သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေပြန်ဖွင့်


မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃
မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃

မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် အထိနာခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဇွန်လ ၁ ရက်၊ ဒီကနေ့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ပြီး၊ ကျောင်းအပ် ဆက်လက်ခံနေတယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။ ၂၀၂၃ - ၂၄ ပညာသင်နှစ်အတွက် ပထမဆုံး ကျောင်းစဖွင့်တဲ့ရက်မှာ ရခိုင်ပြည်နယ်မှာ ကျောင်းတက်သူပေါင်း ၄ သိန်းနီးပါး ရှိတယ်လို့ လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် ပြောပြမှာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့တုန်းက ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်နဲ့ အဆောက်အအုံ တော်တော်များများ ပျက်စီးခဲ့ပြီး၊ အခုချိန်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေရတဲ့ အခြေအနေပါ။ ပျက်စီးခဲ့တဲ့ အထဲမှာ စာသင်ကျောင်းတွေလည်း ပါဝင်ပေမယ့် ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာတော့ တနိုင်ငံလုံးနည်းတူ ရခိုင်ပြည်နယ်က စာသင်ကျောင်းတွေကို ဖွင့်နိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲ့ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောပါတယ်။

"ဒီနေ့ ကျောင်းတက်ရောက်မှု စာရင်းကတော့ ၃၈၃,၄၀၃ ဦး တက်တယ်ပေါ့နော်။ မိုခါမုန်တိုင်းကြောင့် တော်တော်များများတော့ ကျောင်းဆောင်တွေ ပျက်တာပေါ့နော်။ ဒါပေမဲ့ ပျက်တဲ့အနေအထားပေါ်မှာ အစိုးရရဲ့ ကြီးကြပ်မှုနဲ့ လုပ်တယ်ပေါ့။ အမိုးတွေမိုးတယ်၊ ကျောင်းတက်လို့ရတဲ့ အနေအထားဖြစ်အောင် အတတ်နိုင်ဆုံးလုပ်တယ်။ ကျောင်းတက်ရောက်မှုကတော့ စစ်တွေမြို့မှာဆိုရင် ဒီနေ့ တော်တော်ကို အားရစရာရှိပါတယ်။"

ဒီကနေ့ ကျောင်းစဖွင့်တဲ့ ပထမဆုံးရက်မှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၈၃,၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။ ကျောင်းအပ်နှံထားသူ စာရင်းကတော့ ၄၂၀,၀၀၀ နီးပါး ရှိပါတယ်။ မုန်တိုင်းဒဏ်ကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောနဲ့ ကျောက်တော်၊ ဘူးသီးတောင် အပါအဝင် မြောက်ဦး မြို့နယ်မှာရှိတဲ့ စာသင်ကျောင်း အဆောက်အအုံတွေ တော်တော်လေး ပျက်စီးခဲ့တာပါ။ တချို့ကျောင်းတွေကတော့ ခေါင်မိုးလန်တဲ့ အနေအထားပဲရှိလို့ ကျောင်းဖွင့်ရက်မတိုင်မီ ပြင်ဆင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြို့နယ်အလိုက် အခြေခံပညာသင်ကျောင်းတွေ အနည်းနဲ့အများ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး၊ တချို့ကျောင်းတွေမှာတော့ ပြုပြင်ပြီး ကျောင်းဆောင်တွေမှာ ၂ သုတ်ခွဲပြီး တက်ရောက်တာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။ အဲဒီလို အချိန်ခွဲပြီး အလှည့်ကျတက်ရောက်နေတဲ့ ကျောင်းတွေကို ပြင်ဆင်နေပြီး၊ ဒီရက်ပိုင်းထဲမှာ ပြီးစီးနိုင်တယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ ကျောင်းဖွင့်တာ ၃,၁၉၃ ကျောင်း ရှိတယ်ပေါ့နော်။ အဲဒီထဲမှာ မုန်တိုင်းကြောင့် ထိခိုက်တဲ့ကျောင်းကတော့ ၁,၃၈၀ ကျော် ရှိတယ်ပေါ့။ တချို့က အမိုးလန်တယ်၊ တချို့က ယာယီအဆောင်တွေ ဆောက်ပြီးတော့မှ လုပ်တာကိုင်တာရှိတယ်။ နောက် မပြီးလိုက်တဲ့ ကျောင်းတွေမှာဆိုရင် ရွာရဲ့ဘုန်းကြီးကျောင်းတွေမှာ၊ အိမ်ကြီးအိမ်ကောင်းတွေရဲ့ အောက်တွေမှာ သင်တာရှိတယ်။ အဲဒီ ကျောင်းအရေအတွက်ကတော့ ၁၈၅ ကျောင်းလောက် ရှိပါတယ်။"

ပျက်စီးမှုကြီးမားတဲ့ စာသင်ကျောင်း အဆောက်အအုံတွေကိုတော့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီး၊ တချို့ကျောင်းတွေကို ဒေသခံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေရချိန် နေစရာမရှိတော့တဲ့ သူတွေနဲ့ စားသောက်ဖို့ အခက်ကြုံနေရသူတွေလည်း တော်တော်များနေပါတယ်။ လိုအပ်ချက်တွေနဲ့ စိုးရိမ်စိတ်ကြောင့် မုန်တိုင်းအလွန်ကာလမှာ ကျောင်းတက်နိုင်ဖို့ ခက်ခဲနေသူတွေလည်း ရှိပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်မှာက မနှစ်တုန်းက ကျောင်းသားဦးရေ ၅ သိန်းကျော် ရှိခဲ့တာပေါ့နော်။ ဒီနှစ်လည်းပဲ အဲဒီကျောင်းသားဦးရေ မှန်းထားတာပေါ့။ လောလောဆယ်က စိုးရိမ်ပြီးတော့ ကျောင်းလာမအပ်ကြသေးတာ ရှိတဲ့အတွက် ဒီနေ့အထိတော့ ၄၁၉,၀၀၀ ကျော် ရှိပြီပေါ့နော်။ နောက်ရက်တွေမှာလည်း ကျနော်တို့ ကျောင်းလည်းတဖက်က သင်နေပြီးတော့၊ တဖက်ကလည်း ကျောင်းအပ်လက်ခံမယ်။ အဲဒီလိုမျိုး ဆောင်ရွက်သွားမယ်။"

ရခိုင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေကို ဇွန်လ ၁ ရက်၊ ဒီကနေ့မှာ ဖွင့်လှစ်နိုင်တဲ့ကျောင်းနဲ့ ဇွန်လ တတိယပတ်မှာ ဖွင့်လှစ်နိုင်တဲ့ ကျောင်းတွေဆိုပြီး အုပ်စု ၂ ခု ခွဲထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ အခြေခံပညာသင်ကျောင်း ၃,၁၉၃ ကျောင်းထဲက ဒီကနေ့ ကျောင်းစဖွင့်တဲ့ ပထမဆုံးရက်မှာ ၂၄၀၀ ဖွင့်ခဲ့ပြီး၊ ကျန်တဲ့ကျောင်းတွေကို တတိယပတ်မှာ အားလုံးပြန်ဖွင့်ဖို့လည်း အာဏာပိုင်တွေက ရည်ရွယ်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG