သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ မုန်တိုင်းကယ်ဆယ်ရေး ထိထိရောက်ရောက် ပံ့ပိုးမှုမရသေး


မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃
မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃
မုန်တိုင်းကြောင့်တန်ဖိုး ကျပ် ၅၂၂ ဘီလီယံကျော်ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် လက်ရှိအချိန်ထိ ပြည်ထောင်စုက ကျပ် ၁၂ဘီလီယံ လောက်သာ သုံးစွဲခွင့်ပြုထားတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ကို နိုင်ငံတကာကလည်း ထိထိရောက်ရောက် ကူညီထောက်ပံ့ပေးတာမရှိသေးဘူးလို့လည်း ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်း ကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း ကိုသားညွန့်ဦး ပြောပြမှာပါ။
မုန်တိုင်းသင့် ရခိုင်ဒေသမှာ စစ်ကောင်စီက ကောက်ယူခဲ့တဲ့ စာရင်းအရ တန်ဖိုးကျပ်ငွေ ၅၂၂ ဘီလီယံကျော် အထိပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပြည်ထောင်စုက မုန်တိုင်းသင့် ရခိုင် ဒေသအတွက် ၁၂ ဘီလီယံအထိသုံးစွဲခွင့်ပြုထားတယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။
“ အပျက်အစီးအနေနဲ့ စာရင်းပြုစုတဲ့အခါမှာ ၅၂၂ဘီလီယံဆိုတော့ ၅၂၂ဘီလီယံပျက်စီး တာကို အကုန်လုံး ဖြည့်ဆည်းပေးဖို့ ဟာကတော့ဘယ်နိုင်ငံမှာက မဖြစ်နိုင်ဘူးလေ၊ ငါတို့က ဆင်းရဲတဲ့ နိုင်ငံဆိုတော့ ပိုမဖြစ်နိုင် ဘူးပေါ့၊ ဆိုတော့ ပျက်တာကို အကုန်ပေးရမယ်လို့ Guaranteed လည်းမရှိဘူး။ နိုင်ငံတကာမူဝါဒလည်း မရှိဘူး၊ သို့သော် ပြည်ထောင်စုက လော လောဆယ် ၁၂ဘီလီယံဖို့ ပြန်လည်ထူထောင်ရေးတွေမှာ သုံးစွဲဖို့ ခွင့်ပြုထားတယ်နော်။”
လက်ရှိရခိုင်ပြည်နယ်အတွက် စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုတွေနည်းပါးနေသလို ပိတ်ပင်ထားတဲ့ နိုင်ငံတကာအကူအညီပေးရေးတွေကိုခွင့်ပြုပြီးတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ ရခိုင်အရေး ကျွမ်းကျင်သူ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
“ ဘီလီယံ ၅ဝဝနဲ့ ၁၂ဘီလီယံဆိုတာ တအားကွာတယ်၊ တချို့တဝက်လောက်ဆိုရင်တော့ နည်းနည်းခံသာ မှာပေါ့ အခုလိုအပ်ချက်က များပြီးတော့ အစိုးရ ထောက်ပံ့တာက သိပ်နည်း နေတယ်၊ နို်င်ငံတကာ အကူအညီတွေကိုလည်း သူတို့က တားစီး စစ်ဆေးပိတ်ပင်တယ်။ အဲတာမျိုး တဖက်က လုပ်ထားတဲ့အခါမှာ ပိုပြီးတော့ ဆိုးလာတာပေါ့၊ ကိုယ့်ငွေနဲ့ ကိုယ်မနိုင်ဘူးဆိုရင်တောင် နို်င်ငံတကာအကူအညီတွေကို ဖိတ်ခေါ်သင့်တယ်၊ ပြီးတော့ ပိတ်ပင်မထားပဲ ပြည်သူတွေ၊ မုန်တိုင်းသင့် ပြည်သူတွေဆီကို တိုက်ရိုက် ရောက်အောင် အစိုးရ ကူညီ ဆောင်ရွက်သင့်တယ် အဲလို အဖြေရှာနိုင်ရင်တော့ အကောင်းဆုံးပဲ။ ”
ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ဒေသခံတွေကို ပြည်တွင်းပြည်ပ ကူညီပေးရေးအဖွဲ့တွေက အရေးပေါ် ကူညီထောက်ပံ့ရေးတွေ လုပ်ဆောင်နေကြတာရှိပေမယ့် စစ်ကောင်စီရဲ့ ကန့်သတ်ချက် စစ်ဆေး တားဆီးမှုတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ မှာအခက်ကြုံနေရ တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကတော့ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် အတွက် နိုင်ငံတကာအကူအညီတွေ အခုအချိန်ထိ ထိထိရောက်ရောက် မရောက်သေးဘူးလို့ပြောပါတယ်။
“ လောလောဆယ်တော့ နိုင်ငံတကာက လှူတဲ့၊ တန်းတဲ့ ထောက်ပံ့တဲ့ဟာတွေက ထိထိမိမိ မရောက်လာ သေးဘူး၊ နည်နည်းပါးပါးစီထောက်ပံ့တဲ့ ထဲမှာတော့ အန္ဒိယက သင်္ဘော၃စီးနဲ့ လာပေးတဲ့ ပစ္စည်းတွေတော့ ရှိတာပေါ့နော်၊ နောက် WFP တို့ UNHCR တို့ ဒီအဖွဲ့တွေက ပေးဖို့အတွက် ပြည်ထောင်စုနဲ့ ညှိနှိုင်းနေတယ်။ တချို့ဟာတွေလည်းအဆင်ပြေတယ်။ မကြာ ခင်ပေး မယ်လို့လည်း သိရတာပေါ့နော်၊ နောက်ပြီးတော့ ပြည်ထောင်စုက သတင်းတွေ ထဲမှာ တွေ့တာပေါ့ကွာ။ တရားဝင် သတင်းဌာနာတွေက ကြေငြာတာ အင်းဒိုနီးရှား ကလည်း မကြာခင်မှာ ဒေါ်လာ ၆ဝဝဝဝဖိုးလောက် လာပြီးတော့ လှူမယ်ပေါ့နော်၊ အဲလိုဟာလည်းတွေ တော့ရှိမှာတော့ တဖြေးဖြေးနဲ့။”

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ခွင့် စစ်ကောင်စီဖက်က ဆိုင်းငံ့ထားတယ်လို့ ကုလအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အခုလို ဝင်ရောက်ခွင့် ဆိုင်းငံ့ခံထားရတာဟာ ရခိုင်ပြည်နယ်အတွင်း လာမယ့်လတွေမှာ လူသားချင်းအကူအညီ ရရှိနိုင်ဖို့ ရည်ရွယ်ထားတဲ့ လူ ၁ သန်းကျော်အတွက် နစ်နာစေတယ်လို့ ကုလသမဂ္ဂဌာနေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးကလည်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG