သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါ မုန်တိုင်းသင့် ပြည်သူ ၉ သောင်းခွဲကျော် ကုလ အကူညီပေးနိုင်ခဲ့


မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃
မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃

မိုခါ မုန်တိုင်းသင့် ပြည်သူ ၉ သောင်းခွဲကျော် ကုလ အကူညီပေးနိုင်ခဲ့


မြန်မာနိုင်ငံကို ဆိုင်ကလုန်း မိုခါ ဝင်ရောက်တိုက်ခတ်ပြီး ၂ ပတ်ကျော်ကြာ ကာလအတွင်းမှာ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသတွေက လူပေါင်း ကိုးသောင်းခွဲကျော်ကို နေစရာ နေရာတွေနဲ့ အခြားအကူအညီတွေ ပေးနိုင်ခဲ့တယ်လို့ UN OCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့က ဇွန်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်၊ ကချင်နဲ့ ချင်းပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်တိုင်းအတွင်း ကူညီကယ်ဆယ်ရေးအတွက် ဖြတ်သန်း သွားလာခွင့်ရထားတဲ့ ဒေသတွေမှာ စားနပ်ရိက္ခာ၊ နေစရာနေရာတွေနဲ့ လူသားချင်းဆိုင်ရာ အကူအညီ အထောက်အပံ့တွေ ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် လူပေါင်း ၂ သိန်း ၆ သောင်းကျော်အတွက် ဆန်နဲ့ ဘီစကွတ်မုန့်လို စားနပ်ရိက္ခာ အထောက်အပံ့ တန်ချိန်ပေါင်း ၃ ထောင်ကျော် ကူညီပေးနိုင်ခဲ့တာပါ။

အနောက်မြောက်ပိုင်းက မကွေးမှာတော့ အရေးပေါ်အကူအညီ လိုအပ်နေသူ (၇၈,၀၀၀)ကို စားနပ်ရိက္ခာအကူအညီ ပေးနိုင်ရေးအတွက် ခွင့်ပြုချက် စောင့်နေရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့တွေနဲ့ ကချင်ပြည်နယ်ထဲမှာ မေလကုန် သီတင်းပတ်အတွင်း ကျန်းမာရေးဝန်ဆောင်မှု အကူအညီ လိုအပ်နေသူ (၈,၀၀၀)လောက်ကို အကူညီပေး နိုင်ခဲ့ပေမယ့် ဒီထက်ပိုဆောင်ရွက်နိုင်ရေး ဒေသ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် အမြန်လိုအပ်နေတယ်လို့ လည်းပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပမှာရှိတဲ့ သိုလှောင်ရုံတွေကနေ အထောက်အပံ့ပစ္စည်းတွေ ဖြန့်ဖြူးပေးနိုင်ဖို့ ခွင့်ပြုချက်စောင့်ဆိုင်း နေရကြောင်းနဲ့ လာမယ့် အပတ်တွေအတွင်း စားနပ်ရိက္ခာ အခက်အခဲ ကြုံလာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

ဆိုင်ကလုန်း မိုခါ အကူအညီပေးရေး ရံပုံငွေအတွက် တောင်းခံထားတဲ့ ဒေါ်လာ (၃၃၃)သန်းထဲက (၄.၆) သန်းကို လက်ခံ ရရှိထားပြီဖြစ်ပေမယ့် လူသားချင်းဆိုင်ရာ အကူအညီထောက်ပံ့ရေးတွေ တိုးချဲ့ လုပ်ဆောင်သွားနိုင်ဖို့အတွက် ရံပုံငွေ လိုအပ်နေကြောင်းလည်း ဖေါ်ပြထားပါတယ်။

XS
SM
MD
LG