သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းသင့် ရခိုင်ဒေသတချို့မှာ ရာသီတုတ်ကွေး အဖြစ်များနေ


အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)

မိုခါမုန်တိုင်းအလွန် ရခိုင်ဒေသက စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ နေရာအတော်များများမှာ ဒီရက်ပိုင်း ရာသီတုတ်ကွေး အဖြစ်များလာတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်မှာ ဆေးဝါးသယ်ယူခွင့်နဲ့ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့်လည်း ရာသီတုတ်ကွေး ပိုအဖြစ်များနေပြီး ကျန်းမာရေး စောင့်ရှောက်မှုရဖို့ အခက်အခဲတွေ ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော် က တင်ပြပေးပါမယ်။

မိုခါ မုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများတဲ့ ရခိုင်ပြည်နယ်တွင်းက ရသေ့တောင်မြို့နယ်မှာ စစ်ဘေးဒုက္ခ သည်စခန်းတွေ အပါအဝင် လူတော်တော်များများ ရာသီတုတ်ကွေး ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရသေ့တောင်မြို့ပေါ်က စစ်ဘေးဒုက္ခသည် စခန်းတခုမှာဆိုရင် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ တော်တော်များများ ရာသီတုတ်ကွေး ဖြစ်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တဦးက ပြောပါတယ်။

“တော်တော်များများဖြစ်နေကြတယ်။ ကလေးတွေ သက်ကြီးရွယ်အိုတွေ တော်တော်များများ ကို ဖြစ်ကြတယ်။ ဒီမှာ နေရထိုင်ရတာလည်း အရမ်းကျဉ်းကျပ်တယ်။ သန့်ရှင်းမှုလည်းမရှိဘူး။ ပြီးလို့ရှိရင်လည်း ဘယ်လိုပြောရမလဲ မိုခါအလွန်ကာလမှာ ပြန်လည်ထူထောင်ရေး အရမ်း နောက်ကျတာကို ကူညီကယ်ဆယ်ရေးတွေကလည်း မရှိဘူး။ အရင်က ICRC ကပေးတဲ့ အဆောက်အဦးတွေလည်း အခုနောက်ပိုင်း ICRC ကလည်း ရပ်တန့်လိုက်ပြီဆိုတော့ ကိုယ်ထူကိုယ်ထနဲ့ မိုးအစိုခံပြီးတော့ နေကြတယ်။ တာပေါ်လိပ်အောက်တွေမှာ နေရတယ်။ ရာသီဥတုကလည်း ပူလိုက်အေးလိုက် ဖြစ်နေတာကိုး။ ပြီးတော့ ခြင်ထောင်တွေကလည်း အလုံအလောက်မရှိဘူး။ အဲတာတွေနဲ့ ဆိုင်တယ်ထင်ပါတယ်။ တော်တော်များများကို ဖျားကြတယ်။ ကလေးတွေ ဆေးရုံမှာဆိုရင် ပြည့်နှက်နေတာပဲ အခုဆိုရင်။”

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ ရခိုင်ဒေသက နေရာတော်တော်များများမှာ သောက်သုံးရေ မသန့်ရှင်းတာ၊ လုံခြုံတဲ့ အမိုအကာ မရှိတာတွေကြောင့် ဒီရက်ပိုင်း ရာသီတုတ်ကွေး ဖျားနာမှုတွေနဲ့ တခြား ရေကြောင့်ဖြစ်တဲ့ရောဂါတွေ အဖြစ်များနေတာ တွေ့ရတယ်လို့ မုန်တိုင်းဒဏ်သင့် မြို့နယ်တချို့က ကျေးလက်ဒေသတွေမှာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တဦး ကလည်း ပြောပါတယ်။

“လက်ရှိက ကျနော်တို့ တွေ့ရတာကတော့ အစကတော့ ဝမ်းပျက်ဝမ်းလျောတွေ ရှိတယ်ပေါ့လေ။ ရေတွေက မသန့်တော့ ဝမ်းပျက်ဝမ်းလျော ဖြစ်တယ်။ လက်ရှိ အခု ကျနော်တို့ ပြန်တွေ့ နေရတာက ငှက်ဖျားပေါ့နော်။ ငှက်ဖျားနဲ့ ပတ်သတ်ပြီး တော်တော်လေး ပြန်တွေ့ နေရတယ်။ တချို့ဟာတွေ ကျတော့ တော်တော်လေးကို အခြေအနေ ဆိုးတယ်ပေါ့နော်။ ငှက်ဖျားအဆင့် ၄ အထိ ဖြစ်ပြီးတော့ ဆေးရုံးတက်ရတဲ့ လူတွေရှိတယ်။ အဲလိုမျိုး အခုတလော တော်တော်ပြန် တွေ့ရတယ်။”

မုန်တိုင်းအလွန်ကာလမှာ စားနပ်ရိက္ခာ မလုံလောက်တာ၊ နေထိုင်ဖို့ အဆောက်အဦးတွေ မရှိတာတွေအပြင် ငွေကြေးမရှိ တာကြောင့် အခုလို ဖျားနာမှုတွေ ကြုံနေရပေမဲ့ လည်း ဆေးဝါးကုသမှု ခံယူဖို့ အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခတဦးက ပြောပါတယ်။

“ ဆေးရုံလည်းမတင်ကြဘူး ဘာဖြစ်လို့လဲ ဆိုတော့ ဆေးရုံတင်ဖို့လည်း ပိုက်ဆံမရှိကြဘူး၊ အဲဒီတော့ ပြင်ပဆေးတွေကို သောက်နေရတယ်။ ပြီးလို့ရှိရင် MSF ကဖွင့်တဲ့ ဆေးခန်းတွေ သွားတယ်၊အဲတာနဲ့ မသက်သာရင် အပြင်က ဆေးဆိုင်တွေက ဆေးတွေဝယ် သောက်ကြတယ်၊ အခုနောက်ပိုင်း ဆိုလို့ရှိရင်လည်း ရိက္ခာအထောက်အပံ့တွေမရတော့ဘူးဆိုတော့ သူတို့မှာလည်း ဘယ်လိုမှမတတ်နိုင်ဘူး။”

ရခိုင်ဒေသက မြို့နယ်တော်တော်များများမှာ ရာသီတုတ်ကွေး အဖြစ်များနေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း တုံ့ပြန်ဖြေကြားမှု တစုံတရာ မရရှိသေးပါဘူး။

ရခိုင်မြောက်ပိုင်းမှာ ဆေးဝါးသယ်ယူခွင့်တွေကို စစ်ကောင်စီက လုံးဝ တားမြစ်ထားတာကြောင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တွေအနေနဲ့လည်း မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ သွားရောက် ကူညီပေးတဲ့အခါ အခက်ကြုံနေကြရတယ်လို့ ဆရာဝန်တဦးက ပြောပါတယ်။

“လက်ရှိအချိန်ထိ သယ်ယူလို့ မရသေးဘူး။ ဆေးဝါးမပြောနဲ့ ကျနော်တို့ စားနပ်ရိက္ခာတွေ တခြားပေးမယ့် ပစ္စည်းတွေ သယ်တာတောင် အထက်က ခွင့်ပြုချက်တွေ ဘာတွေ တောင်းရတာတွေ ရှိတယ်၊ အဲလိုမျိုးမရဘူးဆိုရင်တော့ သယ်ယူလို့မရဘူးပေါ့နော်၊ ဆေးဝါးဆိုရင်တော့ ပိုဆိုးတာပေါ့ ကျနော်တို့ သယ်ယူလို့မရတဲဲ့ အပိုင်းတွေရှိတယ်၊ တခြားနည်းလမ်းတွေနဲ့ပဲ သယ်ယူကြရတယ်၊ နောက်တခုက ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ သွားလာရတဲ့ အပိုင်းမှာလည်း စစ်ကောင်စီနဲ့ အထိတွေ့ဖို့ အရေး ကျနော်တို့က ရှောင်ကွင်းပြီးတော့ သွားနေရတယ် အဲတာတွေကတော့ ကျနော်တို့ လက်ရှိကြုံနေရတဲ့ အခက်အခဲတွေပေါ့နော်။”

လက်ရှိအချိန်ထိ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသတွေမှာ စစ်ကောင်စီရဲ့ တားမြစ်ကန့်သတ်ချက်တွေကြောင့် ဒေသခံတွေ စားဝတ်နေ ရေး အခက်ကြုံနေကြရသလို ပြည်တွင်းပြည်ပ လူသားချင်း စာနာမှုအကူအညီပေးရေး အဖွဲ့တွေရဲ့ ကူညီထောက်ပံ့ရေးနဲ့ ခရီးသွားလာခွင့်တွေလည်း တားမြစ်ပိတ်ပင်ခံထားရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG