သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် စာနာမှုအကူအညီပေးရေး အခက်အခဲတွေ ရှိနေဆဲ


ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဝင်ပြီး အပျက်အစီးများခဲ့
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဝင်ပြီး အပျက်အစီးများခဲ့

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ စာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး စစ်ကောင်စီနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကြား ဆွေးနွေးမှုတွေ ရှိတယ်ဆိုပေမဲ့ လက်တွေ့မှာတော့ အခက်အခဲတွေ ရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စာနာမှုအကူအညီပေးရေး ခွင့်ပြုချက်ရရှိထားပြီး ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်ဝေထားပြီးဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီလအစောပိုင်း ကထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာ တိုးတက်မှု မတွေ့ရသေးဘူးလို့လည်း ဒေသခံ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် ပြောပြမှာဖြစ်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နဲ့ အရေးပေါ်ကယ်ဆယ် ရေးညှိုနှိုင်းရေးမှူးတို့ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံသို့ လာရောက်ပြီး လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စ စစ်ကောင်စီနဲ့ ဆွေးနွေးပြီးနောက်ပိုင်းမှာ အခုလိုကူညီကယ်ဆယ် ခွင့်တွေ ပေးလိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHAရဲ့ဒီလအစောပိုင်းထုန်ပြန်ချက်မှာ ဖော်ပြထားတာပါ။

စစ်ကောင်စီအနေနဲ့ အခုလို နိုင်ငံတကာအဖွဲ့တွေနဲ့ ဆွေးနွေးပြီး ကူညီကယ်ဆယ်ခွင့်ပေး လိုက်ပေမယ့်လည်း လက်ရှိမြေပြင်မှာတော့ ကုန်ပစ္စည်းသယ်ယူခွင့်တွေ အပြင် ကန့်သတ်ချက်တွေ ရှိနေသေးတယ်လို့လည်း ရခိုင်ဒေသခံ ကူညီသူတဦးဖြစ်တဲ့ ကိုမင်းဘာချေ ကပြောပါတယ်။

“ ကျနော်တို့ အခုမြင်ရတွေ့ရတဲ့ ပုံစံမျိုးအတိုင်းပြောရမယ်ဆိုရင်၊ လက်ရှိအချိန်မှာက စကစက နိင်ငံတကာအဖွဲ့အစည်းတွေနဲ့ ခွင့်ပြုမိန့်တွေ သဘောတူညီမှုတွေ ယူပြီးတော့အလုပ် လုပ်ဖို့ ဆိုပေမဲ့လည်း တကယ်တမ်းမြေပြင်ရဲ့ အောက်ခြေအခြေအနေမှာ ဒီဟာတွေကို အကောင်း အထည်ဖော်ဖို့ အတွက် ခက်ခဲမှုတွေ ပိုရှိလိမ့်မယ်၊ ခွင့်ပြုတယ်ဆိုပေမဲ့ သူတို့အနေနဲ့ ဘယ် လောက်ထိ အရေအတွက်များများ ပံ့ပိုးလို့ရနိုင်မလဲ ပြီးတော့ဘယ်လိုမျိုးပစ္စည်းတွေက ရလဲ မရလဲ ဆိုတာမျိုး ပါလိမ့်မယ်၊ဆိုတော့ လက်ရှိအချိန်ထိတော့ UNOCHAက ထုတ်ပြန်တဲ့ အပေါ်မှာ မြေပြင်မှာ ရှိတဲ့ စစ်ရှောင်တို့ မိုခါဒဏ်သင့် ပြည်သူတွေရဲ့ တစုံတရာ ပြောင်းလဲမှု ရရှိမှုကတော့ မရှိသေးတဲ့ အကြောင်းတော့ ကျနော်ပြောလို့ရပါတယ်။”

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေနဲ့ မုန်းတိုင်းဒဏ်သင့် ပြည်သူတွေရာ စားဝတ်နေရေး ကြပ်တည်းနေကြသလို လုံခြုံတဲ့ အမိုးအကာအောက်ကိုရောက်ဖို့ ခက်ခဲနေကြပြီး ကျန်းမာရေးပြဿနာတွေပါ ရင်ဆိုင်နေကြရတယ်လို့ ကျောက်တော်ဒေသခံအမျိုး သမီးတဦးကပြောပါတယ်။

“ ဒီရက်ပိုင်းတော့ သိပ်လာကြတာမတွေ့ဘူး မိုခါဖြစ်ဖြစ်ချင်းမှာတော့ လာတဲ့ အဖွဲ့အစည်း တွေရှိတယ်၊ ဒါပေမယ့် စကစဖက်က ကန့်သတ်လိုက်တဲ့ အခါမှာတော့ အဲကတည်းက ရောက်တာမတွေ့ဘူး အခုအချိန်ထိလည်း သိပ်မတွေ့ဘူး။ စစ်ဘေးဒုက္ခသည်တွေအတွက် အစားအသောက်ဆိုတာထက် မိုးရာသီလည်းဖြစ်တယ် သူတို့ဆီမှာက အမိုးအကာအတွက် တာပေါ်လိပ်လောက်ပဲရှိတာဆိုတော့ မိုးအမျးာကြီးရွာတဲ့ အခါကျရင် မလုံခြုံဘူးပေါ့၊ အဲနောက်ဆက်တွဲ ပြဿနာတွေက ကျန်းမာရေး ပြဿာနာတွေ အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိတဲ့ ဟာတွေ ပိုပြီးတော့ များလာတယ်ပေါ့၊ မိုခါဖြစ်ပြီးနောက်ပိုင်းမှာပေါ့။”

ဒါ့အပြင် လက်ရှိရခိုင်ပြည်နယ်မှာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား အပြန်အလှန် ဖမ်းဆီးမှုတချို့ ရှိလာနေသလို စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တိုးချဲ့ပြီး အရင်ကထက်ပိုပြီး တော့ စစ်ဆေးမှုတွေ တင်းကြပ်လာတယ်လို့ ကိုမင်းဘာချေကပြောပါတယ်။

“ စကစရဲ့ Check Point (စစ်ဆေးရေးဂိတ်) တွေကတော့ အရင်ကတော့ ပိုပြီးတော့ တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ရှာဖွေမှုတွေကတော့ ရှိနေတယ်၊ ဆိုတော့အခုက ပိုပြီးတော့ များလာတဲ့ အပိုင်းတွေ ကျနော်တွေ့ရတယ်၊ စစ်တွေ ရန်ကုန် လမ်းတောက်လျောက်မှာလည်း နှစ်ဘက်လက်နက်ကိုင် တွေရဲ့ Check Pointတွေကလည်းရှိနေတယ်။ အဲဒီအပေါ်မှာ စစ်ဆေးမှုတွေ များနေတာ တွေ့ရတယ်။ ဒီလိုမျိုးသာ ရှိနေရင် စကစက UNOCHAနဲ့သဘောတူပြီး ကူညီကယ်ဆယ်ရေး လုပ်ဖို့ ဘယ်လောက်ပင် ပြောပါစေ ပစ္စည်းတွေ သယ်ယူဖို့အတွက်ကို သူတို့ရဲ့ လိုအပ်တဲ့ ခွင့်ပြုမိန့်တွေ၊ နယ်လုံခွင့်ပြုမိန့်တွေ၊ အဲဒီကိစ္စတွေက ခက်ခဲမှုတွေ ရှိလိမ့်မယ်ပေါ့နော်၊ ခက်ခဲမှုတွေလည်း ရှိနေအုံးမှာပဲ။”

လက်ရှိမှာတော့ UNOCHAက ရခိုင်ပြည်နယ်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေပြန်စတင် နေပေမဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်နေဆဲဖြစ်တာကြောင့် အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၃ခုနှစ် ၈ လတာကာလအတွင်း လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ကူညီရေး နဲ့ မိုခါမုန်တိုင်း တုံ့ပြန်ရေး အရေးပေါ်ရံပုံငွေတောင်းခံလွှာ နှစ်ခုလုံးမှာ ရန်ပုံငွေပြည့်မှီဖို့ လိုအပ်ချက်တွေ ရှိနေသေးသလို စုစုပေါင်းလိုအပ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်းလောက်သာ ရရှိသေးတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHAရဲ့ ဒီလအစောပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG