သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကယ်ဆယ်ရေး အကူအညီမရလို့ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ အခက်ကြုံ


မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃
မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃

မုန်တိုင်းဒဏ်သင့် ရခိုင်မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ ကူညီ ကယ်ဆယ်ရေးတွေ မရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ မုန်တိုင်းကြောင့် ဒုက္ခသည်စခန်းတွေမှာ နေအိမ်တွေ ပျက်စီးသွားကြသလို လက်ရှိအချိန်ထိ အိမ်တွေပြန်ဆောက်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မေလ ၁၄ရက်နေ့က တိုတ်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် မြို့နယ် ၁၀ခုက လူဦးရေ တသန်းကျော် မုန်တိုင်းဒဏ်သင့် ဒုက္ခရောက်နေကြတာပါ။ လက်ရှိအချိန်ထိ နိုင်ငံတကာအဖွဲ့တွေ အပါအဝင် အရပ်ဖက်အဖွဲ့တွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရထားဘူတာ စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်တော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတာမရှိသလို ဒီကနေ့အထိ မုန်တိုင်းကြောင့် ပျက်သွားတဲ့နေအိမ်တွေ ပြန်မဆောက်မရသေးဘူးလို့ စစ်ဘေးဒုက္ခသည်တဦးဖြစ်တဲ့ ဦးကျော်သန်းက ပြောပါတယ်။

“ကျနော်တို့စခန်းမှာ မုန်တိုင်းတိုက်ပြီးနောက် စခန်းတခုလုံး အကုန်လုံး ပြိုသွားပါတယ်။ ပြိုသွားတယ်ဆိုတော့ ကျနော်တို့မှာ အခု နေစရာမရှိဘူး။ ဆိုတော့ ကျနော်တို့ဟာ ပြိုသွားတဲ့အိမ်က ဓနိတွေကိုယူ၊ တာပေါ်လိပ်အစုတ်တွေကို ယူပြီးတော့ လောလောဆယ် တဲပုံစံလုပ်ပြီးတော့ နေရတယ်။ ဒါပေမယ့် အမိုးလည်းမလုံဘူး၊ အကာလည်းမလုံဘူး၊ လေတအားတိုက်လာရင်လည်း မလုံဘူး။ မိုးတွေတအားရွာရင်လည်း လုံလုံခြုံခြုံ မရှိဘူး၊​ ခေါင်မိုးက မိုးယိုတယ်။ ကျနော်တို့ တခါတခါ မိုးတအားရွာရင် ထီးဆောင်းပြီးတော့ နေရတယ်။”

စားနပ်ရိက္ခာအတွက်တော့ ပြီးခဲ့တဲ့လအတွင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆန်အချို့ ထောက်ပံ့ပေးထားတာလောက်သာရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တခြားအဖွဲ့အစည်းတွေ လာရောက်ထောက်ပံ့တာ မရှိဘူးလို့လည်း ဦးကျော်သန်းက ပြောပါတယ်။

“ကျနော်တို့ စခန်းမှာ စားဝတ်နေရေးကတော့ တကယ် အခက်အခဲရှိတယ်။​ ကျနော်တို့စခန်းမှာ ၅လပိုင်းက WFP က လူတယောက်ကို ဆန် ၇၅ဗူး ပေးတယ်။ အဲဒီဆန်နဲ့ပဲ ဒီနေ့အထိ မျှပြီးတော့ စားနေရတယ်ခင်မျာ။ အဲဒီဆန်လည်း ကုန်တဲ့သူမှာကုန်သွားပြီ၊ မကုန်တဲ့သူတွေမှာလည်း မကုန်သေးဘူး၊ သိပ်လည်းမရှိတော့ဘူး။ တကယ်လို့ အဲဒီဆန်သာကုန်ရင် ဘယ်လိုလုပ်ရမှန်း မသိဘူး။ ကျနော်တို့ တကယ် အခက်အခဲ ဖြစ်နေတယ်။”

ဒါ့အပြင် လူဦးရေ ၃,၀၀၀နီးပါး နေထိုင်တဲ့ မြောက်ဦးမြို့နယ်က တိမ်ညို စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း မုန်တိုင်းကြောင့် နေအိမ်တွေ အကုန် ပျက်စီးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ နေအိမ်တွေကို ကိုယ်ထူကိုယ်ထ ပြန်တည်ဆောက်ထားကြပေမယ့် စားနပ်ရိက္ခာ အခက်ကြုံနေရတယ်လို့ စခန်းတာဝန်ခံ ကိုကျော်မြင့်ရွှေက ပြောပါတယ်။

“စားနပ်ရိက္ခာအပိုင်းနဲ့တော့ WFP နေပြီးတော့ တနေ့စာအတွက် လူတယောက်ကို ၇၀၀နှုန်း ပေးတယ်။ အဲတာကလည်း လုံလောက်မှုတော့ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အခုအချိန်က ကလေးတယောက် မုန့်ဝယ်စားရင်တောင် ၁၅၀၀လောက်ကုန်နေတာ။ ကျနော်တို့ကတော့ တင်ပြတယ်၊ ဒါပေမယ့် သူတို့ပေးသလောက်နဲ့ ကြေနပ်ရတာပေါ့။”

အလားတူပဲ မြောက်ဦးမြို့နယ်က လူဦးရေ တထောင်ကျော်လောက် နေထိုင်တဲ့ ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်းမှာလည်း စားနပ်ရိက္ခာ အခက်ကြုံနေရပါတယ်။ WFP က လစဉ်ထောက်ပံ့တာတွေရှိပေမယ့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် လုံလောက်မှုမရှိဘူးလို့ အဲဒီစခန်း မှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် ဦးသိန်းရွှေမြတ်က ပြောပါတယ်။

“ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ပုံမှန် တလတကြိမ်ပေးတာ တအိမ်ထောင်ကို ၂သောင်းခွဲနှုန်းနဲ့ ပေးတာ၊​ အဲလို ထောက်ပံ့တာတော့ရှိတယ်။​သီးသန့် မုန်တိုင်းဒဏ်ခံရလို့ဆိုပြီး ထောက်ပံ့တာတော့မရှိဘူး။ ဒုက္ခသည်တွေကတော့ စားဝတ်နေရေး ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ်။ ပုဂ္ဂလိကအလှူရှင်တွေလည်း မရှိဘူး။ အစိုးရဌာနကလည်း ထောက်ပံ့တာ မရှိဘူး၊ ဘာမှ မရှိဘူး။”

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး UN-OCHA ကတော့ မုန်တိုင်းဒဏ်သင့် ပြည်သူ ၁ သိန်း ၁ သောင်းအတွက် နေရာထိုင်ခင်းနဲ့ လိုအပ်တဲ့အကူအညီတွေ ပေးခဲ့တယ်လို့ ဒီလတွင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ရခိုင်မြောက်ပိုင်းနဲ့ မကွေးတိုင်းဒေသက မုန်တိုင်းဒဏ်သင့်ပြည်သူ ၂၃၀,၀၀၀ အတွက် အသက်ကယ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးပြီးဖြစ်သလို မုန်တိုင်းဒဏ်ခံရတဲ့ ဒေသက လူဦးရေ ၈၀၀,၀၀၀ လောက်ကို သုံးလစာ အရေးပေါ် အထောက်အပံ့နဲ့ ငွေသားတချို့ ထောက်ပံ့ပေးဖို့ ဆောင်ရွက်နေတယ်လို့လည်း မေလ ၃၁ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG