သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်တွေ လျှပ်စစ်မီးပြန်ရ


မိုခါမုန်တိုင်းတိုက်ခတ်အပြီး ဓာတ်တိုင်တချို့ လဲကျခဲ့ (မေ ၁၅၊ ၂၀၂၃)
မိုခါမုန်တိုင်းတိုက်ခတ်အပြီး ဓာတ်တိုင်တချို့ လဲကျခဲ့ (မေ ၁၅၊ ၂၀၂၃)

ရခိုင်မြောက်ပိုင်းမှာ မုန်တိုင်းကြောင့် လျှပ်စစ်မီးတွေ ဒီကနေ့အထိ ပြတ်တောက်နေဆဲပါ။ လျှပ်စစ်မီးတွေပြန်ရဖို့ စစ်ကောင်စီက လုပ်ဆောင်နေပြီး ဒီကနေ့ မှာတော့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ် က ရပ်ကွက်တချို့ကို လျှပ်စစ်မီးတွေ ပြန်ပေးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ တခြားမြို့နယ်တွေမှာတော့ လျှပ်စစ်မီးတွေ မရသေးပါဘူး။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းက မြို့နယ် ၁၀ ခုလောက်မှာ ပြီးခဲ့တဲ့လက တိုတ်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် လျှပ်စစ်မီးတွေ ဒီကနေ့အထိ ပြတ်တောက်နေတာပါ။ စစ်ကောင်စီကတော့ မုန်တိုင်းတိုက်ပြီး နောက်နေ့မှာပဲ လျှပ်စစ်မီးတွေပြန်ရဖို့ လုပ်ဆောင်နေကြောင်း ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာတော့ မနေ့ကည ၁၁နာရီလောက်စပြီး လျှပ်စစ်မီးတွေ ပြန်ရပြီလို့ ဒေသခံတဦးဖြစ်တဲ့ ကိုအောင်ထိန်ဝင်းက ပြောပါတယ်။

“စစ်တွေမှာတော့ မနေ့က ည၁၁နာရီလောက်ကနေ လျှပ်စစ်မီးရတယ်ပေါ့နော်၊ ရတဲ့ဟာလည်း မြို့ပေါ်ရပ်ကွက်တွေရတယ်၊ နောက်ပြီးတော့ မြို့ပြင်ရပ်ကွက်တွေကတော့ မရသေးဘူး။ ဒါပေမယ့် တချို့နေရာတွေမှာလည်း မရသေးဘူး၊ လောလောဆယ်ကျနော်တို့ သိရသလောက် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမှာ ရတယ်လို့သိရပါတယ်။ အဓိက မြို့ပေါ်ရပ်ကွက်တွေပေါ့။”

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့မှာလည်း လျှပ်စစ်မီးတွေ မနေ့က ညနေပိုင်းကတည်းက ၂၄နာရီ ပြန်ရနေပြီလို့ မြို့ခံတဦးကပြောပါတယ်။

“ပုဏ္ဏားကျွန်းမှာတော့ မနေ့က ၁၀နာရီ ၁၁နာရီလောက် ရတယ်။ တမြို့နယ်လုံးမဟုတ်ဘူး။ မြို့ပေါ်ရပ်ကွက်တွေလောက်ပဲရတာ။ မီးကတော့ ပုံမှန်ပါပဲ၊ ၂၄နာရီ မှန်ပါတယ် ဟုတ်။”

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့မှာ လျှပ်စစ်မီးတွေ ပြန်ရတယ်ဆိုပေမယ့် မြို့ပေါ်ရပ်ကွက်တချို့ လောက်သာ ရရှိတာဖြစ်ပြီး မြို့ပြင်ရပ်ကွက်တွေနဲ့ ကျေးလက်ဒေသတွေမှာ လျှပ်စစ်မီးတွေ မရရှိသေးပါဘူး။

ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော စတဲ့ မြို့နယ်တွေမှာတော့ ပြီးခဲ့တဲ့ မေလ ၁၄ရက်နေ့ကနေ အခုအချိန်ထိ လျှပ်စစ်မီးတွေ မရရှိသေးပါဘူး။

မင်းပြားဒေသခံတဦးဖြစ်တဲ့ ကိုအောင်စိုးကတော့ သူတို့မြို့နယ်မှာ လျှပ်စစ်မီးပြန်မရတာကြောင့် အခက်ကြုံနေရဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ မင်းပြားမှာဆိုရင် အခုအချိန်ထိ လျှပ်စစ်မီး အခုအချိန်ထိ ဘာတခုမှ ရတာမရှိ သေးဘူး။ အဲဒီ လျပ်စစ်မီးမရလို့ အိမ်ရှင်မတွေ ဘာတွေဆိုရင် ချက်ပြုတ်ဖို့ အတော် အခက်ကြုံရတယ်။ ကျောင်းသူကျောင်းသားတွေ ဆိုရင်လည်း လျပ်စစ်မီးမရှိတော့ ဖယောင်းတိုင်တွေနဲ့ စာကျက်နေရတယ်။ တော်တော်လေး အခက်အခဲကြုံနေရပါတယ်။”

လျှပ်စစ်မီးဟာ ဒေသခံတွေရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးသလို မုန်တိုင်းကြောင့် ပြိုပျက်သွားတဲ့ နေအိမ်အဆောင်အဦးတွေ ပြန်လည် ပြင်ဆင်ဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ လိုအပ်တာကြောင့် လျှပ်စစ်မီးအမြန်ဆုံးရရှိဖို့ ဒေသခံတွေ မျှော်လင့်နေကြတာပါ။

ရခိုင်မြောက်ပိုင်းမှာ လျှပ်စစ်မီးတွေ အမြန်ဆုံးပြန်လည်ရရှိအောင် ပြည်မဖက်က လျှပ်စစ် ဝန်ထမ်းတွေကိုပါခေါပြီးတော့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေရဲ့ လူမှုကွန်ယက်တွေပေါ်မှာ တင်ထားတာတွေ့ရပါတယ်။

ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ လျှပ်စစ်မီးတွေ ပြန်လည်ရရှိရေးနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ဟာ အတော်အထိနာခဲ့သလို လူပေါင်း တသန်းကျော်လောက် မုန်တိုင်းဒဏ်သင့်ပြီး ဒုက္ခကြုံနေရတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG