သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်စားသောက်ရေးအခက်ကြုံ


ရခိုင်ပြည်နယ်တွင်းမှ ရိုဟင်ဂျာမိသားတစု၊ ဇန်နဝါရီ ၂၅၊ ၂၀၁၉
ရခိုင်ပြည်နယ်တွင်းမှ ရိုဟင်ဂျာမိသားတစု၊ ဇန်နဝါရီ ၂၅၊ ၂၀၁၉
ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးမွတ်ဆလင်ဒုက္ခသည်စခန်းကို နေရာသစ်မှာ ပြောင်းရွှေ့လိုက်တဲ့နောက်
ဒုက္ခသည်တွေ နေထိုင်ရေးခက်ခဲနေကြပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်ဒုက္ခသည်စခန်း တွေမှာလည်း ထောက်ပံ့မှုတွေမရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုသားညွန့်ဦး ပြောပြပါမယ်။
လူဦးရေ ထောင်နဲ့ချီနေထိုင်တဲ့ ရခိုင်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ်က ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည် စခန်းကို ဒီလဆန်းပိုင်းကစလို့ အာဏာပိုင်တွေက နေရာရွေ့ပြောင်းခဲ့ပါတယ်။ရွှေ့ပြောင်းလိုက်တဲ့နေရာဟာ မူလနေထိုင်တဲ့ ကျောက်တလုံးဒုက္ခသည်စခန်းနဲ့ မိုင်ဝက်လောက်ပဲ ဝေးပေမယ့် နေရာသစ်မှာ ရေကြီးရေလျှံ မှုတွေရှိတာကြောင့် နေထိုင်ဖို့ ခက်ခဲနေတယ်လို့ မွတ်ဆလင်ဒုက္ခသည်တဦးကပြောပါတယ်။
“ လမ်းတွေက မကောင်းတော့လေ ရွှံ့တွေဆိုတော့ လမ်းလျှောက်လို့ရှိရင် ချော်လဲတာတို့ ဘာတို့၊ ကလေးတွေ သက်ကြီးရွယ်အိုတွေ ကျတော့ အဆင်မပြေဘူးလေ၊ မိုးရာသီဆိုတော့ ပြီးတော့ ရေမမြှုပ်တာက နည်းပြီးတော့ ရေမြှုပ်တာက များတယ်၊ အိမ်တွေက တော်တော်များ များရေမြှုပ်ကြတယ်။ရေတက်တယ် အဲလိုမျိုးဖြစ်တယ်။”
ဒုက္ခသည်စခန်းအသစ်မှာ ဆောက်လုပ်ထားတဲ့ နေအိမ်တွေဟာလည်း ပြီးခဲ့တဲ့ နှစ်ကတည်းကဆောက်လုပ် ထားတာဖြစ်ပြီး နေအိမ်တွေ မခိုင်ခံတော့တာကြောင့် ကိုယ်တိုင်ပြန်လည်ပြုပြင်နေရတယ်လို့လည်း
မွတ်ဆလင်ဒုက္ခသည်တဦးကပြောပါတယ်။
“ သူတို့ပေးထားတဲ့ နေအိမ်တွေက နေလို့မှမရတာ၊ အဲတာကို ပြင်နေတော့စီးပွားရေးကလည်း ရှာလို့မရ ဆိုတော့အဆင်မပြေဘူး၊ သူတို့ပေးတဲ့ အိမ်တွေက သစ်ဆွေးတွေနဲ့ ဆောက်ထားတာဆိုတော့ ဟိုနှစ် မိုးရာသီကနေ ဆောက်ထားတာ၊ မိုးတမိုးထားလိုက်တော့ ဆွေးနေပြီလေ၊ တချို့အိမ်တွေဆိုရင် တက်လိုက်တာနဲ့ အိမ်တွေက ကျိုးနေပြီ ဆိုတော့နေ လို့မရလို့ ပြန်ပြုပြင်ရတယ်။”
ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေအားလုံးကို ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP တခုတည်းကသာ အဓိကထောက်ပံ့နေတာပါ။ အရင်တုန်းက ဒုက္ခသည်စခန်းတွေမှာ ဆန်ရိက္ခာထောက်ပံ့တာ ရှိပေမယ့်၊ လက်ရှိမှာတော့ ငွေကြေးပဲ ထောက်ပံ့ပေးတော့တယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။
လူဦးရေ သောင်းနဲ့ချီနေထိုင်တဲ့ စစ်တွေမြို့နယ်က သက်ကယ်ပြင်မွတ်ဆလင်ဒုက္ခသည်စခန်း မှာဆိုရင် WFPက လူတဦးကို တလစာအတွက် ငွေကျပ် ၂၅ဝဝဝ ပေးပေမယ့် ကုန်စျေးနှုန်းတွေ မြင့်တက်နေတာ ကြောင့် စားနပ်ရိက္ခာမလုံလောက်ဘူးလို့ စခန်းတာဝန်ခံ ဦးမောင်လေးကပြောပါတယ်။
“ ကျနော်တို့ ကန့်ထဲမှာ စားဝတ်နေရေး အခြေအနေတော်တော်ဆိုးနေတယ်၊ သိပ်အဆင် မပြေဘူးပေါ့။ ရိက္ခာတွေ ရတာလည်းလုံလောက်မှုမရှိဘူး၊ပေးတဲ့ဟာနဲ့ မလောက်ဘူး၊ WFP ကတော့ ပုံမှန်တော့ ပေးပါတယ်၊ ပေးပေမယ့် လုံလောက်မှုမရှိ်ဘူး၊ အရင်က ဆန်တွေပေးပေမယ့် ဒီလကတော့ ပိုက်ဆံပဲ ပေးတယ်။ ပိုက်ဆံမပေးရင် အတော်လေးခံရတယ်၊ ဆန်က မဝယ်နိုင်ဘူး၊ ဆန်အတော်စျေးတက်သွားတယ်၊ ဆန်ပေးမှပဲ ကျနော်တို့ အဆင်ပြေတယ်။”
ဒါ့အပြင် ပေါက်တောမြို့နယ်က ကြိမ်နီပြင်မွတ်ဆလင်ဒုက္ခသည်စခန်းမှာလည်း မုန်တိုင်းကြောင့် ပျက်စီး သွားတဲ့နေအိမ်တွေလည်းပြန်မပြင်ရသေးသလို စားနပ်ရိက္ခာတွေလည်း ခက်ခဲနေတယ်လို့ ကြိမ်နီပြင် ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးကပြောပါတယ်။
“ စားဝတ်နေရေး အခြေအနေကတော့ အခု WFPက စားနပ်ရိက္ခာမပေးဘူး ပိုက်ဆံပဲ ပေးသွား တယ်ဆိုတော့ ကျနော်တို့ ရှာကြံပြီးတော့ စားနေရတာပါဆရာ၊ ဘယ်လိုလုပ်ရမှာမလဲ ဒီအ တိုင်းပါပဲ။ လူ တဦးကို ၂၂၀၀၀ ပေးတယ်၊ သူတို့ပေးတာနဲ့ မလောက်တော့ဘူး၊ ပိုက်ဆံရှိတဲ့ သူတွေကတော့ ဒီအတိုင်းသုံး နေကြတယ်။ မရှိတဲ့ သူတွေကလည်း အတော်ဒုက္ခရောက်နေကြတယ်။”
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ ရခိုင်မြောက်ပိုင်းနဲ့ မကွေးတိုင်းဒေသက မုန်တိုင်းဒဏ်သင့်ပြည်သူ ၂၃၀ ၀၀၀ အတွက် အသက်ကယ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးပြီးဖြစ်သလို အဲဒီထဲမှာ မွတ်ဆလင်ဒုက္ခသည်တွေလည်း ပါဝင်တယ်လို့ဖော်ပြထားပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသက လူဦးရေ ၈၀၀ ၀၀၀ လောက်ကို သုံးလစာ အရေးပေါ်အထောက်အပံ့နဲ့ ငွေသား တချို့ ထောက်ပံ့ပေးဖို့ ဆောင်ရွက်နေတယ် လို့လည်း WFP ရဲ့ မေလ ၃၁ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့် ကို စစ်ကောင်စီဘက်က ဆိုင်းငံ့ထားတယ်လို့ ကုလအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ အခုလို ဝင်ရောက်ခွင့် ဆိုင်းငံ့ခံထားရတာဟာ ရခိုင်ပြည်နယ်အတွင်း လာမယ့် လတွေအတွင်း လူသားချင်းအကူအညီ ရရှိနိုင်ဖို့ ရည်ရွယ်ထားတဲ့ လူ ၁ သန်းကျော်အတွက် နစ်နာစေတယ်လို့ ကုလသမဂ္ဂဌာနေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးကလည်း ပြောထားပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG