သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ကျောင်းဖွင့်တာတပတ်ကြာပေမယ့် ကျောင်းမတက်ရသေးသူ အများအပြားရှိ


မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို ၊ မေ ၁၇၊ ၂၀၂၃။
မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို ၊ မေ ၁၇၊ ၂၀၂၃။

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းမှာ ဇွန်လ (၁) ရက်နေ့ကတည်းက ကျောင်းတွေပြန် ဖွင့်ထားပေမယ့် တချို့ဒေသတွေမှာ ဒီကနေ့အထိ ကျောင်းမတက်ရသေးဘူးလို့ ပညာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းကြောင့် ပျက်သွားတဲ့ ကျောင်းတွေကို ပြန်ပြင်နေတာတွေ ရှိတယ်လို့လည်း ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုစံကျော်က ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့လက တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် နေအိမ်တွေ၊ စာသင်ကျောင်းတွေ သိန်းနဲ့ချီ ပျက်စီးခဲ့တဲ့ ရခိုင်မြောက်ပိုင်းမှာ ကျောင်းဖွင့်ထားတာ တပတ်ကြာတဲ့အထိ ကျောင်းလုံးဝမတက်ရသေးတဲ့ ဒေသတွေရှိသလို စာသင်ကျောင်းတွေလည်း ပြန်မပြင်ရသေးဘူးလို့ ရခိုင်က ဝံလက်ဖောင်ဒေးရှင် ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။

“ချက်ချင်းကြီး ဇွန်လ ၁ရက်နေ့မှာ ကျောင်းဖွင့်တယ်ဆိုပေမယ့် မဖွင့်နိုင်တဲ့ကျောင်းတွေ အများကြီးရှိပါတယ်၊ စစ်တွေမြို့ပေါ်မှာဆိုရင် ရွှေပြည်သာတို့၊ ကျေးတောတို့၊ နောက်ပြီးတော့ အနောက်စံပြတို့က မူလတန်းကျောင်းတွေ တချို့လည်း အထက်တန်း၊ အလယ်တန်းကျောင်းတွေ ခေါင်မိုးတွေလုပ်လို့ မပြီးသေးဘူး၊ ဘာလို့မပြီးလဲဆိုတော့ လိုအပ်တဲ့ ပစ္စည်းတွေ စုဆောင်းရတာရယ်၊ သွပ်တွေ၊ သံတွေ မိုးဖို့အတွက် လွယ်လွယ်ကူကူဝယ်လို့ မရနိုင်ဘူး။ အဲတာကြောင့် ကျောင်းတချို့ ဖွင့်နိုင်ပေမယ့် ကျောင်းအများစုက မဖွင့်နိုင်သေးဘူးဆိုတာ ကြားသိရပါတယ်။”

မုန်တိုင်းကြောင့် ရခိုင်မှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေက စာသင်ကျောင်းတွေ တော်တော်များများ ပျက်စီးသွားခဲ့ပါတယ်။ လက်ရှိမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်နေကြတယ်ဆိုပေမယ့် စာသင်ကျောင်းတွေကို ပြင်ဆင်တဲ့အပိုင်းမှာ အားနည်းမှုတွေရှိနေတာ တွေ့ရပါတယ်။

ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာဆိုရင်လည်း ဒီကနေ့အထိ စာသင်ကျောင်းတွေ မပြင်ရသေးသလို ကျောင်းသူ ကျောင်းသားတွေလည်း တယောက်မှ ကျောင်းမတက်ရသေးဘူးလို့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။

“ကျောင်းကတော့ မတက်ရသေးဘူး၊ ကျောင်းတက်မယ့် ကလေးတွေ နေမဲ့နေရာမှမရှိတာ။ ကျောင်းက အကုန်လုံးပြိုသွားတာ။ ဘုန်းကြီးကျောင်းတွေလည်း အကုန်လုံး ပြိုသွားတယ်လေ။ အဲတာကြောင့်မို့ ကလေးတွေက ကျောင်းမတက်ရသေးဘူး။ ကျောင်အပ်တော့ လက်ခံထားတယ်။”

ဒါ့အပြင် ပုံဏ္ဏားကျွန်းမြို့နယ်အတွင်းက တောဖျားချောင်း ဒေသမှာလည်း စာသင်ကျောင်းတွေ အားလုံးနီးပါး မုန်တိုင်းကြောင့် ပျက်စီးသွားတာလည်း ဖြစ်ပါတယ်။ တောဖျားချောင်းဒေသ၊ ပိုးရွှီပြင်ကျေးရွာမှာတော့ ဇွန်လတရက်နေ့ကတည်းက ကျောင်းဖွင့်ထားပေမယ့် အထက်တန်းလောက်သာ ကျောင်းတက်နိုင်သေးတာပါ။

လက်ရှိမှာတော့ ပျက်စီသွားတဲ့ကျောင်းတွေကို ဒီကနေ့ကစပြီးတော့ ပြုပြင်နေပြီး လာမယ့် တနင်္ဂလာနေ့လောက်မှာ ကျောင်းသူ ကျောင်းသားအားလုံး ကျောင်းတက်နိုင်မယ်လို့ ကျောင်းတာဝန်ခံတဦးဖြစ်တဲ့ ဦးကံဌေးလင်း ကပြောပါတယ်။

“ခေါင်မိုးတွေ ပါသွားတော့ မိုးတွေရွဲပြီး အကုန်လုံး သင်လို့မရသေးဘူးခင်ဗျ။ အောက်ထပ်မှာ အထက်တန်းပိုင်းကို ဇွန်လ ၁ရက်နေ့ကစပြီး တောက်လျောက် စာသင်နေပါတယ်။ ဒါပေမယ့် အလယ်တန်းနဲ့ မူလတန်းကိုကျတော့ သူတို့အတွက် နေရာလည်းမရှိသေးဘူး၊ ကျောင်းက အကုန်လုံး အမိုးတွေပါသွားတာ။ လောလောဆယ်မှာတော့ ကျနော်တို့ကျောင်းက မနေ့က ဆောက်လုပ်ရေးသမားတွေ ရောက်ပြီးတော့ ပြုပြင်နေပါပြီ။ အလယ်တန်းနဲ့ အထက်တန်းကျတော့ လာမယ့် Monday လောက် စပြီးတော့ သင်ဖြစ်မယ့်လို့ ခန့်မှန်းထားပါတယ်။”

ရခိုင်ပြည်နယ် ပညာရေးဌာနရဲ့စာရင်းအရ ပြည်နယ်အတွင်းမှာ ကျောင်းပေါင်း ၃,၀၀၀ကျော်ရှိတဲ့ထဲက ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ ကျောင်းပေါင်း ၂,၀၀၀ ကျော် ဖွင့်လှစ်ခဲ့ပါတယ်။ ကျန်တဲ့ကျောင်းတွေကိုတော့ လာမယ့် ဇွန်လ တတိယအပတ်လောက်မှာ ဖွင့်လှစ်နိုင်မယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောဆိုထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ မုန်တိုင်းကြောင့် နေအိမ်အဆောက်အဦး ၂ သိန်းကျော် ပျက်စီးခဲ့ပြီး လူတသန်းလောက် မုန်တိုင်းဒဏ်သင့်ပြီး ဒုက္ခရောက်နေကြပါတယ်။ လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပေမယ့် မုန်တိုင်းဒဏ်သင့် ပြည်သူတွေ လုံခြုံတဲ့ အမိုးအကာအောက်ကိုရောက်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG