သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ အကူအညီတွေ ထိရောက်မှုမရှိတဲ့အပေါ် အရပ်ဖက်အဖွဲ့တွေစိုးရိမ်


မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို ၊ မေ ၁၇၊ ၂၀၂၃။
မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို ၊ မေ ၁၇၊ ၂၀၂၃။

မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ သီတင်း ၁ ပတ်ကျော် ကြာလာတဲ့အထိ အကူအညီတွေ ထိထိရောက်ရောက် မရသေးတဲ့အပေါ် ဒေသခံ အကူအညီပေးရေး အဖွဲ့တွေ စိုးရိမ်နေကြပါတယ်။ မုန်တိုင်းသင့်သူတွေအတွက် အရေးပေါ် အကူအညီတွေ အမြန်ဆုံးရဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း သတိပေးနေကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော်ကတင်ပြပေးပါမယ်။

မုန်တိုင်းတိုက်ပြီးဆယ်ရက်ကျော်လာတဲ့ အထိ မြေပြင်မှာ ဒေသခံ ကူညီကယ်ရေးအဖွဲ့တွေလောက်သာ တတ်နိုင်သလောက်ကူညီနေတာတွေရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း မြန်မာအာဏာပိုင်တွေရဲ့ အကန့်အသတ်တွေကြားမှာ ကူညီဖို့ ခက်ခဲနေကြတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ် တွေလုပ်နေတဲ့ Roma Time Organization တည်ထောင်သူ ကိုကျော်လင်းကပြောပါတယ်။

“ မောင်တော ဘူးသီးတောင်ဘက်မှာ အထူးသဖြင့် ဘူးသီးတောင်ဘက်မှာ အရင်ကတည်းက ဆက်သွယ်ရေး မကောင်းတဲ့နေရာတွေက အခုမုန်တိုင်းတိုက်တော့ ပိုဆိုးတယ်။ အဲနေရာ တွေမှာ အခက်အခဲဖြစ်နေတယ်။ အဲတာကို INGO NGO တွေက ကူညီဖို့လုပ်တာ၊ ဒါပေမယ့် စစ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် နှောင့်နည်းကြန့်ကြာ နေတယ်လို့ကြား တယ်။ တချို့သတင်းတွေအရ တကယ်တမ်း ကျရင် မြေမြင်မှာ Local ပရဟိတ သမားတွေ လောက်ပဲ ပေးနိင်တယ် ဥပမာ လိုင်းပေါ်မှာ ပိုက်ဆံစုလိုက်တယ် အဲလို အရေးပေါ်ပုံစံမျိုး လောက်ပဲ ထောက်ပံ့ပေးနိုင်သေးတယ်။ နိုင်ငံတကာအဖွဲ့တွေ တခြား ကြီးကြီးမားမား ကူညီထောက် ပံ့ပေးနိုင်တဲ့ အဖွဲ့တွေက မဝင်နိုင်သေးဘူး နေရာအနှံ့ကိုလေ၊ ပြည်သူအတွက် ကတော့ အဆင်မပြေဘူးပေါ့လေ အဲလို အကန့်အသတ်တွေရှိနေရင်လေ။”

ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းသင့်ပြည်သူတွေကို အကူညီတွေ ရောက်ဖို့ နဲ့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေအနေနဲ့လည်း အချိန်နဲ့တပြေးညီ ကူညီပေးဖို့အပါအဝင် စစ်ကောင်စီဘက်ကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကန့်သတ်ပိတ်ပင်တာတွေ မလုပ်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး မနေ့က ထုတ်ပြန်ထားတာလည်းရှိပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ ကူညီကယ်ဆယ်ရေး လုံးဝမရောက်သေးတဲ့ နေရာတွေ ရှိနေသလို ရောက်တဲ့ အကူအညီတွေဟာလည်း နည်းပါးနေသေးတယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့ အစည်းတာဝန်ရှိသူတဦးကပြောပါတယ်။

“ WFP တို့ ICRC တို့ရဲ့ ကူညီမှုတွေကို မြင်ရတယ်ခင်ဗျာ၊ ဒါပေမယ့် မြင်ရတယ်ဆိုပေမယ့် အရမ်းကို နည်းတယ်ပေါ့နော်၊ကျနော်တို့ ကူညီကယ်ဆယ်ရေးမှာလုံးဝကို မရောက်ရှိ သေးတဲ့နေရာတွေလည်း အများကြီးကျန်သေးတယ်ပေါ့နော်၊ အဲလိုပုံစံတွေ လည်းမြင် ရတယ်။”

ရခိုင်ပြည်နယ် WFP ဂိုဒေါင်မှ လူသားချင်းစာနာမှုအကူအညီများ၊ မေ ၁၄၊ ၂၀၂၃
ရခိုင်ပြည်နယ် WFP ဂိုဒေါင်မှ လူသားချင်းစာနာမှုအကူအညီများ၊ မေ ၁၄၊ ၂၀၂၃

အခုလို ကူညီကယ်ဆယ်ရေးတွေ နည်းပါးနေတာကြောင့် တချို့ ဒေသတွေမှာထောက်ပံ့ ပစ္စည်းတွေကို ဒုက္ခသည်အားလုံးကို မပေးနိုင်တာကြောင့်မဲဖောက်ပြီးတော့ ပေးနေရတယ် လို့လည်း မုန်တိုင်းသင့်ဒေသတွေမှာ ကူညီဆယ်ကယ်ရေးတွေလုပ်နေ တဲ့ကိုကျော်လင်း ကပြောပါတယ်။

“ အဆင်ပြေသလားမမေးနဲ့ အကုန်လုံးက အဆင်မပြေဘူးလေ ဘာကြောင့်လဲဆိုတော့ တာပေါ်လိပ်တောင်မှမလောက်သေးတဲ့ ကိစ္စမှာ ဆန်တွေ ဆီတွေတောင်မှ မောလကသေးတဲ့ ကိစ္စမှာ အဆင်ပြေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင် သေးဘူးလေ၊ လာတဲ့ ကူညီကယ်ဆယ်ရေး တွေကို မဲတခါ ဖောက်ရသေးတယ်၊ ပြီးတော့မှ မဲပေါက်တဲ့သူက ပြန်ရတာအဲလို စနစ်တွေနဲ့ သွားနေရတယ် ဘာလို့လည်းဆိုတော့ လာတဲ့ ကူညီရေးပစ္စည်းတွေက နည်းပြီး လိုအပ်တဲ့သူက များနေတဲ့အခါကျတော့ အဲလို စနစ်နဲ့ပဲ သွားနေရတယ်လို့ သိရတယ်။ ”

ရခိုင်ပြည်နယ်မှာမုန်တိုင်းကြောင့် လူ ၁၄၀ကျော်သေဆုံးခဲ့သလို ရခိုင်မြောက်ပိုင်းက နေအိမ်အဆောက်အဦး ၂၄၀၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ မေလ ၁၈ရက်နေ့က စစ်ကောင်စီရဲ့ စာရင်းမှာဖော်ပြထားပါတယ်။ ရခိုင်ဒေသက မုန်တိုင်းသင့်ပြည်သူတွေ အနေနဲ့ မကြာခင်ကာလမှာ မိုးရာသီရောက်တော့မှာဖြစ်တာကြောင့် လုံခြုံတဲ့အမိုးအကာအောက်ကို ရောက်ဖို့လိုအပ်နေသလို စားဝတ်နေရေးအတွက် အစိုးရနဲ့ နိုင်ငံတကာအကူအညီတွေ အမြန်ဆုံးရောက်နိုင်ဖို့ မျှော်လင့်နေကြတာပါတယ်။

ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံတဝန်း ခန့်မှန်းခြေ မုန်တိုင်းသင့်သူ ၁.၆ သန်း အတွက် အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း တောင်းခံထားပြီး၊ အကူအညီတွေ အချိန်မီမရခဲ့ရင် မကြာခင် မိုးတွင်းကာလမှာ ဒုက္ခရောက်ကြရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG