သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် ရခိုင်ပြည်နယ်မှာ နိုင်ငံတကာကူညီခွင့် မရတဲ့အပေါ် ဒေသခံတွေစိုးရိမ်


ရိုဟင်ဂျာအများစုနေထိုင်တဲ့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာလည်း အပျက်အစီးများခဲ့
ရိုဟင်ဂျာအများစုနေထိုင်တဲ့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာလည်း အပျက်အစီးများခဲ့

မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် အထိနာခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လူဦးရေ ၁ သန်းကျော်လောက်ဟာ ဒုက္ခရောက်နေကြတာပါ။ အကူအညီတွေ အရေးပေါ် လိုအပ်နေချိန်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိဖို့ နိုင်ငံတကာကူညီရေး အဖွဲ့တွေကို ဝင်ရောက်ခွင့်မပေးတာဟာ ဒုက္ခပိုရောက်စေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြမှာပါ။

ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို စစ်ကောင်စီဘက်က ဆိုင်းငံ့ထားတယ်လို့ ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အခုလို ဝင်ရောက်ခွင့် ဆိုင်းငံ့ခံထားရတာဟာ ရခိုင်ပြည်နယ်အတွင်း လာမယ့်သီတင်းပတ်နဲ့ လတွေမှာ လူသားချင်းအကူအညီ ရရှိနိုင်ဖို့ ရည်ရွယ်ထားတဲ့ လူ ၁ သန်းကျော်အတွက် နစ်နာစေတယ်လို့ ကုလသမဂ္ဂဌာနေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးကလည်း ပြောထားပါတယ်။

မုန်တိုင်းဝင်ရောက်ပြီး ရက်သတ္တပတ် ၄ ပတ်ကျော် ကြာလာချိန်အထိ ရခိုင်ပြည်နယ်တွင်းမှာ အရေးပေါ်အကူအညီတွေ မရသေးသူတွေလည်း ရှိနေပါတယ်။ ဒုက္ခရောက်နေချိန်မှာ အင်တိုက်အားတိုက် အားလုံးပါဝင်ကူညီဖို့ကို ဆန္ဒရှိနေကြတာပါ။ အခုလိုအချိန်မှာ နိုင်ငံတကာက ကူညီရေး အဖွဲ့တွေအပေါ် ကန့်သတ်ထားတာဟာ ဒေသခံတွေအတွက် ပိုပြီးအထိနာစေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

"NGO တွေကို သူတို့ခွင့်ပြုလိုက်ပြီ ဆိုပေမဲ့ INGO တွေ မပါဘူးဆိုတော့လေ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်လိုပဲဖြစ်ဖြစ် အားတော့နည်းတာပေါ့ဗျာ။ ဒီအချိန်မှာက INGO တွေ ဝင်သင့်တယ်လို့တော့ ကျနော်တို့က ယူဆတယ်။ အခုက အရေးပေါ်ကာလ ဆိုတော့လေ မုတ်သုံလည်းဝင်နေပြီဆိုတော့ လူတွေ တော်တော်ဒုက္ခရောက်နေတယ်။ အမိုးအကာတွေမရ၊ အစားအသောက်လည်းမရ။ နဂိုကတည်းက စစ်ဘေးကြောင့် အရမ်းကို ဒုက္ခရောက်နေတဲ့ နယ်မြေဆိုတော့ အခုဆိုရင် ပိုပြီးဆိုးတာပေါ့လေ။"

မုန်တိုင်းဝင်ရောက်ပြီး အစောပိုင်းတုန်းက ရခိုင်ပြည်နယ်မှာ ICRC နဲ့ WFP လို နိုင်ငံတကာအဖွဲ့တွေဘက်က ကူညီပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်း ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့ အားလုံးကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့တုန်းက စစ်ကောင်စီက ကူညီရေးလုပ်ငန်းတွေကို ရပ်ဆိုင်းစေခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာတော့ ကူညီရေးလုပ်ငန်းတွေကို အကန့်အသတ်နဲ့ ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ စစ်ကောင်စီ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး၊ ခွင့်ပြုမိန့်ရထားတဲ့ အဖွဲ့တွေကသာ တရားဝင်သွားလာ ကူညီခွင့်ရှိတာပါ။ သွားရောက်ကူညီမယ့် လမ်းကြောင်းနဲ့ ထောက်ပံ့မယ့် ပစ္စည်းတွေကိုပါ စာရင်းပြပြီးမှ ကယ်ဆယ်ရေးအတွက် ခွင့်ပြုချက်ရတဲ့ အခြေအနေကိုလည်း ကူညီပေးနေသူ နောက်တဦးက ပြောပါတယ်။

"သူတို့ခွင့်ပြုတာကတော့ ဒေသတွင်းက မြန်မာနိုင်ငံသားတွေ၊ အဖွဲ့တွေကိုပေါ့။ လက်ရှိအချိန်ထိတော့ ဒီနိုင်ငံတကာအဖွဲ့တွေကို သွားလာခွင့်က မပေးသေးဘူး။ သွားလာခွင့်တွေ မပေးဘူးဆိုတာက ဒီဘက်ကလည်း သွားလာခွင့်တွေတော့ တင်ပြရမှာပေါ့နော်။ ပြည်တွင်းအဖွဲ့အစည်း တွေကလည်း ဥပမာ နိုင်ငံတကာက ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီမယ်ဆိုရင် ပြည်တွင်းအဖွဲ့အစည်းတွေကလည်း သူတို့ဆီမှာ ခရီးသွားလာခွင့်တွေတော့ သွားတင်ပြရမှာပေါ့နော်။"

ရခိုင်ပြည်နယ်နဲ့ မုန်တိုင်းဒဏ်သင့် တခြားဒေသတွေမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးဖို့အတွက် အစောပိုင်းမှာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဇွန်လအစမှာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒီခွင့်ပြုချက်တွေကို ရုတ်သိမ်းပြီး၊ ဆိုင်းငံ့ထားတဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့နဲ့ ပြန်လည်ခွင့်ပြုဖို့ကိုလည်း တိုက်တွန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG