သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါဆိုင်ကလုန်းကြောင့် ရခိုင်ပြည်နယ်မှာ ထိခိုက်ပျက်စီးမှုကြီးမား


အင်အားပြင်းမုန်တိုင်း ဆိုင်ကလုန်း မိုခါ တိုက်ခတ်အပြီး စစ်တွေမြို့ အပျက်အစီးတွေကိုကြည့်ရှုနေတဲ့ ဒေသခံတဦး (မေ ၁၅၊ ၂၀၂၃)
အင်အားပြင်းမုန်တိုင်း ဆိုင်ကလုန်း မိုခါ တိုက်ခတ်အပြီး စစ်တွေမြို့ အပျက်အစီးတွေကိုကြည့်ရှုနေတဲ့ ဒေသခံတဦး (မေ ၁၅၊ ၂၀၂၃)

မိုခါဆိုင်ကလုန်းမုန်တိုင်း အပြင်းအထန် တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းသင့် ဒေသခံတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး၊ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတာပါ။ မုန်တိုင်းသင့် ရခိုင်ပြည်နယ်က နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ သတင်းပေးပို့ထားတာကို အခြေခံပြီး မမြသဇင်အောင် ပြောပြမှာပါ။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ “မိုခါ” မုန်တိုင်းဒဏ်ကြောင့် မြို့ပေါ်လူနေအိမ်တချို့ ပျက်စီးတာတွေရှိခဲ့ပြီး၊ မြစ်ကြောင်းတလျှောက်က အိမ်တွေနဲ့ အဆောက်အအုံကြီးတွေလည်း ပျက်စီးခဲ့တယ်လို့ မင်းပြားမြို့နယ် အရေးပေါ်လူမှုကူညီရေး ကော်မတီတာဝန်ခံ တဦးက ပြောပါတယ်။ မင်းပြားနယ်ဘက်က စာသင်ကျောင်း အများစုဟာလည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

"မြို့ပေါ်မှာက သွပ်မိုးအိမ်တွေဆိုရင် သွပ်တွေလန်သွားတယ်။ တချို့ဆို အပင်လဲလို့ အပင်ထိလို့ အိမ်ပြိုတာတွေ၊ ခေါင်မိုးပြိုတာတွေ ရှိတယ်။ မြို့ပေါ်ပျက်စီးမှုက ၂၅ ရာခိုင်နှုန်းလောက် ရှိတယ်ခင်ဗျ။ နယ်မှာဆိုရင်တော့ တော်တော်လေးကို ပျက်စီးမှာပါ။ နယ်မှာက ကျနော်တို့ သွားဖို့အတွက် တချို့လမ်းတွေမှာဆို ဓာတ်တိုင်တွေ လဲနေတာရှိတယ်။ ဆက်သွယ်ရေး အခက်အခဲကြောင့်ရော ကျနော်တို့ အဲဒီဘက်ကို ဆက်သွယ်လို့ မရသေးဘူး။ အဲတော့ မင်းပြားနယ်ဘက်က အခြေအနေကိုတော့ အတိအကျတော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ အဲဒီဘက်မှာရှိနေတဲ့ တာဝန်ရှိသူတွေဆီကရတဲ့ သတင်းအရဆိုရင် ၇၅ ရာခိုင်နှုန်းလောက် နေအိမ်တွေ ပျက်စီးတယ်လို့ ပြောလို့ရမယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းလောက်က နေအိမ်အကြီးကြီးတွေနဲ့ အုတ်တိုက်တွေပေါ့နော်၊ အဲလိုပဲ နည်းနည်းကျန်တာပေါ့။"

မုန်တိုင်းဖြတ်ပြီး နောက်တနေ့မှာပဲ ဘေးလွတ်ရာ ရှောင်နေကြသူတွေဟာ သူတို့ရဲ့ နေအိမ်ဆီကို ပြန်သွားကြတာပါ။ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပေမယ့် လူအသေအပျောက်တော့ မကြားရသေးဘူးလို့ ပြောပါတယ်။

"မင်းပြားမြို့နယ်မှာ အသေအပျောက် မရှိသလောက်လို့ ပြောလို့ရနိုင်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မုန်တိုင်းမတိုက်ခင် ၃ ရက်လောက်ကတည်းက ဘေးကင်းရာကို ပြောင်းရွှေ့နေတာဆိုတော့ အဲဒီမှာ မုန်တိုင်းတိုက်ဖို့ မနက်အထိပဲ သူတို့လာကြတာပေါ့။"

မြို့ပေါ်တက်ပြီး မုန်တိုင်းဘေး ယာယီရှောင်လာသူတွေဟာ သူတို့ရဲ့ နေအိမ်တွေဆီ ပြန်သွားကြပေမယ့် နေအိမ်တွေ ပြိုကျပျက်စီးကုန်လို့ အများစုက နေစရာမရှိ ဖြစ်နေကြပါတယ်။ စားနပ်ရိက္ခာလည်း အရေးပေါ် အကူအညီ လိုအပ်နေတဲ့ အခြေအနေပါ။

"မုန်တိုင်းဒဏ်သင့် ပြည်သူတွေလိုအပ်တာက အမိုးအကာပေါ့နော်။ နေအိမ်တွေ ပျက်စီးတာဆိုတော့ ယာယီခိုလှုံခွင့်ရမယ့် အမိုးအကာ လိုတာပေါ့။ နောက်ပြီးတော့ စားနပ်ရိက္ခာ လိုတာပေါ့။ လောလောဆယ်ကတော့ နေရပ်ပြန်ပို့တာလောက်ပဲ ရှိပါသေးတယ်။ မုန်တိုင်းကလည်း ပြီးခါစဆိုတော့ ဘယ်အဖွဲ့အစည်းမှလည်း လောလောဆယ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေစတာတော့ မတွေ့ရသေးဘူးခင်ဗျ။ အခုတော့ ပြန်ပို့တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်ခင်ဗျ။"

ရခိုင်ပြည်နယ် မြေပုံမြို့မှာလည်း မြို့ပေါ်အနေအထားက မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်တချို့ ပျက်စီးတာရှိခဲ့ပေမယ့်၊ နယ်ဘက်မှာတော့ အိမ်အတော်များများ မုန်တိုင်းဒဏ်သင့်ခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးက ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်ယူနေတဲ့ အခြေအနေဖြစ်လို့ အရေအတွက် မသိရသေးပါဘူး။ နေစရာမရှိတော့သူတွေက လောလောဆယ် ဘုန်းကြီးကျောင်းတွေမှာ ယာယီနေ နေကြတယ်လို့ ပြောပါတယ်။ မုန်တိုင်းဒဏ် သင့်သူတွေအတွက် အခုအချိန်မှာ သောက်သုံးရေ အရေးတကြီး လိုအပ်နေတယ်လို့ ပြောပါတယ်။

"မြို့ပေါ်မှာတော့ ဒီလောက်ထိ အခက်အခဲတွေ မရှိဘူး။ မြေပုံနယ် တချို့မှာတော့ သောက်ရေသုံးရေ အခက်အခဲဖြစ်တယ်။ ရေတွင်း၊ ရေကန်တွေမှာ ဒီရေဝင်သွားတယ်။ အဲဒါကို ပြန်ပြီးစုပ်ထုတ်ဖို့က ခက်ခဲတယ်။ မိုးကလည်း မရွာဘူးဆိုတော့ အစားထိုးဖို့ ရေကမရှိဘူး။ အဓိကတော့ ပင်လယ်ကမ်းစပ်နားက ရွာတော်တော်များများက သောက်ရေသုံးရေ အခက်အခဲဖြစ်တယ်။ လူအသေအပျောက်က ဒီအချိန်ထိတော့ သတင်းမကြားသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မုန်တိုင်းမဖြစ်ခင်ကတည်းက သူတို့က ဘေးလွတ်ရာကို ရှောင်နေတဲ့လူတွေက များတယ်လေ။"

ရိုဟင်ဂျာ မွတ်ဆလင်တွေ အများစုရှိရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ သေကျေထိခိုက်မှုတွေများတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မုန်တိုင်းကြောင့် အနည်းဆုံး ၄၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ဒေသခံ လူမှုအသိုင်းအဝိုင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြခဲ့တာပါ။ စစ်တွေမြို့အနီး ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ သေဆုံးသူ ၁၀၀ လောက် ရှိတယ်လို့လည်း ဒေသခံတယောက်က ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့လည်း ဆက်သွယ်ရေးနဲ့ လမ်းပန်းသွားလာရေး အခက်အခဲတွေကြောင့် သေဆုံးမှု ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုဖို့ ခက်ခဲနေပါတယ်။

စစ်တွေမြို့အနီး ဟိန္ဒူဘာသာဝင်တွေနေထိုင်တဲ့ နေရာတွေမှာလည်း အိမ်ခြေ ၂၀၀ နီးပါးနဲ့ ဟိန္ဒူဘုရားကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးကြောင်း ဒေသခံ တယောက်က ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့သတင်းထုတ်ပြန်ချက်မှာတော့ မုန်တိုင်းကြောင့် သေဆုံးသူအဖြစ် အတည်ပြုထားတဲ့သူ ၅ ဦးရှိပါတယ်။ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း မုန်တိုင်းသင့် ရခိုင်ပြည်နယ်ကို သွားရောက်ပြီး အရေးပေါ် အကူအညီပေးရေး လုပ်ငန်းတွေကို ကြည့်ရှုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အပါအဝင် မုန်တိုင်းသင့်ဒေသခံ ဒေသခံတွေကတော့ အရေးပေါ် အကူအညီတွေနဲ့ ပြန်လည်ထူထောင်ရေး လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောဆိုထားကြပါတယ်။ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတော့ မုန်တိုင်းသင့်ဒေသတွေမှာ အကူအညီတွေပေးအပ်ဖို့ ပြင်ဆင်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG