သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ပြည်သူအတွက် ဒေါ်လာတသန်းခွဲကျော် အာဆီယံကူညီမည်


အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ခေါင်ဒုက္ခာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၅၊ ၂၀၂၃)
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ခေါင်ဒုက္ခာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၅၊ ၂၀၂၃)

မေလတုန်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ဘေးရှောင် စခန်းတွက ယာယီတဲအများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်းနဲ့ ထိခိုက်ခံစားခဲ့ရသူတွေ အတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၁.၆၄ သန်း ကူညီကြောင်း အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံရဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို လာမယ့်ဇွန် ၁၆ ရက် ကနေ ၂၂ ရက်အထိ ပင်လယ်ရေကြောင်းနဲ့ ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေထဲမှာ အမိုးအကာနဲ့ စက်ကိရိယာတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ အစားအစာရိက္ခာမဟုတ်တဲ့ ပစ္စည်းတွေ၊ ရေသန့်နဲ့ တကိုယ်ရေသန့်ရှင်းရေး ထောက်ပံ့ရေးပစ္စည်းတွေ ပါဝင်ပါတယ်။ အစားအစာမဟုတ်တဲ့ ပစ္စည်းတွေ၊ ရေနဲ့ မိလ္လာသန့်ရှင်းရေး ကိရိယာတွေ ပါဝင်တဲ့နောက်ဆုံးအသုတ်တွေ ဇွန်လ ၂၀ ရက်နဲ့ ၂၇ ရက် နေ့တွေမှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ မျှော်လင့်ထားကြောင်း အာဆီယံက ပြောပါတယ်။

အာဆီယံရဲ့ အရေးပေါ်တုံ့ပြန်ရေးနဲ့ အကဲဖြတ်ရေးအဖွဲ့က ဘေးသင့်ဒေသတွေမှာ ကနဦးအကဲဖြတ်မှုတွေ အပြီးသတ်ခဲ့ပြီး လတ်တလော အရေးပေါ် လိုအပ်ချက်တွေကိုလည်း အရင်အပတ်က ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဘေးသင့်ဒေသတွေမှာ မုတ်သုံရာသီကြောင့် မိုးသည်းထန်၊ ရေကြီးမြေပြိုမှုအန္တရာယ် ပိုများလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မြန်မာနိုင်ငံက မုန်တိုင်းဘေးသင့် သူတွေအတွက်အကူအညီတွေ မလုံလောက်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကအရင် အပတ်သောကြာနေ့က ပြောဆိုထားတာပါ။ UNDP ရဲ့ အချက်အလက် မှတ်တမ်းတွေအရ ဆိုင်ကလုန်း မိုခါ မြန်မာနိုင်ငံတဝန်း အိမ်ခြေ ၇ သိန်း ဝန်းကျင် ပျက်စီးခဲ့ပါတယ်။

သီးခြား အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း မုန်တိုင်းကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၂၀ ကို အင်္ဂါနေ့မှာ မြန်မာနိင်ငံအတွက် ပေးခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ဘင်္ဂလားဒေ့ရှ် သံတမန် အဖွဲ့က
ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောနဲ့ သယ်ဆောင်လာတဲ့ ရိက္ခာခြောက်နဲ့ ဆေးဝါးတွေ ပါတဲ့ အကူအညီတွေကို မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် အတွက် ရည်ရွယ်ပြီး ပေးခဲတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG