သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်မှာ အကူအညီအားနည်းလို့ မုန်တိုင်းသင့်သူတွေ အခက်ကြုံ


ရိုဟင်ဂျာအများစုနေထိုင်တဲ့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာလည်း အပျက်အစီးများခဲ့
ရိုဟင်ဂျာအများစုနေထိုင်တဲ့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာလည်း အပျက်အစီးများခဲ့

မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေ အားနည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ စာနာမှု အကူအညီပေးရေး အဖွဲ့တွေက အရေးပေါ်အကူအညီတွေ အချိန်မီ မရမှာ စိုးရိမ်နေချိန်မှာပဲ ဒေသခံတွေကလည်း အကူအညီတွေ မရပဲ အခက်ကြုံနေရတာပါ။ ရန်ကုန်ကလာတဲ့ သတင်းကိုအခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုးခါ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေ ပြန်ဆောက်ဖို့နဲ့ မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေ အမိုးအကာအောက်ကို ရောက်ရှိဖို့ ဒေသခံကူညီကယ်ရေးအဖွဲ့တွေနဲ့ ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းတွေက လုပ်ဆောင်နေကြတာပါ။ ရခိုင်ပြည်နယ် စစ်ကောင်စီအနေနဲ့ ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်တာမတွေ့ရသေးသလို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေလည်း လာရောက်ကူညီတာ မရှိသေးဘူးလို့ ရခိုင်အရေးကျွမ်းကျင်သူ ဦးဖေသန်းက ပြောပါတယ်။

“သူတို့လောလောဆယ် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရ သူတို့က အစည်းအဝေးတွေထိုင်တယ်၊ ဝန်ကြီးတွေလာတယ်၊ စစ်တပ်မှာ ဆိုရင်လည်း မြို့နယ်အလိုက် စစ်ခေါင်းဆောင်တွေလာတယ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ တိုးတက်ရေးလုပ်ငန်းတွေ လုပ်မယ်ဆိုပြီးတော့ သတ်မှတ် ထားတာရှိတယ်။ အဲဒီသတ်မှတ်ချက်တွေ အဲဒီပုံရိပ်တွေတော့တွေ့တယ်။ ဒါပေမယ့် လောလောဆယ်အထိ ပြန်လည်ထူထောင်ရေး မဆိုထားနဲ့အုံး လက်ရှိအရေးပေါ် ကယ်ဆယ်ရေး၊ အမိုးအကာအောက်ရောက်ရှိရေးနဲ့ စားဝတ်နေရေးပြေလည်ရေး တွေကိုတောင်မှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာ မတွေ့ရဘူး။ ကူညီပံ့ပိုးမှုအပိုင်းတောင် မတွေ့ရသေးဘူး။ သူတို့ ဘယ်လိုအစီအစဉ်၊ ဘယ်လိုအပိုင်းတွေ လုပ်ဆောင်ထားတယ် ဆိုတာကလည်း ပွင့်လင့်မြင်သာမှု မရှိဘူး။ နိုင်ငံတကာအကူအညီတွေလည်း ရောက်မလာသေးဘူး။ ကိုယ့်အချင်းချင်းပဲ ဝေမျှပြီးတော့ စားသောက်နေရတဲ့ အခြေအနေ ရောက်နေတယ်။ ပြည်တွင်းက စေတနာရှင်တွေလောက်ပဲ ကူညီနေတာတွေ့တယ်။”

စစ်ကောင်စီဘက်ကတော့ ရခိုင်မြောက်ပိုင်းက ပေါက်တော၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့ မြို့နယ်တွေကို ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးပစ္စည်းတွေ ပို့ဆောင်ထားတယ်လို့ ပြည်နယ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံကို ပြုပြင်နေတာ (၉၀)ရာခိုင်နှုန်းလောက် ပြီးစီးနေပြီး မေလအကုန်ပိုင်းလောက်မှာ စစ်တွေမြို့တွင်း လျှပ်စစ်မီးတွေ ပို့နိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ မုန်တိုင်းဒဏ်သင့်ပြည်သူတွေဟာ နေအိမ်တွေပြုပြင်ဖို့ ခက်ခဲနေကြသလို မိုးမကျမှီ လုံခြုံတဲ့ အမိုးအကာအောက်ကိုရောက်ဖို့ အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာ ဆိုရင်လည်း ကျေးရွာတိုင်းလိုလို ပျက်စီးသွားပြီး လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေး တစုံတရာ မရှိသေးဘူးလို့ဒေသခံတွေက ပြောပါတယ်။

တောဖျားချောင်းဒေသ အထက်သန်းပုန်းတန်း ကျေရွာအုပ်စုမှာဆိုရင် ကျေးရွာ ၉ ရွာအထိရှိပြီး စားဝတ်နေရေးနဲ့ အမိုးအကာ အရေးပေါ် လိုအပ်နေတယ်လို့ သန်းပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောပါတယ်။

“ကျနော်တို့ အထက်သန်းပုန်းတန်း ကျေးရွာအုပ်စုမှာ အကုန်လုံး ခေါင်မိုးတွေလန်တယ်၊ အိမ်တွေပြိုတယ်၊ တိရိစ္ဆာန်တွေသေတယ်၊ လူတွေလည်း ၆ယောက်လောက် ဒဏ်ရာရကြတယ်။ အဲလိုအခြေအနေရှိတယ်။ လက်ရှိမှာတော့ ကျနော်တို့ စားဝတ်နေရေးနဲ့ အမိုးအကာတွေ တအား လိုနေတယ်ဗျာ။ အခုတောင်မှ ကျနော်တို့ တာပေါ်လိပ်တွေရနိုင်မလား ရှာမလို့ ပုဏ္ဏားကျွန်းမြို့ပေါ်ကို ရောက်နေတယ်။”

ရခိုင်ပြည်နယ်ကောင်စီရဲ့ မေလ ၁၈ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် နေအိမ်နဲ့ စာသင်ကျောင်းအပါအဝင် အဆောက်အဦး စုစုပေါင်း ၂၄၀,၀၀၀ကျော် ပျက်စီးသွားပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၄၆,၀၀၀ကျော်အထိ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ မေလ ၂၁ရက်နေ့အထိ ရရှိတဲ့စာရင်းအရ မုန်တိုင်းကြောင့် သေဆုံးသူ ၁၄၈ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း တခြားသတင်းဌာနတွေမှာတော့ ရခိုင်မှာ မုန်တိုင်းကြောင့် သေဆုံး ၄၀၀ကျော် အထိရှိတယ်လို့ ဖော်ပြထားတာကိုတွေ့ရပြီး သေဆုံးသူအတိအကျကိုတော့ ဗွီအိုအေအနေနနဲ့ သီးခြားအတည်ပြုချက်မရသေးပါဘူး။

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတော့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ အကူအညီတွေ စပေးနေပြီလို့ Twitter လူမှုကွန်ရက်ကနေ ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးရုံးကတော့ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်သူတွေ အကူအညီပေးနိုင်ဖို့ ဒေါ်လာ ၃၃၃ သန်း တောင်းခံထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအပြင် ချင်းပြည်နယ်က မတူပီ၊ မင်းတပ် စတဲ့မြို့နယ်တွေမှာလည်း နေအိမ်အဆောက်အဦး တော်တော်များများ ပျက်စီးသွားတယ်လို့ မင်းတပ်ဒေသခံ တဦးကပြောပါတယ်။ လက်ရှိမှာတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကူညီ ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေသေးတယ်လို့လည်း သူကပြောပါတယ်။

“မင်းတပ်မြို့နယ်မှာဆိုရင် တိုက်နယ်ပေါ့၊ တိုက်နယ် ၁၀ ၊ ၁၁ တောက်လျောက် အဲဒီဘက် ပတ်ဝန်းကျင်တွေကအိမ်တွေ အကုန်လုံး ခေါင်းမိုးတွေ အကုန်လုံး ပျက်စီးတာတွေ၊ သူတို့မှာ သိုလှောင်ထားတဲ့ ရိက္ခာတွေအကုန်လုံး ပျက်စီးတယ်။ မိသားစုတော်တော်များများရှိတယ်။ မြို့ပေါ်မှာတော့ မရှိဘူး၊ နယ်တွေမှာ တော်တော်များများ ပျက်စီးတယ်။”

ချင်းပြည်နယ် ကျန်းမာရေးအဖွဲ့ (CHO) ရဲ့ စာရင်းအရ မုန်းတိုင်းကြောင့် နေအိမ် တစ်ထောင်နီးပါး ပျက်စီးခဲ့သလို၊ လူဦးရေ ၄သောင်းကျော် အခက်အခဲကြုံနေရပြီး လူ ၇၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ဖော် ပြထားပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံက မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဒေသတွေအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံကလည်း မုန်တိုင်းဒဏ်သင့်ဒေသတွေကို ကူညီသွားမယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG