သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းလွန် ၅ လ ရခိုင်ပြန်လည်ထူထောင်ရေး အခြေနေတချို့


ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျးရွာကို ရောက်ရှိနေကြတဲ့ မုန်တိုင်းရှာင်များ (ဓာတ်ပုံ Citizen Journalist)
ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျးရွာကို ရောက်ရှိနေကြတဲ့ မုန်တိုင်းရှာင်များ (ဓာတ်ပုံ Citizen Journalist)

မိုခါဆိုင်ကလုန်း မုန်တိုင်းအလွန် ၅လကြာတဲ့အထိ ရခိုင်ပြည်နယ်မှာ ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်သေးတာကြောင့် ဒေသခံတွေအတွက် နေထိုင်ရေးကစပြီး အစစ အခက်ကြုံနေရဆဲ ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းမှာ လျှပ်စစ်မီးပြန်မရသေးတဲ့ ကျေးရွာတွေ အတော်များများရှိ နေသေးသလို စာသင်ကျောင်း အများအပြားလည်း ပျက်စီးသွားပေမယ့် ခုထိပြန်မပြင်နိုင်ကြသေးပါဘူး။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရတာ အောက်တိုဘာလ ၁၄ရက်နေ့ဆိုရင် ၅လပြည့်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေသတွင်းပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ကြန့်ကြာနေတာကြောင့် အခုအချိန်ထိ မုန်တိုင်းဒဏ်သင့် ဒေသခံတွေ လုံခြုံတဲ့ အမိုးအကာအောက်ကို မရောက်နိုင်သေးပဲ အခက်ခဲတွေ ကြုံနေရဆဲ ဖြစ်တယ်လို့ ရခိုင်ဒေသတွင်း ကူညီရေး ဆောင်ရွက်နေတဲ့ ကိုမင်းဘာချေက ပြောပါတယ်။

“ မိုခါအပြီးနောက်ပိုင်း ၅လအထိ ရောက်လာပြီပေါ့နော်၊ ဒါပေမယ့် ဒီအချိန် အထိလည်း စစ်ကောင်စီအနေနဲ့ ဘာမှတာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝနဲ့ လုပ်ဆောင်တာ မရှိသလို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အင်တိုက်အားတိုက်လုပ်တာ မမြင်ရဘူးပေါ့လေ။ ဆိုတော့ လက်ရှိအချိန်ထိတော့ ရခိုင်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကပဲ သူတို့ရဲ့ နိုင်ရာ နိုင်ရာကို အဓိက အခြေပြုပြီးတော့ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာရှိတာတွေ့ရတယ်၊ သူတို့ကလည်း အရပ်ဖက် အဖွဲ့အစည်းတွေဆိုတော့ အဲလောက်ထိ ခွန်အားမရှိဘူးလေ၊ သူတို့ လုပ်နိုင်တဲ့ အတိုင်းအတာတခုကို အခြေခံပြီး လုပ်နေကြတာတွေ့ရတယ်ဆိုတော့ အရင်အတိုင်းပဲ တိုးတက်ပြောင်းလဲလာတာ ဘာမှမရှိသေးဘူး။”

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်တဲ့ ပေါက်တောမြို့နယ်မှာ ဆိုရင်လည်း ဒေသခံတွေဟာ နေအိမ်တွေ မပြုပြင်နိုင် သေးသလို အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိတဲ့အတွက် အခက်ကြုံနေရဆဲ ဖြစ်တယ်လို့ ပေါက်တောမြို့နယ် ဆားပြင်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ ပြန်လည်ထူထောင်ရေးအပိုင်းဆိုရင်တော့ နေအိမ်တွေက အစပြောလို့ရတာပေါ့နော်၊ လူနေအိမ်တွေမှာလည်း ပိုက်ဆံမတတ်နိုင်တဲ့ သူတွေက ဒီအတိုင်း တာပေါ်လိပ်လေးတွေ မိုးပြီးတော့ နေကြတယ်။ သွပ်ပြားတွေ ဘာတွေ မမိုးနိုင်တော့ဘူး၊ အကုန်လုံးပျက်သွားတဲ့ သူတွေကလည်း ပြန်မပြန်နိုင်တော့ဘူး ဒီအတိုင်းထားထားတာကိုတွေ့ရတယ်”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေထဲက မပြုင်ပြင်ရသေးတဲ့ စာသင်ကျောင်း ၄ဝကျော်အထိရှိနေတာပါ။ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကတော့ အောက်တိုဘာမှာ အပြီးပြုပြင်သွားမယ်လို့ ခုလိုပြောပါတယ်။

“ ဒီနေ့အထိကတော့ နည်းနည်းပဲ ကျန်တော့တယ်။ ကျနော်တို့ ၉၅ ရာခိုင်နှုန်းလောက်တော့ ပြီးပြီ။ ကျန်သေးတာက ပြင်ဆဲပေါ့နော။် မပြီးသေးတာ ၄၂ကျောင်း လောက်ပဲ ကျန်တော့တယ် ကျနော်တို့ ဒီ အောက်တိုဘာ ၂၅လောက်ရင် အားလုံးပြီးမယ်လို့ ကျနော်တို့ ဆောင်ရွက် ထားပါတယ်ဟုတ်။”

ပေါက်တောမြို့နယ်အတွင်းက ဆားပြင်ကျေးရွာမှာဆိုရင်လည်း အထက်တန်းကျောင်းခွဲအထိ ရှိပေမယ့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေ မပြုပြင်ရသေးတာကြောင့် ကျောင်းသူကျောင်း သားတွေ ဖြစ်သလို ကျောင်းတက်နေကြရတယ်လို့ ဆာပြင်ဒေသခံအမျိုး သမီးတဦးက ပြောပါတယ်။

“ ပညာရေးဖက်မှာဆိုရင်လည်း ကလေးတွေက အခုအချိန်ထိ ရွာက ကျောင်း တက်လို့ရတဲ့ အိမ်တွေမှာ ဓမ္မာရုံတွေ ဘုန်းကြီးကျောင်တွေမှာ ခိုပြီးတော့ ကျောင်း တက် ရတယ်၊ ညီမတို့ ရွာမှာဆိုရင် အထက်တန်းကျောင်းခွဲအထိရှိတယ်၊ ကျောင်းသား တွေလည်း အများကြီး ရှိတယ်။ ပြိုသွားတဲ့ ကျောင်းဆောင် ၃ဆောင်လောက် ရှိတယ်၊ အခုထိ တဆောင်မှ သူတို့ ပြန်မလုပ်သေးဘူး။ ပြိုနေတဲ့ အတိုင်းပဲ ရှိသေးတယ်ဘာမှ ပြန်မလုပ်ရသေးဘူး။”

ရခိုင်ပြည်နယ်မှာ မုန်တိုင်းအလွန် မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ပြန်လည်ထူ ထောင် ရေးလုပ်ငန်းနဲ့ စားနပ်ရိက္ခာ ကူညီခွင့်တွေကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ဒေသ ခံတွေ စားဝတ်နေရေးခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ မိုခါမုန်တိုင်းအလွန် ရခိုင်မြောက်ပိုင်းမှာ လျှပ်စစ်မီးပြန်မရသေးတဲ့ ကျေးရွာ ၃၀ ကျော်အထိရှိနေသေးသလို စစ်ကောင်စီအနေနဲ့ တခြားလိုအပ်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေဆဲဖြစ်တယ်လို့လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကဗွီအိုအေကို ပြောဆိုထားတာရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG