သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းသင့် ပလက်ဝမြို့မှာ စားနပ်ရိက္ခာရှားပါး


ပလက်ဝမြို့ palatwa
ပလက်ဝမြို့ palatwa

မကြာသေးခင်က ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရပြီးနောက် အဆက်အသွယ်နဲ့ အသွားအလာတွေ ပြတ်တောက်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ အထွေထွေ ကုန်စည်ဈေးနှုန်းတွေ တက်နေပါတယ်။ မိုခါဆိုင်ကလုန်းမုန်တိုင်း မတိုင်ခင်ကတည်းက စစ်ဒဏ်ကြောင့် စားနပ်ရိက္ခာ ရှားပါးနေတဲ့ ချင်းပြည်နယ်က အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားကို ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။

အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ရမယ့် မြို့နယ်တွေထဲမှာ ချင်းပြည်နယ် ပလက်ဝမြို့ကို စစ်ကောင်စီက ထည့်သွင်းထားပေမဲ့ အခုအချိန်အထိ တုံ့ပြန်ဆောင်ရွက်မှုတွေ မရှိသေးတာကြောင့် စားသောက်ကုန်တွေ ပြတ်လပ်နေကြောင်း ပလက်ဝက အဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ နစကရဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ထိပ်ပိုင်းတာဝန်ရှိသူတွေ မုန်တိုင်းပြီးအခြေအနေကို လာကြည့်ခဲ့ပေမဲ့ အကူညီပေးရေး အစီအစဉ်တွေ လုပ်ဆောင်တာ မရှိသေးပါဘူး။ နိုင်ငံတကာ အလှူရှင်တွေက နစကစစ်ကောင်စီနဲ့ လက်တွဲ လုပ်ဆောင်လိုစိတ် မရှိသလို အကူအညီတွေလည်း စစ်ကောင်စီကတဆင့် ရောက်လာမှာ မဟုတ်ကြောင်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဋ္ဌ ဆလိုင်းမျိုးထိုက်က ဗွီအိုအေကို ပြောပါတယ်။

NUG ဘက်ကဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေကနေဖြစ်စေ အလှူရှင်တွေက ဆက်သွယ်လှူဒါန်းမယ်ဆိုရင် ဒေသခံတွေဆီ အကူအညီတွေ ရောက်နိုင်ကြောင်း သူကပြောပါတယ်။

" အခုက မြို့ပေါ်မှာတောင် အဆမတန် ဈေးကမြင့်တယ်ဆိုရင် နယ်ကသူတွေကတော့ ဆန်၊ ဆီ၊ ဆား၊ ကျန်းမာရေးပေါ့နော် အရေးပေါ် လိုအပ်ချက်တော့ တမြို့နယ်လုံးနီးနီး ဖြစ်တယ်။ မုန်တိုင်းဒဏ်ခံ ပြည်သူနဲ့အတူ မခံရတဲ့ ပြည်သူတွေအားလုံးပဲ ကုန်ဈေးနှုန်းက တက်လာတာနဲ့အမျှ လက်ရှိစီးပွားရေး အဆင်မပြေတာနဲ့အမျှ စားဝတ်နေရေး အားလုံးက ခက်ခဲနေကြတယ်။ အားလုံးက လိုအပ်ချက်တွေကရှိတယ်။ မြေပြင်လက်တွေ့အရ၊ သတင်းအရ၊ ကွင်းဆင်းတဲ့ အခြေအနေအရ ကျနော် ပြောခြင်းဖြစ်ပါတယ်။"

တိုက်ပွဲတွေကြောင့် ပလက်ဝမြို့မှာတင် စစ်ဘေးရှောင် တသောင်းကျော် ရှိနေခဲ့တာပါ။ နိုင်ငံတကာ အကူအညီတွေ ပလက်ဝမြို့ပေါ်ကို ရောက်ဖို့အတွက်ကတော့ စကစရဲ့ ခွင့်ပြုချက်အပေါ်မှာ မူတည်နေကြောင်း သူကပြောပါတယ်။ မြို့ပေါ်ကလွဲပြီး ကျန်တဲ့ ဒေသတွေကိုတော့ ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ ကုန်ဈေးနှုန်းအခြေနဲ့ ပတ်သက်ပြီး ပလက်ဝမြို့က ဒေသခံတွေနဲ့ အဆက်အသွယ်ရသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

" ဆန်ဈေးတွေက မုန်တိုင်းနောက်ပိုင်း တော်တော်လေး ထိုးတက်တယ်လို့ ကျနော်တို့သတင်းကြားတယ်။ အရင်တုန်းက ဆန်ကြား ၇သောင်းခွဲ၊ ၇သောင်းလောက်ကို အခုဟာက ၉သောင်းလောက်ကို ဆန်ကြမ်းကို တက်တယ်လို့ကြားတယ်။ ဆက်သွယ်ရေးကတော့ MPT လိုင်းကတော့ ရတယ်ကြားတယ်၊ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး ကတော့ အင်္ဂါနဲ့ သောကြာမှာ ကျောက်တော်နဲ့ သင်္ဘောပုံမှန်ရတယ်လို့ ကျနော်တို့ သတင်းကြားတယ်။"

ပလက်ဝမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကတည်းက မြန်မာစစ်တပ်ရဲ့ ညမထွက်ရအမိန့်နဲ့ အသွားအလာ ပိတ်ဆို့မှုတွေကြောင့် ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်း တက်လာခဲ့တာပါ။

အခု မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပလက်ဝမြို့နယ်ထဲမှာ အိမ်ခြေ၄၀၀ကျော်၊ စာသင်ကျောင်း ၁၄ကျောင်းနဲ့ ဘုရားကျောင်း ၈ကျောင်း ပျက်စီးခဲ့ပါတယ်။ စပါးကျီ၊ ရေပိုက်လိုင်း၊ လျှပ်စစ်မီးတိုင်နဲ့ မြေထိန်းနံရံတွေလည်း ပျက်စီးခဲ့တယ်လို့ မုန်တိုင်း ကူညီကယ်ဆယ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG