သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားလာခွင့် ရပ်ဆိုင်း


အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ လှုဒါန်းသည့် စားနပ်ရိက္ခာများ။ (ဓာတ်ပုံ၊ WFP)
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ လှုဒါန်းသည့် စားနပ်ရိက္ခာများ။ (ဓာတ်ပုံ၊ WFP)

Mocha မုန်တိုင်းဒဏ်ကြောင့် လူတသန်းကျော်လောက် ဒုက္ခရောက်နေကြတဲ့ ရခိုင်မြောက်ပိုင်းမှာ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီက ဇွန်လ ၈ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။ ကူညီ ကယ်ဆယ်ရေးတွေကို မိုးလေဝသကြောင့် ယာယီပိတ်ထားတာဖြစ်တယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရက VOA ကိုပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပါမယ်။

မေလလယ်က တိုက်ခိုက်ခဲ့တဲ့ Mocha မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူတသန်းကျော်လောက် နေရေး စားရေး အကူအညီတွေ လိုအပ်နေကြချိန်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တာပါ။ သွားလာခွင့်ပိတ်ပင်တဲ့ အကြောင်းကြားစာရတဲ့ ပရဟိတကူညီရေးအဖွဲ့တခုရဲ့ အဖွဲ့ဝင်တယောက်က VOA ကို ခုလိုပြောပါတယ်။

“ အဖွဲ့တွေဆီကို တဖွဲ့ချင်း လိပ်မူပြီးတော့မှ ပို့တယ်လို့ကြားတယ်၊ အဖွဲ့တွေအကုန်လုံးကို ရောက်ပြီလားဆိုတာတော့ မသိရသေးဘူးပေါ့၊ တချို့တွေကတော့ သူတို့ဝင်လာတဲ့ စာတွေကို ကျနော်တို့ သိရတယ်ဗျာ။ ဒီစာမှာတော့လေ ဘယ်လို အခြေအနေ ဘယ်လို အကြောင်း ကြောင်းကြောင့် ဘယ်လိုအစီအစဉ်တွေရှိလို့ အခုလို ပိတ်ပင်လိုက်တယ်ဆိုတဲ့ ဟာကိုတော့ တိတိကျကျ ဖော်ပြမထားဘူး။ နောက်ပြီးတော့ ဘယ်အချိန်ထိ ပိတ်ထားမယ် ဘယ်တော့ပြန် ဖွင့်မလဲ ဆိုတာကိုလည်း ဖော်ပြထားတာမရှိဘူး၊ အဲတော့ ဘယ်လိုကြောင့်ပဲ ပိတ်ပိတ်ပေါ့ နော်၊ လောလောဆယ်မှာ ပြည်သူလူထုက အရမ်းကို ဒုက္ခဖြစ်နေတဲ့အချိန်မှာ ဒီထုတ်ပြန်ချက်ကတော့ တော်တော့ကို မစာနာတဲ့ ထုတ်ပြန်ချက်လို့ပဲ မြင်တယ်။ ”

မုန်တိုင်းဒဏ်သင့် ရခိုင်မြောက်ပိုင်းကို ပြန်လည်ထူထောင်ဖို့နဲ့ ဒုက္ခသည်တွေ အဆင်ပြေဖို့ အတွက် ပြည်တွင်းပြည်ပ အကူအညီပေးရေး အဖွဲ့တွေအပါအဝင် ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတို့ လုပ်ဆောင်နေကြပေမယ့် လုံလောက်မှု မရှိသေးဘူးလို့ ဒေသခံတွေက ပြောနေချိန်မှာ ခုလို ပိတ်ပင်လိုက်တာပါ။ ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကတော့ ရခိုင်မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို မိုးလေဝသကြောင့် လာမယ့် ဇွန်လ ၁၃ ရက်နေ့အထိသာ ယာယီရပ်နား ထားရတာ ဖြစ်တယ်လို့ ကြာသပတေးနေ့ ညနေပိုင်းက VOA ကို ပြောပါတယ်။

“ မိုးလေဝသ ကြေညာချက်ရှိတယ်၊ ကူညီကယ်ဆယ်ရေးတွေကို ၁၃ ရက်နေ့အတွင်းမှာ မိုးကြီးမယ်၊ လေတိုက်မယ်၊ မြစ်ရေ လှိုင်းကြီးမယ်၊ မိုးလေဝသက ထုတ်ပြန်တယ်ဆိုပြီးတော့ ဒီနေ့ပဲ အခုပဲ အစည်းအဝေးက ငါတို့ ထွက်လာတော့ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က ရောက်နေတဲ့ သင်္ဘော ၂ စီး၊ မြစ်ဆိပ်မှာ ကပ်ထားတယ်၊ အဲတာကို ခွာပြီးတော့ ငပြီကျွန်းနောက်ဖက်ကို ကပ်ဖို့ သွားကြတယ်၊ ၁၃ ရက်နေ့အထိ မိုးကြီးမယ် လေကြီးမယ်၊ လှိုင်းကြီးမယ်ဆိုတော့ ရန်ကုန်က သင်္ဘောတွေလည်း ဒီကိုမထွက်ရဘူး ဒီကသင်္ဘောတွေလည်း ရန်ကုန်ပြန် လို့မရဘူး၊ အခုလေခိုမယ့်နေရာကို ပို့မယ်၊ မိုးလေဝသကြောင့် ကပ်သီးကပ်သတ် ဘာလို့ ပိတ်မှာလဲ အဓိပ္ဗာယ်မရှိတာ။ ”

လူသားချင်းစာနာတဲ့ အကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းတွေကို ခွင့်ပြုထားတဲ့ သွားလာခွင့် ဆိုင်းငံ့လိုက်တဲ့အတွက် မုန်တိုင်းဒဏ်သင့် နေရာတွေအတွက် အခြေအနေ ပိုဆိုးစေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ကထုတ်ပြန်ပါတယ်။ လောလောဆယ်အထိ မုန်တိုင်းဒဏ်သင့် ပြည်သူ ၁ သိန်း ၁ သောင်းအတွက် နေရာထိုင်ခင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့တယ်လို့ OCHA ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ရခိုင်မြောက်ပိုင်းနဲ့ မကွေးတိုင်းဒေသက မုန်တိုင်းဒဏ်သင့်ပြည်သူ ၂၃၀၀၀၀ အတွက် အသက်ကယ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးပြီးဖြစ်သလို မုန်တိုင်းဒဏ်ခံရတဲ့ ဒေသက လူဦးရေ ၈၀၀၀၀၀ လောက်ကို သုံးလစာ အရေးပေါ်အထောက်အပံ့နဲ့ ငွေသား တချို့ ထောက်ပံ့ပေးဖို့ ဆောင်ရွက်နေတယ် လို့လည်း WFP ရဲ့ မေလ ၃၁ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

မုန်တိုင်းဒဏ်သင့်ပြည်သူတွေ အရေးပေါ် အကူညီတွေ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ အခုလို ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ခရီးသွားလာခွင့်နဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်း တွေကို ပိတ်လိုက်တာဟာ စစ်ကောင်စီအနေနဲ့ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ရခိုင်အရေးလေ့လာသုံးသပ်သူ လွတ်တော်ကိုယ်သားလှယ်ဟောင်း ဦးဖေသန်းက ပြောပါ တယ်။

“ စစ်ကောင်စီဘက်က နိုင်ငံတကာအကူအညီရော ဒေသခံတွေရဲ့ အကူအညီတွေရော အကုန်လုံး ပိတ်ပင်တယ်ဆိုတာကတော့ တော်တော့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်တာပေါ့နော်၊ အစိုးရ တရပ်ရဲ့ လုပ်ရပ်မဟုတ်ဘူး၊ နိုင်ငံရေး စစ်ရေးကစားရမယ့်ဟာမဟုတ်ဘူး၊ အမြတ်ထုတ်မယ့် လုပ်ရပ်လည်းမဟုတ်ဘူး၊ တကယ့်ကို လူသားချင်စာနာမှုဆိုင်ရာ အထောက်အကူတွေ ပေးရမယ့် အချိန်အခါမျိုးမှာ အဲတာကို ကိုယ်က မကူညီတဲ့အပြင် သူများကူညီ တာကို ပိတ်ပင် တယ်ဆိုတာကတော့ အစိုးရကောင်းတရပ်ရဲ့ လုပ်ရပ်လည်းမဟုတ်ဘူး၊ တော်တော့ကို ဆင်ခြင်တုံတရား အားနည်းရာ ကျပါတယ်၊ ကျနော်တို့ မြင်တာကတော့ ဒါက နိုင်ငံရေးစစ်ရေး အရ သူတို့ဖြစ်ချင်သလို ဖြစ်မလာ တဲ့ အခါ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပတ်သတ်ပြီး နို်င်ငံတကာမှာ သူတို့လိုချင်တဲ့ ပုံစံမျိုး မချုပ်ကိုင်နိုင်တဲ့အတွက် နိုင်ငံရေး စစ်ရေးအရ အသုံးမချနိုင်တဲ့ အတွက် မစားရတဲ့ အမဲ သဲနဲ့ပက်ဆိုသလိုပေါ့၊ ဒါက ဒီအချိန်မှာတော့ မဖြစ်သင့်တဲ့ လုပ်ရပ်ပါ အစိုးရကောင်းတရပ်ရဲ့လုပ်ရပ်မဟုတ်ဘူးလို့ မြင်ပါတယ်။”

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ သောကြာနေ့ နေ့လည်ပိုင်းထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး လာမယ့် ၂၄ နာရီ အတွင်း ပိုမိုအားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဖြစ် ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် ရခိုင်မြောက်ပိုင်း စစ်တွေကနေ တောင်ပိုင်းမြို့နယ်တွေကို ပြေးဆွဲနေတဲ့ ရေယာဉ်တွေကိုလည်း ကြာသပတေးနေ့ကစပြီး ရပ်ဆိုင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG