သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း-ကယား ဒေသကစစ်ရှောင်တွေ တုပ်ကွေးဒဏ်ခံနေရ


ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ။

ရှမ်း-ကယားဒေသက စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ရာသီတုပ်ကွေးအပြင််သွေးလွန်တုပ်ကွေးပါ ဖြစ်ပွါးနေပါတယ်။ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်း အနည်းဆုံး ၇ ခု မှာ ရာခိုင်နှုန်း ၃၀ လောက်က ဖျားနာနေပြီး ဖယ်ခုံမြို့နယ် အရှေ့ခြမ်းက စစ်ရှောင်တွေရှိရာ နောင်လိုင်ကျေးရွာဘက်မှာလည်း ဖျားနာသူထောင်နဲ့ချီရှိနေပေမဲ့ ဆေးဝါးမလုံလောက်သလို အများစုက ကျန်းမာရေးကုသမှု မရပဲ ဖြစ်နေပါတယ်။ ဒီသတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြပေးပါမယ်။

ဒေသအခေါ် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ယာယီစစ်ပြေးဒုက္ခသည်စခန်း ၁၀ ခုမကရှိနေပါတယ်။ ယာယီစစ်ရှောင်စခန်း တခုမှာ လူဦးရေ ၃၀၀ အထက်ရှိနေတာ ဖြစ်ပြီး အနည်းဆုံး စခန်း ၇ ခု လောက်မှာ ရာခိုင်နှုန်း ၃၀ လောက်က ရာသီတုပ်ကွေးရောဂါ ခံစားနေရတယ်လို့ ဒေါရောက်ခူကျေးရွာအုပ်စုမှာ နေထိုင်တဲ့ စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“စစ်ရှောင်တော်တော်များမှာရယ်နဲ့ ဒေသခံတော်တော်များများလည်း ဖြစ်ကြတယ်။ အနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း ဒီ ၁၀ခု မှာပဲ ၆ခု ၇ခုလောက်ကို ရာသီတုပ်ကွေးဖြစ်တယ်ပေါ့လေ။ အဲ့မှာ ဒေသခံတချို့ကလည်းဖြစ်တယ်ပေါ့နော်။ အခု ကျနော်တို့ကိုယ်တိုင်ကလည်း အဲ့လိုတွေ ဖြစ်နေတာ။ အခုလောလောဆယ်က camps တခုကို ၃၀ ရာခိုင်နှုန်းလောက်က အဲ့ဒီရာသီတုပ်ကွေးကို ကူးစက်နေရတယ်လေ။”

တချို့ကျေးရွာတွေမှာ ရွာသူရွာသားနဲ့ စစ်ရှောင်တွေအတူ ရောနှော နေထိုင်ကြတာဖြစ်တဲ့ အတွက် ရွာခံတွေကိုလည်း ကူးစက် ဖြစ်ပွားနေတာပါ။ ပြင်းထန်တဲ့ ရာသီတုပ်ကွေး ကူးစက်မှု ဒဏ်ကို ကလေးသူငယ်တွေ ဆိုးဆိုးဝါးဝါးခံနေပြီး စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။

“ဒီမှာနီးစပ်တဲ့ ဆေးရုံဆေးခန်းတွေ ကျန်းမာရေးဝန်ထမ်းတွေလည်း စောင့်ရှောက်တယ်၊ ဒါပေမဲ့ မနိုင်တဲ့ အနေအထားမှာ ရှိတယ်ပေါ့လေ။”

ဒေသတွင်း ကူညီကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီဒေသတွေမှာ CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ဆေးပေးခန်းတွေမှာ ဆေးကုသမှုခံယူနေကြတာပါ။ တချို့စစ်ရှောင်တခန်းတွေက ဆေးပေးခန်းနဲ့ အလှမ်းဝေးနေတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှု မရကြဘူးလို့လည်း ဒေါရောက်ခူကျေးရွာက စစ်ရှောင်က ပြောပါတယ်။

“ဒီဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးတာရယ် တချို့ခါကျတော့လေ ဆေးမရှိတာပေါ့နော်။ ဆေးဝါးကျွမ်းကျင်တဲ့ ဆရာ ဆရာဝန်တွေကလည်း အလှမ်းဝေးတာများတယ်ပေါ့။ camp တိုင်းကလည်း ဆရာဝန်ကလည်း ဒီ mobile design မျိုးနဲ့ လိုက်ဖို့ကလည်း ခက်တာပေ့ါနော်။ တဖက်မှာ ဆေးရုံမှာကြည့်ရတယ်။ လူနာကလည်း တအားများတော့ မနိုင်မနင်းပုံစံဖြစ်တယ်ပေါ့။”

ဒါ့အပြင် စစ်ရေးပဋိပက္ခဖြစ်ပွားတဲ့ ဒီဒေသတွေမှာ ဆေးဝါး နဲ့ စားနပ်ရိက္ခာ သယ်ယူခွင့် ကန့်သတ်ထားတာကြောင့် ဆေးဝါးမလုံမလောက်တဲ့ ပြဿနာရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အလားတူ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် အရှေ့ဖက်ခြမ်း နောင်လိုင်ကျေးရွာအုပ်စုမှာလည်း ရာသီတုပ်ကွေးဖြစ်ပွားနေပါတယ်။ အဲ့ဒီမှာ ရွာခံနဲ့ စစ်ရှောင် စုစုပေါင်းရဲ့ ထက်ဝက်လောက်က ရာသီတုပ်ကွေးဖြစ်နေတာလို့ စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

“စစ်ရှောင်ပဲ ဖျားတာမဟုတ်ဘူး၊ ရွာသားတွေပါဖျားတယ် အဲ့လိုမျိုးပေါ့နော်။ (လူဦးရေ) ၁,၀၀၀ လောက်ကျော်မယ်ထင်တယ်။ ထက်ဝက်လောက်ဖြစ်နေကြတယ်။ အိမ်တစ်အိမ်ဖျား ဒီတစ်ယောက်ဖျားပြီး ဒီတစ်ယောက်ပေါ့နော်။”

ရောဂါကူးစက်နှုန်း မြန်တဲ့အတွက် ဖြစ်ပွားနှုန်းများနေပေမဲ့ သေဆုံးသူတော့ မရှိသေးဘူးလို့လည်း ပြောပါတယ်။

“သူ့ရဲ့ လက္ခဏာကျတော့ ချောင်းစိတ်ချောင်းစိတ် အဲ့လိုမျိုးတော့ ဖြစ်တယ်ပေါ့နော်။ အဖျား ၁၀၂၊ ၁၀၄ တချို့ အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်။ အခုတလော ကလေး ပိုပြီးတော့ ဖြစ်လာတယ်။ ကိုယ်ပူ ချောင်းနည်းနည်းဆိုးချင်တယ် အဲ့မျိုးပေါ့နော်။ အဖျားနည်းနည်းကျသွားပြီးဆို ဝမ်းပျက် အဲ့လိုမျိုးဖြစ်တယ်လေ။ ဒါပေမဲ့ သေသွားတာတော့ တစ်ယောက်မှမရှိသေးဘူးနော် ခုလောလောဆယ်။”

စစ်ပြေးဒုက္ခသည်တွေဟာ တနေရာတည်းမှာပဲ ဖြစ်သလို စုပြုံနေထိုင်နေကြရတာကြောင့် တုပ်ကွေးရောဂါ အကူးစက်မခံရအောင် ကြိုတင်ကာကွယ်မှုတွေ မလုပ်နိုင်သလို စားနပ်ရိက္ခာ အခက်ခဲကြောင့် အာဟာရချို့တဲ့ပြီး ခံနိုင်ရည်မရှိကြပဲ ရောဂါကူးစက်မှုဒဏ်ကို ခံနေကြရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းက ပြောပါတယ်။

XS
SM
MD
LG