သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က မုန်တိုင်းသင့်ဒေသတွေမှာ ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ်များနေ


ရခိုင်မြောက်ပိုင်းက မြို့နယ် တချို့မှာ ပြန်လည်‌‌ထူထောင်ရေး AA ပါဝင်
ရခိုင်မြောက်ပိုင်းက မြို့နယ် တချို့မှာ ပြန်လည်‌‌ထူထောင်ရေး AA ပါဝင်

ရခိုင်ပြည်နယ်မြောက်ပိုင်းက မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျော ဖြစ်တာတွေ များလာတယ်လို့ မုန်းတိုင်းသင့်ဒေသတွေကို ဆေးလိုက်ကုပေးနေတဲ့ ဒေါက်တာ ကျော်မင်းထွန်းက ပြောပါတယ်။ ရခိုင်မြောက်ပိုင်းကမုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ဆေးဝါးသယ်ယူခွင့်တွေ ကန့်သတ်ခံထားရတာကြောင့် ကျန်းမာရေးစောင့်ရှောင်မှုတွေ အားနည်းနေတယ်လို့လည်း ဒေသခံတွေကို လိုက်လံဆေးကုသပေးနေတဲ့ ဆရာဝန်တဦးက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

မိုခါမုန်တိုင်းကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်းက ဒေသ တော်တော်များများမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ အဖြစ်များလာတယ်လို့ ရခိုင်က မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ရန်ကုန်ကနေ အဖွဲ့လိုက် သွားရောက် ဆေးကုသပေးနေတဲ့ ဒေါက်တာ ကျော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒေသခံတွေကို မေးလိုက်တော့ ဘာဖြစ်တာလဲပေါ့၊ အဖြစ်များတဲ့ဟာဆိုရင် ဆေးတွေ ယူသွားတာပေါ့နော်။ ဒီတခါက်မှာဆိုရင် ဝမ်းပျက်ဝမ်းလျောတွေ စပြီပေါ့နော်။ သောက်သုံးရေ မသန့်တဲ့ ပြဿနာကြောင့် ဝမ်းပျက်ဝမ်းလျှောတွေအဖြစ်များလာတယ်၊ အဲဒီအတွက်ကို ဒီကနေ တခါတည်း ဆေးယူသွားတယ်။ ပထမသွားတုန်းက ထိခိုက် ဒဏ်ရာရ လူနာများတယ်။ နောက်ပိုင်းမှာ အဲဒီလူနာက ကျနော်တို့ ဆေးပေးကုလိုက်တော့ သက်သာသွားတယ်။ တကယ်လို့ ခွဲစိတ်ဖို့လိုတဲ့ လူနာတွေကျတော့ ကျနော်တို့ တိုက်နယ် ဆေးရုံတွေ၊ စစ်တွေဆေးရုံတို့ကို ချိတ်ဆက်ပြီးတော့ ကျနော်တို့ လွှဲပြောင်းပေးလိုက်တယ်။ အခုကတော့ ဝမ်းပျက် ဝမ်းလျှောတွေ များပါတယ်။ မိုးတွင်းလည်းဖြစ်နေတော့ ဝမ်းပျက်ဝမ်းလျှော ရာသီပုံစံမျိုးလည်း ဖြစ်နေတာပေါ့။”

ဒါ့အပြင့် ရခိုင်မြောက်ပိုင်းက မုန်တိုင်းဒဏ်သင့်ဒေသတွေကို ဆေးလိုက်ကုသပေးနေတဲ့ ရခိုင် ဒေသခံဆရာဝန် တဦးကလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့ ဒေသတွေမှာ တရွာလုံးလိုလို ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတာတွေရှိတယ်လို့ ပြောပါတယ်။

“အများအားဖြင့်တော့ တွေ့ရပါတယ်၊ တချို့နေရာတွေမှာဆိုရင် တရွာလုံးလိုလို ဖြစ်ကြတယ်။ တချို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အကူအညီ မရနိုင်တဲ့နေရာတွေမှာဆိုရင် တရွာလုံး လိုလို ဖြစ်နေတဲ့ ပုံစံမျိုးမှာရှိတယ်၊ ဝမ်းပျက် ဝမ်းလျှောတွေလေ။”


ပုဏ္ဏားကျွန်းမြို့နယ်၊ ပြိုင်းတောကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း စားဝတ်နေရေး ခက်ခဲနေသလို မသန့်ရှင်းတဲ့ သောက်သုံးရေတွေကြောင့် ဝမ်းပျက် ဝမ်းလျော ဖြစ်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တဦးဖြစ်တဲ့ ဦးကျော်လှက ပြောပါတယ်။

“သောက်သုံးရေကတော့ ကျနော်တို့ဖက်မှာ မိုးကလည်း သိပ်ရွာတာမဟုတ်တော့ သောက်သုံးရေ အခက်အခဲရှိတယ်။ ဝမ်းပျက် ဝမ်းလျှောတွေဖြစ်တယ်၊ သောက်သုံးရေ မသန့်ရှင်း တော့လေ။ ကလေးတွေရော လူကြီးတွေရော အကုန်လုံးဖြစ်ကြတာပါပဲ။”

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဗုဒ္ဓေါကျေးရွာမှာဆိုရင်လည်း ဖျားနာတာတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ ရှိနေတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“အပူဒဏ်နဲ့ နေရာတာကလည်း မိုမလုံ လေမလုံဆိုတော့ ဖျားတာနာတာတွေရှိတယ်။ သောက်ရေကလည်း မကောင်း သန့်သန့်ရှင်းရှင်း မသောက်ရ၊ စားတာကလည်း ကောင်းကောင် မစားရဘူး။ ဖျားကြတယ်၊ ဝမ်းလျှောကြတယ်။ ခဏခဏ ဝမ်းသွားနေကြတယ်။ ကလေးတွေ လူကြီးတွေရော ဆေးခန်းလည်းမရှိ၊ ဆေးလာပေးတာလည်းမရှိဘူး” - လို့ ရခိုင်လို ပြောသွားတာပါ။

ရခိုင်မြောက်ပိုင်းက တချို့ဒေသတွေကို စစ်ကောင်စီက သွားရေးလာရေးနဲ့ ဆေးဝါး သယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုတွေ အားနည်းနေတယ်လို့ အဲဒီဒေသတွေမှာ ဆေးဝါးကုသမှုပေးတဲ့ ဒေသခံ ဆရာဝန်တဦးက ပြောပါတယ်။

“လက်ရှိအခက်အခဲက ဘယ်လိုရှိလဲဆိုတော့ တချို့နေရာတွေက အကန့်အသတ်တွေ ရှိတယ်။ ကျနော်တို့ သွားလို့လာလို့မရဘူး၊ လက်ရှိအနေအထားအရ ကျနော်တို့ သွားပြီးတော့ လုပ်နိုင်တဲ့အနေအထားရှိတယ်။ ဒါပေမယ့် ကျနော်တို့မှာ ဆေးဝါးလုံလုံလောက်လောက် မရှိဘူး။ ဆေးဝါးအခက်အခဲရှိတယ်ဆိုတာက လက်ရှိ ကျနော်တို့ ဆေးဝါးသယ်ယူလို့မရ တာတွေရှိတယ်။ ပြီးတော့ ကျနော်တို့မှာက ဆေးဝါးဝယ်ယူဖို့ အတွက် ဘတ်ဂျက်တွေ ဘာတွေ သိပ်မရှိဘူး။ လူတိုင်းက အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာနဲ့ အမိုးအကာအောက်ေ ရာက်ရှိဖို့ အာရုံစိုက်ကြတာဆိုတော့ ဒီဖက်မှာပဲ ဘတ်ဂျက်တွေက အများကြီးသွားကြတာတွေ့တယ်။ ကျန်းမာရေးပိုင်းမှာတော့ သုံးစွဲတဲ့ အဖွဲ့တွေလည်း နည်းတယ်။ လုပ်နေတဲ့ အဖွဲ့တွေမှာလည်။ နဂိုက လုပ်ဖို့လျာထားတဲ့ဟာမဟုတ်တော့ ဆေးဝါးတွေဘာတွေက တိုက်ရိုက်ကြီး ရနိုင်ဖို့ အခက်အခဲရှိတယ်။”

လက်ရှိအနေအထားအရရခိုင်မြောက်ပိုင်းက မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ စစ်ကောင်စီကန့် သတ်ချက်တွေကြောင့် အကူအညီပေးရေး အဖွဲ့တွေလည်း သွားရေးလာရေး ခက်ခဲနေသလို မုန်တိုင်းသင့်ပြည်သူတွေအနေနဲ့ အခုအချိန် ကူညီကယ်ဆယ်ရေး လုံးဝမရှိသေးတဲ့ ကျေးရွာတွေ တော်တော်များများ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့လက တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်မှာ နေအိမ်အဆောက်အဦး ၂၄၀,၀၀၀ကျော်ပျက်စီးခဲ့သလို လူပေါင်းတသန်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG