သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းအိုးအိမ်စွန့်ခွါထွက်ပြေးရသူတွေ နေရပ်မပြန်နိုင်သေး


ကယား(ကရင်နီ)ပြည်နယ် စစ်ဘေးရှောင်တွေအတွက် ဆန်လိုအပ်နေ (ဓာတ်ပုံ​-ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကယား(ကရင်နီ)ပြည်နယ် စစ်ဘေးရှောင်တွေအတွက် ဆန်လိုအပ်နေ (ဓာတ်ပုံ​-ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်းက ၁ ဒဿမ ၇ သန်းနီးပါး ရှိလာပါပြီ။ စစ်ရှောင်သူတွေဟာ အချိန်ကာလ ကြာလာတာနဲ့အမျှ အကူအညီတွေ လိုအပ်နေပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်ပွါးနေတာနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ စစ်ကြောင်းထိုးမှုတွေကြောင့် နေအိမ်မပြန်နိုင်ပဲ ဖြစ်နေကြတာပါ။

ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုရဲမွန် ပြောပြမှာပါ။

မြန်မာနိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ ၂ သန်းနီးပါး ရှိလာပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက ၁ ဒဿမ ၇ သန်းဝန်းကျင်ဟာ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းထဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ အရေအတွက် ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ကယားပြည်နယ် အထူးသဖြင့် ဖရူဆိုမြို့နယ်မှာဆို ဒေသခံအတော်များများ ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ တခြားသော အခြေခံပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ UNOCHA က ဆိုပါတယ်။

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်တာဝန်ခံကတော့ သူတို့ဒေသတွင်းက စစ်ရှောင်သူတွေဟာ လမ်းပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာလိုအပ်တာအပြင် ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ အတွက် ဆေးဝါးအကူညီတွေပါ လိုအပ်နေတယ်လို့ ပြောပါတယ်။

"စစ်ဘေးရှောင်တွေက တနေရာနဲ့ တနေရာ၊ စခန်းတခုနဲ့ တခု၊ တရွာနဲ့ တရွာက လိုအပ်ချက်တွေက မတူညီကြဘူးပေါ့နော်။ တခြားသော မြို့နယ်တွေက ကျနော်တို့ဘက်က လက်လှမ်းမမီတာ ရှိတယ်ပေါ့နော်။ အချက်အလက်တွေလည်း ဒီဘက်မှာက လိုင်းအမြဲတမ်း မရတော့ မသိဘူးပေါ့နော်။ ဥပမာ ဖားဆောင်းတို့ ရှားတောတို့ တခြားသော မြို့နယ်တွေက လမ်းပိတ်ဆို့လို့ ပစ္စည်းတွေပြတ်လပ်တဲ့ အခြေအနေမျိုးတွေ ရှိတယ်ဆိုတဲ့ သတင်းတော့ ကျနော်တို့ ကြားရတယ်ပေါ့နော်။"

ကယားပြည်နယ်က အဓိကလမ်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ပိုင်းကစပြီး စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ရှမ်း-ကယားနယ်စပ် တလျှောက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ လူမှုကယ်ဆယ်ရေး ပစ္စည်းပြတ်လပ်နေကြသလို၊ လူသားချင်းစာနာမှု အကူအညီလည်း မရပဲ ဖြစ်နေတာပါ။

တိုက်ပွဲတွေ မပြတ်ဖြစ်ပွါးနေတာကြောင့် အသွားအလာ မလုပ်နိုင်ကြသလို နှစ်ဖက်တိုက်ပွဲမရှိ တဲ့အခါမျိုးမှာလည်း ရွာတွေထဲကို စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက် မှုတွေကြောင့် ကိုယ်ရပ်ကိုယ့်ရွာမှာ မနေရဲကြပဲ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဆိုရင်လည်း စစ်ကောင်စီက ရွာတွေထဲ စစ်ကြောင်းထိုးတာ တလနီးပါး ရှိလာပြီး၊ ဒေသခံ ရွာသားတွေလည်း အိမ်မပြန်ရဲဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အခု ရေဖြူဘက်က စစ်ကြောင်းဆိုရင် သူက တလလုံးနီးပါး ရှိသွားပြီပေါ့နော်။ အဲဒါကို တဖွဲ့ပြီးတဖွဲ့ လာလိုက်သွားလိုက်နဲ့ အခုချိန်ထိ သူကလှုပ်ရှားနေတုန်းပဲ။ ဒီဘက်တွေကို သူတို့အင်အားသုံးပြီးတော့ နေရာကုန်အောင် စစ်ကြောင်းထိုးမယ့် ပုံစံရှိတယ်ဗျ။"

မြန်မာနိုင်ငံ တနင်္သာရီတိုင်းနဲ့ ကယားပြည်နယ်တွေမှာသာမက ကရင်ပြည်နယ်၊ ရှမ်း နဲ့ ချင်းပြည်နယ်တွေ အပြင် စစ်ကိုင်း တိုင်းထဲမှာလည်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး တွေကြောင့် တချို့ဆို ရွာလုံးကျွတ် အိုးအိမ်စွန့်ခွါ ထွက်ပြေး တိမ်းရှောင် နေကြရတာလည်း ရှိပါတယ်။

UNOCHA ရဲ့ အခု နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းမှာတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် နိုင်ငံတဝန်းမှာ လူပေါင်း ၁၈,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး၊ နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ဖေါ်ပြထားပါတယ်။
ဒီအိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေအပါအဝင် ၂၀၂၃ ခုနှစ် လူသားချင်း စာနာမှုဆိုင်ရာ တုံ့ပြန်ကူညီမှု အစီအစဉ်အတွက် ကုလသမဂ္ဂက တောင်းခံထားတဲ့ ရန်ပုံငွေကလည်း အခုချိန်အထိ ၂၈ ရာခိုင်နှုန်းသာ ရရှိသေးတာ ကြောင့် အကူအညီတွေ ပေးကြဖို့လည်း ပန်ကြားထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG