ပြီးခဲ့တဲ့ ရက်ပိုင်းကပိတ်ထားခဲ့တဲ့ ရခိုင်မြောက်ပိုင်းက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို စစ်ကောင်စီက မနေ့က ပြန်လည် ခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် ရခိုင်မြောက်ပိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ခွင့်ပြုမိန့်ရရှိတဲ့ အဖွဲ့အစည်းတွေသာ တရားဝင် သွားလာကူညီခွင့်ရှိတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။
မိုခါ မုန်တိုင်းကြောင့် လူတသန်းကျော်လောက် ဒုက္ခရောက်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို စစ်ကောင်စီက ဇွန်လ ၈ရက်နေ့က ပိတ်လိုက်ပေမယ့် မနေ့က ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ စစ်ကောင်စီက အခုလို ခွင့်ပြုလိုက်တာကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ People For People အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်လို့ ထုတ်ပြန်တဲ့အချိန်မှာတော့ ကျနော်တို့က ရပ်ထားရတာပေါ့။ ဒါပေမယ့် မနေ့က သူတို့က ဖွင့်လိုက်ပြီဆိုတော့ ဒီတရက်၊ နှစ်ရက်မှာတော့ သွားဖို့စီစဉ်နေတယ်။ လက်ရှိ သူတို့ပြောထားတဲ့ TA ကလည်း သက်တမ်း ရှိသေးတော့လေ။ သက်ဆိုင်ရာ မြို့နယ် ထွေအုပ်တွေနဲ့ ပေါင်းပြီးတော့ လုပ်ဖို့ကြိုးစားနေပါတယ်၊ ဒီတရက်၊ နှစ်ရက်မှာ ပေးမယ်လို့တော့ စီစဉ်နေကြပါတယ်။”
ဒေသခံကူညီရေးအဖွဲ့တွေ အပါအဝင် နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ရခိုင်မြောက်ပိုင်းက ဒုက္ခသည်တွေကို ကူညီတဲ့အခါ စစ်ကောင်စီနဲ့ ပူပေါင်းလုပ်ဆောင်ဖို့ ပြောဆိုထားသလို ကူညီမယ့် အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကောင်စီထံမှာ ခွင့်ပြုချက်တင်ရတယ်လို့လည်း People For People အဖွဲ့ တာဝန်ရှိသူက အခုလို ဆက်ပြောပါတယ်။
“အစိုးရကတော့ သူတို့နဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပါ၊ အတတ်နိုင်ဆုံး သူတို့ရဲ့ ခွင့်ပြုချက်နဲ့ သွားပါလို့တော့ ပြောထားတာပေါ့။ ကျနော်တို့ကတော့ နိုင်ငံတကာအဖွဲ့တွေနဲ့ တွဲလုပ်နေတယ်လေ။ နိုင်ငံတကာအဖွဲ့တွေက သူတို့နဲ့ ပူပေါင်းတဲ့အခါမှာ သူတို့ခွင့်ပြုချက်ရမှ လုပ်စေချင်တာပေါ့။ ကျနော်တို့လည်း ခွင့်ပြုချက် တင်ရတာပေါ့လေ။ ကျနော်တို့က Local အဖွဲ့ဆိုပေမယ့် နိုင်ငံတကာအဖွဲ့တွေမှာက ခွင့်ပြုချက်ရမှ လုပ်ရတာကို။ ဒါကြောင့် ကျနော်တို့ကတော့ ခွင့်ပြုချက်ရအောင်တော့ ကြိုးစားတာပေါ့လေ။”
လက်ရှိမှာတော့ ဒုက္ခသည်တွေ ကူညီရေးကို ကူညီပေးနိုင်ရေးအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းကူညီတဲ့ အဖွဲ့အစည်းတွေ ရှိသလို တချို့အရပ်ဖက် အဖွဲ့အစည်းတွေဟာလည်း အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်း မလုပ်ဆောင်ကြဘူးလို့လည်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ကိုမင်းဘာချေက ပြောပါတယ်။
“သေချာတာကတော့ စကစနဲ့ ပေါင်းပြီးတော့ အလုပ်လုပ်တယ်ဆိုလို့ရှိရင် အစည်းအဝေးခေါ်တာတို့၊ တချို့တော့ ကိစ္စတွေမှာ ပါဝင်ပြီး နိုင်ငံရေးအရ အသုံးချတာတို့၊ ဒါအများကြီးပဲ။ အဲဒီအခါမှာ စကစ ဆိုတာက လက်ရှိရခိုင်ရဲ့ ကိုယ်စားပြုတဲ့ အစိုးရ မဟုတ်ဘူးပေ့ါနော်။ အာဏာသိမ်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲတာကြောင့် ကျနော်တို့က သူတို့နဲ့ ပေါင်းစည်းဖို့မလိုဘူး၊ ရခိုင်မှာရှိတဲ့ ကိုယ်းစားပြုတဲ့ အစိုးရနဲ့ ပေါင်းစပ်ဖို့ ရခိုင် အရပ်ဖက်အဖွဲ့အစည်းတွေက အဆင်သင့်ဖြစ်တယ်။ ဆိုတော့ ခုနကပြောတဲ့ မှတ်ပုံမတင်တဲ့ ကိစ္စတွေ၊ ခွင့်ပြုမိန့် မတင်တာတွေက အဲတာတွေနဲ့ ဆိုင်တယ်။”
စစ်ကောင်စီထံမှာ ခွင့်ပြုချက် တင်မထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ခရီးသွားရေးပိုင်းတွေမှာ ခက်ခဲနေဆဲဖြစ်တတယ်လို့လည်း ကိုမင်းဘာချေက ဆက်ပြောပါတယ်။
“ခရီးသွားလာခွင့်တွေနဲ့ ပတ်သတ်ပြီး ဂိတ်တွေမှာ စိစစ်နေတဲ့ အပိုင်းတွေရှိတယ်ပေါ့လေ။ ခွင့်ပြုမိန့်မပါဘူး ဆိုလို့ရှိရင်တော့ ခရီးသွားလာခွင့်တွေ သူတို့ ပိတ်ပင်တယ်၊ မသွားရဘူး၊ အဲလိုမျိုးတွေ ရှိတယ်။ ခွင့်ပြုမိန့် မပါပဲသွားတဲ့ အဖွဲ့တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှောင်ပြီးတော့ သွားကြတာပဲရှိတယ်။ ဘယ်သူမှ တည့်တိုးတယ်ဆိုလို့ရှိရင်တော့ သူတို့အနေနဲ့ မသွားရဘူး၊ ပြန်လွတ်တယ်။ ခွင့်ပြုမိန့်ပါမှ သွားရတယ်။”
အခုလို ပြည်သူတွေ ဒုက္ခရောက် အခက်အခဲကြုံနေတဲ့ အခြေအနေမျိုးမှာ ဒုက္ခသည် ကူညီ ထောက်ပံ့ရေးအတွက် တဖက်တလမ်းက ကူညီနေကြတဲ့ ဒေသခံအရပ်ဖက်အဖွဲ့ အစည်းတွေကို စစ်ကောင်စီအနေနဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးသင့်တယ်လို့လည်း ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
လူသားချင်းစာနာတဲ့ အကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းတွေကို ခွင့်ပြုထားတဲ့ သွားလာခွင့် ဆိုင်းငံ့လိုက်တဲ့အတွက် မုန်တိုင်းဒဏ်သင့် နေရာတွေအတွက် အခြေအနေ ပိုဆိုးစေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး UN-OCHA က ထုတ်ပြန်ခဲ့ပါတယ်။ လောလောဆယ်အထိ မုန်တိုင်းဒဏ်သင့် ပြည်သူ ၁ သိန်း ၁ သောင်းအတွက် နေရာထိုင်ခင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့တယ်လို့ OCHA ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ရခိုင်မြောက်ပိုင်းနဲ့ မကွေးတိုင်းဒေသက မုန်တိုင်းဒဏ်သင့်ပြည်သူ ၂၃၀,၀၀၀ အတွက် အသက်ကယ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးပြီးဖြစ်သလို မုန်တိုင်းဒဏ်ခံရတဲ့ ဒေသက လူဦးရေ ၈၀၀,၀၀၀ လောက်ကို သုံးလစာ အရေးပေါ်အထောက်အပံ့နဲ့ ငွေသားတချို့ ထောက်ပံ့ပေးဖို့ ဆောင်ရွက်နေတယ်လို့လည်း WFP ရဲ့ မေလ ၃၁ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။