သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အကူအညီပေးရေး လုပ်ငန်းတွေ ဆက်လက်ကန့်သတ်ခံနေရ


လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid နဲ့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ ဦးသန်းဆွေနဲ့ နိုင်ငံခြားရေးဌာန အဆင့်မြင်အရာရှိတွေ ဒီလ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး လူသားချင်း စာနာကူညီရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တဲ့အကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း UNOCHA အကြီးအကဲ Mr. Martin Griffiths ကိုယ်တိုင် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ကူညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့သလို၊ ဒီခရီးစဉ်နောက်ပိုင်း စစ်ကောင်စီ နဲ့ ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ ကြား ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေနဲ့ စပ်လျဉ်းပြီး စက်တင်ဘာလ ၅ ရက်နေ့က ထပ်မံ ဆွေးနွေးကြတာ ဖြစ်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ကုလ ကိုယ်စားလှယ်တွေနဲ့ မြန်မာအာဏာပိုင်တွေကြား တွေ့ဆုံမှုတွေ မကြာခန ရှိနေပေမဲ့လို မိုခါမုန်တိုင်းဒဏ် သင့်ခဲ့ပြီးတဲ့နောက် လူသားချင်း စာနာမှုတွေ အများအပြား လိုအပ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ အကူအညီတွေ ပိတ်ပင်ခံနေရတုန်းပဲလို့ ကူညီပေးနေသူတွေက ပြောပါတယ်။

လူသားချင်း စာနာကူညီရေးအဖွဲ့တွေအနေနဲ့ စစ်ဆေးခံရတာတွေ၊ ကုန်ပစ္စည်း သယ်ယူခွင့်တွေ ကန့်သတ်ခံရတာလို အဟန်အတားတွေ ကြုံနေရဆဲပဲလို့ ဒေသတွင်း လူသားချင်း စာနာကူညီရေး အဖွဲ့တခုရဲ့ တာဝန်ရှိသူအမျိုးသမီးတဦးက ပြောပါတယ်။

“အဓိက ကတော့ အကန့်အသတ်တွေကြုံရတာက TA ကိစ္စပေါ့နော်။ checkpoint တွေ တော်တော်လေးကျမတို့ ကြုံရတယ်။ ကူညီ ကယ်ဆယ်ရေး လုပ်တဲ့ အခါမှာလည်း Register (မှတ်ပုံတင်) မရှိတဲ့ အဖွဲ့ဆိုရင်တော်တော်လေး ခိုးကြောင်ခိုးဝှက်သွားရတဲ့ အနေအထားရှိတယ်။ Register (မှတ်ပုံတင်) ရှိတဲ့ အဖွဲ့တွေဆိုရင်လည်း ပစ္စည်းတွေကို ကန့်သတ်ထားတာ ကျမတို့ တွေ့ရတယ်။ ဆေးဝါးတို့ စားနပ်ရိက္ခာတို့ဆိုရင်လည်း တော်တော်လေးကန့်သတ်ထားတာ တွေ့ရတယ်။”

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid နဲ့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ ဦးသန်းဆွေတို့ နေပြည်တော်မှာ တွေ့ဆုံနေကြစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid နဲ့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ ဦးသန်းဆွေတို့ နေပြည်တော်မှာ တွေ့ဆုံနေကြစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)

မိုခါမုန်တိုင်းသင့်ခဲ့တာ ၃ လကျော် ကြာလတဲ့အထိ ပြန်လည် ထူထောင်ရေး အကူအညီတွေ ထိထိရောက်ရောက် မပေးနိုင်သေးဘူးလို့လည်း ပြောပါတယ်။ မုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းက တချို့ကျေးရွာတွေမှာ လက်ရှိအချိန်ထိ လျှပ်စစ်မီးတွေ မရရှိသေးသလို နေအိမ်တွေပျက်စီးသွားတဲ့ ဒေသခံ တော်တော်များများဟာလည်း လုံခြုံတဲ့ အမိုးအကာအောက်ကို ရောက်ဖို့ ခက်ခဲနေတုန်းပဲလို့ ကူညီပေးရေး ဆောင်ရွက်နေတဲ့ အမျိုးသမီးက ပြောပြပါတယ်။

“အဓိက အခက်အခဲကတော့ စားနပ်ရိက္ခာပေါ့နော်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆိုရင်လည်း အခုထက်ထိ မလုပ်ရသေးဘူး။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေက လုံးဝမလုပ် နိုင်သေးတဲ့ အခြေအနေဖြစ်တယ်။ အဲလိုပုံစံမျိုးတွေ ရှိနေသေးတယ်။ ရွှေ့ပြောင်း လုပ်သားတွေများလာတယ်။ လက်ရှိ ကျန်နေသေးတဲ့ စစ်ရှောင်တွေနဲ့ မိုခါမုန်တိုင်း သင့်ပြည်သူတွေ ပြန် လည်ထူထောင်ရေးက နလန်မထူနိုင်သေးတဲ့ အခြေအနေ ရှိနေတယ်။”

ရခိုင်မြောက်ပိုင်းမှာ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေအပြင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်ကလည်း ၇ သောင်းနီးပါး ရှိနေသေးတယ်လို့ ဒေသတွင်း စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

လက်ရှိမှာတော့ တချို့စစ်ဘေးဒုက္ခစခန်း တွေကို WFP စားနပ်ရိက္ခာ ပုံမှန်ထောက်ပံ့မှုတွေ ရှိပေမဲ့ လုံလောက်မှုမရှိသလို၊ မိုခါ မုန်တိုင်းနဲ့ တခြား ရေဘေးသင့်တာလို သဘာဝဘေး အန္တရာယ်တွေကိုလည်း ထပ်တိုး ကြုံနေရတာပါ။ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ မရတဲ့အခါ ဒုက္ခသည်တွေအတွက် အကျပ်အတည်းတွေ ပိုဆိုးလာနေတာဖြစ်တယ်လို့လည်း လူသားချင်း စာနာကူညီပေးနေသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG