သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါဆိုင်ကလုန်းကြောင့် ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာအခက်ကြုံ


မိုခါမုန်တိုင်းအပြီး စစ်တွေ
မိုခါမုန်တိုင်းအပြီး စစ်တွေ

အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရပြီး သီတင်းနှစ်ပတ်အကြာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှာ သီးနှံတွေ ပျက်ဆီးခဲ့တာကြောင့် စားနပ်ရိက္ခာဝယ်ရတဲ့ အခက်အခဲ ကြုံနေရသလို ကုန်ဈေးနှုန်းကြီးမြင်တဲ့ဒဏ်ပါ ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက ကျောင်းတွေနဲ့ ပညာရေးဆိုင်ရာ အဆောက်အဉီးတွေရဲ့ ၈၀ ရာခိုင်နှုန်း ပျက်ဆီးသွားခဲ့တာကြောင့် ကျောင်းသူကျောင်းသားတွေအတွက် ယာယီ စာသင်ကြားနိုင်မယ့်နေရာတွေ အရေးပေါ် စီစဉ်ပေးနေရတဲ့အကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားတာပါ။

အခုအချိန်အထိ မုန်တိုင်းဒဏ်သင့် ပြည်သူ ခြောက်သောင်းသုံးထောင်အတွက် နေထိုင်ဖို့ အမိုးအကာတွေ စီစဉ်ပေးထားသလို လူပေါင်း နှစ်သိန်း သုံးသောင်းကို စားနပ်ရိက္ခာ အကူအညီတွေ ပေးထားပြီးပြီဖြစ်တဲ့အကြောင်းလည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူ ၁.၆ သန်းကို ကူညီပေးဖို့အတွက် ဒေါ်လာ ၃၃၃ သန်း လိုအပ်နေကြောင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့ အဖွဲ့တွေက ပြောဆိုထားပါတယ်။

လိုအပ်တဲ့ ရန်ပုံငွေတွေ အချိန်မီ မရနိုင်ရင် မကြာခင် မိုးရာသီကာလမှာ မုန်တိုင်းသင့်သူတွေ ဒုက္ခရောက်လိမ့်မယ်လို့လည်း သတိပေးထားပါတယ်။ ဒီလို အရေးပေါ်အကူအညီတွေ ပေးပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေတဲ့အကြောင်းကို UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူတွေရဲ့ နေအိမ်တွေ အကြီးအကျယ်ပျက်ဆီးခဲ့ပြီး နေရာထိုင်ခင်းတွေ အများအပြားလိုအပ်နေဆဲ ဖြစ်တဲ့ အကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းရေးရုံး UNOCHA မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Danielle Parry ကလည်း တွစ်တာလူမှုကွန်ယက်ကနေ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG