သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က မုန်တိုင်းသင့် ဒုက္ခသည်စခန်းတွေမှာ အကူအညီတွေ အရေးပေါ်လိုအပ်


အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)

မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ စစ်တွေမြို့အနီးက မွတ်ဆလင်အများစုဖြစ်တဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းမှာဆိုရင်လည်း သောက်သုံးရေ မသန့်ရှင်းတာကြောင့် ကလေးတွေ ဝမ်းပျက် ဝမ်းလျောဖြစ်နေကြတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုရန်နိုင် ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မိုခါမုန်တိုင်းကြောင့် နေအိမ်အဆောက်အဦး ၂၄၀၀၀၀ ကျော်ပျက်ပြီး လူဦးရေ တသန်းကျော်လောက်မုန်တိုင်း ဒဏ်သင့်နေကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေကတော့ လက်တွေ့မှာ ထိခိုက်မှုတွေ ဒီထက်ပိုများတယ်လို့လည်း ပြောနေကြတာပါ။

စစ်တွေမြို့အနီး လူဦးရေ ၃သောင်းကျော်လောက်နေထိုင်တဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းမှာ ဆိုရင်လည်း မုန်တိုင်းကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တယ်လို့ စခန်းတာဝန်ခံ ကပြောပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စားနပ်ရိက္ခာ အထောက်အပံ့ အနည်းငယ် ပေးအပ်တာရှိပေမဲ့ လတ်တလော နေထိုင်ရေး အခက်ကြုံနေရတယ်လို့ မွတ်ဆလင် အများစုရှိရာ သက္ကယ်ပြင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးမောင်လေး ကဗွီအိုအေကို ပြောပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရတာကြောင့် ဆားငံရေကို အသုံးပြုနေရပြီး၊ ကလေးတွေ ဝမ်းပျက်ဝမ်းလျော ဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။

“ ကျနော်တို့မှာ အဓိက အမိုးလန်သွားတာရှိတယ် အိမ်ပြိုသွားတာရှိတယ်၊ လုံးဝ ပြိုသွားတာ ရှိတယ်။ သောက်သုံးရေ အခက်အခဲရှိတယ်၊ နောက်ပြီးတော့ အမိုးက ဘယ်သူမှ လာပြီးတော့ ပေးလာတာမရှိဘူး နေပူရင် အရမ်းပူတယ်၊ မိုးရွာရင် စိုတယ် ကလေးတွေ လူကြီးတွေ ကျန်းမာရေး မကောင်းဖြစ်နေကြတယ်၊”

“ ကျနော်တို့ သက်ကယ်ပြင် IDPစခန်းမှာ ကလေးတွေ ဝမ်းပျက် ဝမ်းလျောဖြစ်နေတာ ၂၀ရာခိုင်နှုန်းလောက်ရှိတယ်၊ အစိုးရက ဆေးလာကုပေးတာတော့မရှိဘူး၊ အလှူရှင် ဆရာဝန်နည်းနည်းလာကုပေးတာတော့ရှိတယ်။”

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးထဲမှာပါတဲ့ ပေါက်တောမြို့နယ်ထဲက မွတ်ဆလင်အများစုနေထိုင်ရာ ကြိမ်နီပြင် ဒုက္ခသည်စခန်းမှာလည်း ထိခိုက်ပျက်စီးမှုတွေ ကြီးမားခဲ့တာပါ။ ဒါပေမဲ့လည်း ထိခိုက်ပျက်စီးမှုတွေအတွက် လိုအပ်တဲ့ အကူအညီတွေကတော့ မရသေးဘူးလို့လည်း စခန်းတာဝန်ရှိသူက ပြောပါတယ်။

“ တာပေါ်လင်ကလည်း လူတိုင်းရတာမဟုတ်ဘူး အစိုးရက ဟိုနေ့က တာပေါ်လင်ပေးခဲ့တာ ကိုက်လိုက်ပေးခဲ့တာ ၆ပေပဲရတယ်၊ ၆ပေဆိုတော့ အိမ်ကို မိုးမှာလား လူပဲခင်းလို့နေမလား ဒါပဲရှိတယ်။ အခုနေရတာက နည်းနည်း အိမ်တွေ ဘာတွေ ကောင်းတယ်။ တစိတ်တပိုင်း ပျက်သွားတယ် အဲတာကို တာပေါ်လိပ်မိုးပြီးတော့ အိမ်တလုံးမှာ လူတွေ အများကြီး စုပြီးတော့ နေကြတာပါ။”

စားနပ်ရိက္ခာအတွက် WFPက အနည်းအကျဉ်းထောက်ပံ့ပေးထားတာကြောင့် လတ်တလော အဆင်ပြေနေပေမယ့် မိုးမကျမီ နေအိမ်အဆောင်တွေကို အလှူရှင်တွေ တာဝန်ရှိသူတွေ ဆောက်ပေးစေချင်တယ်လို့လည်း ကြိမ်နီပြင်ဒုက္ခသည်စခန်း တာဝန်ရှိသူ တဦးကပြောပါတယ်။

“ ဒီလို မုန်တိုင်းကို တခါမှမမြင်ဖူးဘူး ရှိသမျှအဆောင်တွေ လုံးဝပြိုသွားတယ်၊ သံဖြူတွေ လွင့်သွားတယ်၊ ဒါပေမယ့် ကျနော်တို့ အရမ်းကံကောင်းတယ် လူအသေအပျောက် မရှိဘူး၊ဒါပေမယ့် အဆောင်တွေ ပျက်စီးသွားတော့ အရမ်းစိုးရိမ်ပူပန်နေကြတယ်၊ နောက်လည်းကျနော်တို့ မိုးတွေ ဘာတွေ ကျလာမယ်ဆိုရင် ကျနော်တို့ ဒီအတိုင်းပဲနေရ မလားဆိုပြီး အတော်ခံစားနေရပါတယ်။စိုးရိမ်ပူပန်နေရတယ်။ ကျနော်တို့ကို အဆောင် အဦးတွေ နေအိမ်တွေဆောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။”

မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းမှာ မုန်တိုင်းဒဏ်သင့် ပြည်သူ ၂၃၀၀၀၀ ကျော်ကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ကုလသမဂ္ဂက ဒီသီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားတာပါ။ ဒါပေမဲ့လည်း ခိုလှုံစရာ အပါအဝင် အရေးပေါ် အထောက်အပံ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက မုန်တိုင်းကယ်ဆယ်ရေးအတွက် အရေးပေါ် ရန်ပုံငွေအဖြစ်နဲ့လည်း ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းခံထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG