆီယံရဲ့ ဆောင်ရွက်ချက်ကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် လူသားချင်းစာနာထောက်ထားမှု အကူအညီ (Humanitarian Aid) ဆိုတဲ့ လုပ်ငန်းစဥ်တွေကို ပြင်ဆင်လာ တာ တွေ့တယ်။ အဲဒီဟာတွေနဲ့ ကျနော်တို့ နိုင်ငံထဲကို ဝင်ပြီးတော့မှ ပြေလည်အောင် ဖြေရှင်းပေးဖို့ သူတို့ ရဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်။ သို့သော် ကျနော်တို့ အခု လိုချင်တာက Humanitarian Aid (လူသားချင်း စာနာမှု အကူအညီ) ကို Cross-Border (နယ်စပ်ဖြတ်ကျော်)လာပြီးမှပဲ ဒေသခံ အဖွဲ့အစည်း တွေက တဆင့်ပေးဝေသွားဖို့ ကျနော်တို့ရဲ့ ဆန္ဒသဘောထားက အဲဒီကိုတင်ပြထား ပြီးသားဖြစ်ပါတယ်။ အဲလို ဖြစ်လာတယ်ဆိုရင် လူထုအတွက် ပိုပြီးတော့ ထိရောက်တဲ့ ထောက်ပံ့ကူညီမှုတွေ ပိုရရှိမယ်ဆို တာကို ကျနော်တို့ ပြောချင်ပါတယ်။

KNU
KNU

ငြိမ်းချမ်းအေး။ ။ အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ မြန်မာ့အရေးမှာ တွေ့ဆုံဆွေးနွေးရေးကသာ တခုတည်းသောလမ်းကြောင်းပေါ့။ တွေ့ဆုံဆွေးနွေးရေးလုပ် ဖို့အတွက်လည်း သူ့တို့အနေနဲ့ထိတွေ့ဆက်ဆံမှုတွေကိုဘက်ပေါင်းစုံနဲ့ လုပ်ခဲ့တယ်။ အတိအကျဆိုရင်ပြီးခဲ့ တဲ့ (၇)လအတွင်းမှာအကြိမ် (၁၁၀) တွေ့ခဲ့တယ်လို့ပြောပါတယ်။ အာဆီယံအထူးကိုယ်စား လှယ်အနေ နဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်းတွေ့ပါတယ်ဆိုပြီးတော့ ပါပါတယ် ခင်ဗျာ။

စောကလယ်စေး (KNU ပြောခွင့်ရ)။ ။ ဟုတ်ကဲ့၊ ဒီတွေ့ဆုံမှု အပိုင်းကတော့ ကျနော့် အနေနဲ့ လောလော ဆယ် မပြောချင်သေးဘူးခင်ဗျ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ လုပ်ရမယ့် အပိုင်းတွေက အားလုံးမပြီး ပြတ်သေးတော့၊ အဲဒါတော့ ကျနော် မပြောချင်သေးပါဘူး။ တွေ့ဆုံဆွေးနွေးခြင်းက အကောင်းဆုံးဆိုတာ လည်းကျနော်တို့ အာဏာမသိမ်းခင်ကတည်းက ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်မှာ ကတည်းက ကျနော်တို့ရဲ့ Statement (ထုတ်ပြန်ချက်) ထဲမှာ ပါရှိပါတယ် ခင်ဗျာ။ အဲဒါကတော့ ကျနော်တို့ အနေနဲ့ အထွေအထူး အငြင်းပွားစရာ အကြောင်းမရှိသလို ကျနော်တို့လည်းပဲ လက်ခံထားတဲ့ အချက်တချက် ဖြစ်ပါတယ်။

ငြိမ်းချမ်းအေး။ ။ ဒါပေမယ့် လက်ရှိ အချိန်မှာ တွေ့ဆုံ ဆွေးနွေးရေး သူ တောင်းဆိုတဲ့ ဟာက ‘ဘက်ပေါင်း စုံ ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေး’ လို့ အာဆီယံက ပြောပါတယ်။ အာဆီယံကိုယ်တိုင်က ‘ဘက်ပေါင်းစုံ’ ဆိုတဲ့စကားကို သုံးပါတယ်။ လက်ရှိ အခြေအနေမှာ ဒီလိုမျိုး တွေ့သင့်တွေ့ထိုက်တဲ့၊ ပါဝင်သင့် ပါဝင်ထိုက် တဲ့ လူတွေအားလုံး ဘက်ပေါင်းစုံ ပါဝင်နိုင်တဲ့ တွေ့ဆုံ ဆွေးနွေး‌ရေး တကယ် ဖြစ်နိုင်ပါ့မလား ခင်ဗျာ။

စောကလယ်စေး (KNU ပြောခွင့်ရ)။ ။ ဟုတ်ကဲ့၊ ဖြစ်ဖို့ကတော့ အင်မတန်ကိုမှ ရာခိုင်နှုန်းက နည်းပါတယ်။ ဘာကြောင့်လဲဆိုရင် ပါဝင်သင့်တဲ့လူတွက အခုလောလောဆယ် အခြေအနေမှာ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရတာလည်း ရှိသလို တချို့ကလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေမှာလည်း ရှိနေတယ်။ အဲ့ဒါကြောင့်မလို့ ဒီလို အခြေအနေမျိုးမှာကတော့ အားလုံး ဘက်ပေါင်းစုံ ပါဝင်ဖို့ဆိုတာက တော်တော် လေးကို မဖြစ်နိုင်တဲ့ အခြေအနေဖြစ်သွားပြီလို့ ကျနော်တို့အနေနဲ့ နားလည်ပါတယ်ခင်ဗျာ။

ငြိမ်းချမ်းအေး။ ။ KNU အနေနဲ့ ဒီလိုမျိုးတွေ့ဆုံ ဆွေးနွေးရေးသဘောထားအပေါ် မိတ်ဖက် အဖွဲ့အစည်း တွေ၊ မဟာမိတ် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအရ၊ စစ်ရေးအရ မဟာမိတ်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ဒါမှမဟုတ်ရင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လိုမျိုး အဖွဲ့အစည်းတွေနဲ့ တစုံတရာ ဆွေးနွေးတာမျိုး ရှိလား။

စောကလယ်စေး (KNU ပြောခွင့်ရ)။ ။ ကျနော်တို့က လက်ရှိ သွားနေတဲ့ လမ်းကြောင်းကတော့ စစ်အာဏာ ရှင်က ကျနော်တို့ နားလည်သလောက် ဆိုရင်တော့ တွေ့ဆုံဆွေးနွေးရေးကို သဘောထား မှန်မှန်နဲ့ မှန်ကန် တဲ့ သဘောထားနဲ့ တွေ့ဆုံဆွေးနွေးမယ့် သဘောထား မတွေ့ရဘူး ခင်ဗျ။ အဲဒါကို ကျနော်တို့က တိတိကျ ကျကို နားလည်ထားပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အနေနဲ့ ကျနော်တို့ မိတ်ဖက် အဖွဲ့အစည်းနဲ့ ဘာတွေ လုပ်သင့်လဲ၊ ဘယ်လို ဆွေးနွေးသင့်လဲ ဆိုတာက သီးသန့်ကို ရှိနေပါတယ်။ စစ်ကောင်စီဖက်က ကမ်းလှမ်းချက်တွေကိုလည်း ကျနော်တို့ အနေနဲ့ ခုနက ပြောတဲ့ အခြေအနေ သူ့ရဲ့သဘောထားအမှန်ကို သိထားတဲ့ အတွက် လက်မခံခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ အင်အားစုတွေနဲ့ ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် တူညီကြတဲ့ အဖွဲ့အစည်းတွေနဲ့ကတော့ ကျနော်တို့ စကားတွေပြောနေ ကြတာရှိပါတယ်။

ငြိမ်းချမ်းအေး။ ။ အာဆီယံကအရင်တုန်းက ဒီစစ်ခေါင်းဆောင်နဲ့ တွေ့တယ်ပေါ့၊ တကြိမ်တွေ့ခဲ့တယ်။ တွေ့ခဲ့ပြီးတော့ ဘုံသဘောတူညီချက် (၅) ချက် ဆိုပြီးတော့ ထုတ်ပြန်ခဲ့တယ်။ ဒါလည်း (၂) နှစ် ကျော်လာခဲ့ပြီပေါ့နော်။ ဒါက လက်တွေ့မှာအကောင်အထည်ဖော်ဖို့ ခက်ခဲနေလို့ ဝေဖန်နေချိန်မှာ၊ အခု အာဆီယံကပဲ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး ကိစ္စကိုသူ စတင်နေပါတယ်ဆိုပြီးတော့ လုပ်တာမျိုး တကယ် လက်တွေ့မှာ အလုပ် ဖြစ်နိုင်လား။ ဘယ်လိုသဘောထားရှိပါသလဲ ခင်ဗျာ။

စောကလယ်စေး (KNU ပြောခွင့်ရ)။ ။ ဟုတ်ကဲ့၊ ကျနော်တို့ အနေနဲ့က တိုက်ရိုက် ပါဝင်ခွင့် မရတဲ့ အပေါ်မှာ တပ်အပ်တော့ မပြောနိုင်ဘူးပေါ့ ခင်ဗျာ။ ကျနော်တို့ရဲ့ ပြီးခဲ့တဲ့ တလကျော်လောက်က Statement (ထုတ်ပြန်ချက်) တခုက အာဆီယံအနေနဲ့ ဒီဘုံသဘောတူညီချက် (၅) ချက်ကို အကောင် အထည်ဖော်ပေးဖို့၊ လက်တွေ့ကျတဲ့ လုပ်ငန်းစဥ်နဲ့ပေါ့နော်၊ အကောင်အထည်ဖော်ပေးဖို့ ကျနော်တို့ တောင်းဆိုခဲ့တာရှိပါတယ်။ အရင်တုန်းကတော့ သဘောထားပဲ ရှိပြီးတော့ Action (အလုပ်) ပိုင်းဆိုင် ရာမှာ မဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ ကျနော်တို့ အချည်းနှီး အလဟဿတွေ ဖြစ်ခဲ့တယ်ပေါ့နော်။ အခု ဘုံသဘောတူညီချက် (၅) ချက်ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် တောင်းဆိုခဲ့တာတွေ ရှိတယ်။ အဲဒီအတိုင်းပဲ Action ပါပြီး ဆောင်ရွက်မယ် ဆိုရင်တော့ တစုံတရာတော့ တိုးတက်လာနိုင်ခြေတော့ ရှိပါတယ်လို့ ကျနော်တို့အဲလိုပဲ မြင်ပါတယ်။

ငြိမ်းချမ်းအေး။ ။ NCA (တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး) လမ်းကြောင်းနဲ့ သွားနေတဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေက ဖိတ်ကြားတာမျိုးကလွဲလို့ ကျန်တဲ့ နည်းနဲ့မှာ KNU ကို တိုက်ရိုက် ဖိတ်ကြား တာမျိုး၊ ပါဝင်ခွင့်ရတာမျိုး ရှိလားခင်ဗျာ။

စောကလယ်စေး (KNU ပြောခွင့်ရ)။ ။ ဟုတ်ကဲ့၊ အခုလက်ရှိကတော့ ကျနော်တို့ တရားဝင် အားဖြင့်တော့ တိတိကျကျတော့ မရသေးဘူး ခင်ဗျာ။

ငြိမ်းချမ်းအေး။ ။ ဟုတ်ကဲ့၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအပေါ် KNU ရဲ့ လက်ရှိ မူဝါဒအနေနဲ့က တော့ ဆက်လက်ပြီးတော့ ဆန့်ကျင်သွားမယ့် တခြား အဖွဲ့အစည်းတွေနဲ့၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်လက် လက်တွဲ သွားမယ် ဆိုတဲ့၊ ဆက်လက် ရပ်တည်နေမယ့် သဘောထားမျိုး ရှိပါသလားခင်ဗျာ။

စောကလယ်စေး (KNU ပြောခွင့်ရ)။ ။ ဟုတ်ကဲ့၊ အဲဒီ သဘောထားက အခုအထိ ဆွဲကိုင်ထားတုန်းပါပဲ ခင်ဗျာ။ ဘာကြောင့်လဲဆိုရင် အရင်တုန်းက စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုတွေကို ကျနော်တို့ အများကြီး ရရှိခဲ့တယ်။ ကျနော်တို့ရဲ့ တုံ့ပြန်ချက်က ဒီစစ်တပ်က ဒီနိုင်ငံရေးကနေ စွန့်ခွာသွားမယ်ဆိုလို့ ရှိရင်တော့ ကျနော်တို့ အနေနဲ့ အဆင်သင့် ရှိပါတယ် ဆိုတဲ့အကြောင်းကိုတော့ ကျနော်တို့ အကြောင်းပြန်ထားပြီးသား ဖြစ်ပါတယ်။ ဆိုတော့ စစ်အုပ်စုပေါ့နော်၊ စစ်ကောင်စီဖက်ကနေပြီး နိုင်ငံရေးကနေ မစွန့်ခွာသရွေ့က ကျနော်တို့ အနေနဲ့ သူတို့နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာက စစ်တပ်နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာ ဘာအကြောင်းမှမရှိဘူးလို့ကျနော်တို့သဘောထားကို ထုတ်ပြန်ခဲ့ပြီးသားဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ယနေ့ အချိန်ကာလမှာ ကျနော်တို့ကတော့ မိတ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက် လာတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ကျနော်တို့ နိုင်ငံရေးကို ဆက်လက် လက်တွဲသွားပြီးတော့ စစ်အာဏာ ရှင် ချုပ်ငြိမ်းဖို့ အတွက်ကို ကျနော်တို့ အတူတကွ တိုက်ပွဲဝင်သွားမယ်ဆိုတာ ကျနော်တို့ သဘောတူညီချက်နဲ့ သန္နိဋ္ဌာန် ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG