သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါဒဏ်သင့် ရခိုင်လယ်သမားတွေ စိုက်ပျိုးဖို့ အခက်ကြုံ


အင်အားပြင်ဆိုင်ကလုံး"မိုခါ" ဝင်ရောက်အပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဝေဟင်မှတွေ့ရစဉ် (မေ ၁၅၊ ၂၀၂၃)
အင်အားပြင်ဆိုင်ကလုံး"မိုခါ" ဝင်ရောက်အပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဝေဟင်မှတွေ့ရစဉ် (မေ ၁၅၊ ၂၀၂၃)

ပြီးခဲ့တဲ့ မေလက တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းမှာ နေအိမ်တွေ သိန်းနဲ့ချီ ပျက်စီးသွားသလို မိုးစပါးစိုက်ရေးအတွက်လည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ရခိုင်တောင်သူတွေအနေနဲ့ လက်ရှိအချိန်ထိ လယ်ထွန်ယက်ဖို့အတွက် မပြင်ဆင်ရသေးသလို မျိုးစပါးနဲ့ ငွေကြေး အခက်အခဲတွေရှိနေကြတယ်လို့ လယ်သမားတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ဆိုင်ကလုန်းမိုခါ ဒဏ်သင့်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၁၀ ခုလောက်ဟာ တော်တော်အထိနာခဲ့ပါတယ်။ ဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးသွားတာကြောင့် မိုးစပါးအတွက်ချန်ထားတဲ့ မျိုးစေ့တွေ ပျက်စီသွားကြသလို ကျွဲ၊ နွားတွေသေဆုံးတွေလည်း ရှိခဲ့တာပါ။

လက်ရှိအချိန်အထိ ရခိုင်မြောက်ပိုင်းမှာရှိတဲ့ တောင်သူလယ်သမားတွေဟာ လယ်ယာလုပ်ငန်းကို စတင်ဖို့ ခက်ခဲနေသလို မျိုးစပါး၊လယ်ယာသုံးပစ္စည်းတွေနဲ့ ငွေကြေး အခက်အခဲတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ပြောခွင့်ရ ဦးအောင်ကျော်မြတ်က ပြောပါတယ်။

“အခုက မိုခါ မုန်တိုင်းကြောင့် ကျနော်တို့ တောင်သူတွေမှာ အိမ်တွေဘာတွေ ပျက်စီးပြီးတော့ မျိုးစပါးတွေ ပျက်စီးသွားတာတွေရှိတယ်။ နောက်ပြီးတော့ ကျွဲ၊ နွားတွေလည်း သေသွားကြတယ်။ အဲတာကြောင့် အခုလောလောဆယ် မိုးလည်း ကျနေပြီဆိုတော့ ကျနော်တို့ လယ်သမားတွေ အနေနဲ့တော့ မျိုးပါအခက်အခဲရှိတယ်။ ကျွဲ၊ နွားတွေ သေသွားတဲ့ တောင်သူတွေမှာလည်း ထွန်းယှက်မှုပိုင်းမှာ တော်တော် အခက်အခဲရှိတယ်။ နောက်ပြီးတော့ လယ်ယာမှာ ရင်းနှီးမြှပ်နှံ့ဖို့အတွက် လုံးပန်းထားတဲ့ ငွေကြေးတွေဆိုရင်လည်း မုန်တိုင်းကြောင့် ပျက်သွားတဲ့ အိမ်တွေကို လုပ်ရလို့ ကုန်သွားတာကြောင့် မျိုးစပါး အခက်အခဲ၊ ထွန်းယှက်မှု အခက်အခဲ ၊နောက် ရင်းနှီးမြှပ်နှံ့မှုအခက်အခဲပေါ့။ ဓာတ်မြေသြဇာဝယ်ဖို့ ကိစ္စတို့ လုပ်သားငှားဖို့ ကိစ္စတို့ အားလုံး တော်တော်ကို အခက်အခဲဖြစ်ပြီးတော့ ဒုက္ခရောက်နေကြပါတယ်။”

အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက အုန်းတောချေရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက အုန်းတောချေရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)

ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာက လယ်သမားတဦးဖြစ်တဲ့ ဦးထွန်းတင်စိုးကတော့ နှစ်တိုင်းဆိုရင် ဒီအချိန် လယ်ယာလုပ်ငန်း စတင်နေပေမယ့် ဒီနှစ်ကတော့ မုန်တိုင်းကြောင့် ပျက်သွားတဲ့နေအိမ်တွေကို ပြင်နေရတာနဲ့ အခုအချိန်ထိ လယ်ထဲမဆင်းရသေးဘူး လို့ပြောပါတယ်။

“နှစ်တိုင်းဆိုရင် ဒီအချိန် လယ်စထွန်ပြီး နယုန်လဆန်းပိုင်းလောက်ဆိုရင် စထွန်ပြီ။ မုန်တိုင်းကြောင့် အခက်အခဲဖြစ်သွားတာပေါ့။ ပျက်စီးသွားတဲ့ အိမ်တွေကိုပြန်ပြင်နေကြတယ်။ ကျနော်တို့ဆိုရင် ဘာတခုမှမပြင်ရသေးဘူး၊ ၁၀၀ ရာခိုင်နှုန်း ပျက်သွားတယ်။”

ဒါ့အပြင် လယ်သမားတွေ အကုန်လုံးနီးပါး မုန်တိုင်းကြောင့် မျိုးစပါးတွေ ပျက်စီးသွားကြတာကြောင့် မျိုးစပါးတွေ လိုအပ်နေတယ်လို့လည်း ဦးထွန်းတင်စိုးပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ မိုခါတိုက်ပြီးနောက်ပိုင်း မျိုးစပါးတွေ အိမ်တိုင်းလိုလို ပျက်စီး သွားပါတယ်ခင်မျာ။ အဲတာကြောင့် မျိုးစပါးတွေ တော်တော် ခက်ခဲနေတယ်။ကျနော်တို့လည်း မြို့နယ်ကိုတော့ တင်ပြထားပါတယ်။ မျိုးစေ့တွေ ရချင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ခုနှစ်ကလည်း မိုးတွင်းမှာ မိုရေချိန်လက်မှတ်မပြည့်တာရယ်၊ ဓာတ်မြေသြဇာတွေ ဈေးကြီးတာကြောင့် စပါးအထွက်နှုန်းကျ ဆင်းခဲ့ပါတယ်။ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ လယ်ယားလုပ်ငန်းဟာ ပြည်နယ်ရဲ့ အသက်သွေးကြော လုပ်ငန်းဖြစ်သလို မိုးစပါးတခုတည်းကိုသာ အားထား စိုက်ပျိုးကြတာလည်း ဖြစ်ပါတယ်။ တခြား ဆောင်းသီးနှံတွေ စိုက်ကြပေမယ့် တပိုင်တနိုင် အနည်းအကျင်းလောက်သာ ရှိပါတယ်။

ဒါကြောင့် လက်ရှိ အခက်ကြုံနေရတဲ့ တောင်သူလယ်သမားတွေအတွက် အာဏာပိုင်တွေအနေနဲ့ ပျိုးစပါးတွေ၊ လယ်ယာသုံးပျက်စီးတွေ ထောက်ပံ့ပေးသင့်တယ်လို့လည်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂပြောခွင့်ရ ဦးအောင်ကျော်မြတ်က ပြောပါတယ်။

“ လက်ရှိအခြေအနေမှာ ရခိုင်တောင်သူတွေအတွက် အစိုးရဖက်က ကူညီမယ်ဆိုရင် ထွန်ယှက်စိုက်ပျိုးရေး အပိုင်းမှာ ကျွဲ၊ နွားတွေမရှိတော့တဲ့နေရာမှာ စက်ကိရိယာတွေ ကူညီဖို့အတွက် လိုအပ်တယ်၊ မျိုးစေ့တွေ ထုတ်ပေးသင့်တယ်၊ နောက်ပြီးတော့ အရင်းအနှီးငွေကြေးအားဖြင့်လည်း သွင်းအားစုတွေကို တနည်းတဖုံနဲ့ ကူညီရင်တော့ ကောင်းမယ်လို့ထင်ပါတယ်။ ”

ရခိုင်ပြည်နယ်မှာ လယ်ဧကစုစုပေါင်း ၁၂ သိန်းကျော်ရှိပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နောက် ပိုင်းကစလို့ ဒေသမငြိမ်မသက်မှုတွေကြောင့် ၉သိန်းလောက်သာ နှစ်စဉ်ပုံမှန် စိုက်ပျိုးနိုင်တော့တယ်လို့ တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းအရ သိရပါတယ်။လက်ရှိမှာ လည်း ရခိုင်တောင်သူတွေအနေနဲ့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ဖို့အတွက် လုံခြုံတဲ့ အမိုးအကာအောက်ကို ရောက်နိုင်ဖို့ ကြိုးစားနေကြသလို စားဝတ်နေရေးအတွက် ရုန်းကန် နေကြရတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG