သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်သတ်မှုတွေကြောင့် ရခိုင်မုန်တိုင်းပြန်လည်ထူထောင်ရေး နှောင့်နှေး


မိုခါမုန်တိုင်းဒဏ်သင့် ကျောက်တော်မြို့၊ မေ ၁၄၊ ၂၀၂၃
မိုခါမုန်တိုင်းဒဏ်သင့် ကျောက်တော်မြို့၊ မေ ၁၄၊ ၂၀၂၃

မိုခါ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသမှာ လူသားချင်စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို စစ်ကောင်စီက အခုအချိန်ထိ ကန့်သတ်ထားတာကြောင့် ပြန်လည်ထူထောင်ရေလုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ဇွန်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ အခုလို ကန့်သတ်ချက်တွေကြောင့် မုန်တိုင်းဒဏ်သင့်ပြည်သူတွေ ပိုဒုက္ခရောက်နေကြရတဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေး ရေးအဖွဲ့တွေကို ထုတ်ပေးထားတဲ့ ခရီးသွားလာခွင့်ကို စစ်ကောင်စီက အခုချိန်ထိ ယာယီဆိုင်းငံ့ထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ စစ်ကောင်စီက အခုလို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကန့်သတ်ထားတာဟာ ဒုက္ခရောက်နေတဲ့ ဒေသခံတွေအတွက် နေထိုင်စားသောက်ရေးတွေ ပိုပြီးတော့ ထိခိုက်နေတယ်လို့ ကုလသမဂ္ဂရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ပြည်သူတွေ သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့အချိန် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ကန့်သတ်လိုက်တာဟာ ပြည်သူတွေကို ပိုပြီးတော့ ဒုက္ခရောက်စေတဲ့ပြင် ဒါဟာလူ့အခွင့်ရေးချိုးဖောက်မှုတခု ဖြစ်တယ်လို့လည်း ရခိုင်ဒေသမှာ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“နဂိုကတည်းက ရခိုင်မြောက်ပိုင်းဟာ စစ်ဘေးဒုက္ခသည်တွေ အများကြီးရှိတဲ့မြို့ဖြစ်တယ်။ နောက်ပြီးတော့ ရွှေ့ပြောင်းလုပ်သားတွေ ဆင်းရဲမွဲတေတဲ့ ဒေသလည်းဖြစ်တယ်။ အလုပ်လက်မဲ့ လူဦးရေလည်း တအားများတယ်။ ဆိုတော့ အခု သဘာဝဘေးဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အငတ်ဘေးဆိုက်နေတဲ့ လူဦးရေတွေလည်း အများကြီးရှိတယ်၊ အမိုးအကာမရှိ တဲ့သူတွေ၊ သောက်သုံးရေတွေ မရှိတဲ့သူတွေ အများကြီး ရှိတယ်ပေါ့နော်။ ဝမ်းရေးအတွက် တကယ့်ကို အခက်အခဲဖြစ်နေတယ်။ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတယ်၊ အာဟာပြည့်မှီတဲ့ အစားအသောက်တွေကို မစားရဘူး၊ အမိုးအကာမရှိပဲ နေထိုင်နေရတယ်။ အဲတာကြောင့် ရောဂါတွေဖြစ်နေကြတယ်။ ဒါကို စစ်ကောင်စီက သိလျက်နဲ့ တိုက်ရိုက် စစ်လက်နက်နဲ့ ပစ်တာမဟုတ်ပဲနဲ့ လုံးဝ လူ့အခွင့်အရေး ချိုးဖောက်မှုတခု ဖြစ်တယ်ပေါ့နော်။”

စစ်ကောင်စီအနေနဲ့ အခုလိုပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ နိုင်ငံတကာအဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေကို ရပ်တန့်ထားတာဟာ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တာကြောင့် ဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ရခိုင်အရေးကျွမ်းကျင်သူ ဦးဖေသန်းက သုံးသပ်ပါတယ်။

ANP ပါတီရဲ့ မြေပုံမြို့နယ်ကိုယ်စားပြု၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း
ANP ပါတီရဲ့ မြေပုံမြို့နယ်ကိုယ်စားပြု၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း

“သူ့အနေနဲ့ကျတော့ ဒါနိုင်ငံရေး ရည်ရွယ်ချက်တခုခုနဲ့ နိုင်ငံတကာအကူအညီတွေကို သူ့လက်၊ သူ့ခြေနဲ့ သူပုံရိပ်မြင့်အောင် ကြိုးစားချင်တဲ့ အခြေအနေရှိတယ်ပေါ့။ တောက်လျောက် သူ့ဖက်က လိုလားချက်တွေကိုလည်း တနည်းမဟုတ် တနည်းဖော်ပြတယ်။ အခုလည်း ဒီလောက် အရေးကြီးနေတဲ့အချိန် အမိုးအကာအောက်ကိုတောင် မရောက်နိုင်သေးဘူး။ နေရေး ထိုင်ရေး စီးပွားရေးတွေကလည်း တော်တော့ကို အခက်အခဲ ဖြစ်နေကြတယ်။ ကုန်ဈေးနှုန်းတွေကလည်း မတန်တဆ ကြီးနေတယ်။ အဲဒီအချိန်မှာ သူများနိုင်ငံက ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူအနေနဲ့ လာပြီး ကူညီတာကို လက်မခံဘူး၊ တားမြစ်တယ်ဆိုတာက ဘယ်နိုင်ငံမှလည်း မရှိဘူး၊ ဘယ်အဖွဲ့အစည်းမှာမှ လည်းမရှိဘူး။ အစိုးရကလည်း လုပ်လေ့ လုပ်ထ မရှိဘူး။ ဒါပေမယ့် စစ်ကောင်စီက ဒါကို သူတို့အကျိုးအတွက် လုပ်လို့မရမယ့်အတူတူ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို ညစ်ထားတယ်ပေါ့နော်၊ အဲလိုအဲ ကျနော်မြင်တယ်။”

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေေကြောင့် ရခိုင်ဒေသမှာ အဓိက ကူညီထောက်ပံ့ရေးလုပ် ဆောင်နေကြတဲ့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့လည်း အခက်ကြုံနေရတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ဒေသခံအမျိုးသမီးက ပြောပါတယ်။
“တကယ့်လိုအပ်တဲ့ နေရာတွေကို ကျမတို့ အချိန်မှီ မသွားနိုင်ဘူးပေါ့နော်၊ ဒီလို တားမြစ်ထားတဲ့အတွက်။ နောက်ပြီးတော့ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို မပေးနိုင်ဘူး၊ အချိန့်ကြန့်ကြာမှုတွေရှိတယ်။ လမ်းခရီးတွေ အဆင်မပြေဘူး။ ကုန်ပစ္စည်းတွေဆိုရင်လည်း ကျမတို့ အကုန်သည်သွာလို့ မရဘူး။ အထူးသဖြင့်ဆိုရင် တကယ့်လိုအပ်နေတာက ရိက္ခာ၊ အခြေခံစားသောက်ကုန်တွေ။ စစ်ကောင်စီက တားမြစ်ထားတဲ့ ထဲမှာလည်း အခြေခံစား သောက်ကုန်တွေပါတဲ့အခါကျတော့ ပြည်သူတွေလည်း ဒုက္ခရောက်သလို ကျမတို့ အနေနဲ့ဆိုရင်လည်း ကူညီရတာ လက်လှမ်းမှီဘူးပေါ့နော်၊ အဲလိုဖြစ်နေတယ်။”

နိုင်ငံတကာအဖွဲ့တွေအနေနဲ့ကတော့ ကန့်သတ်ချက်တွေရှိနေပေမယ့် ရခိုင်ပြည်နယ်တ ခုတည်းမှာ လူပေါင်း ၃၈၀,၀၀၀ နီးပါးအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပြီးဖြစ်သလို လူဦးရေ ၁ဝ,ဝဝဝလောက်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မိုခါမုန်းတိုင်းဒဏ်သင့် ရခိုင်ဒေသမှာ လူဦးရေ ၁.၆သန်းအတွက် ကူညီဖို့ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်း တောင်းခံထားတာမှာ ၂၄.၂သန်းလောက်သာ ရရှိသေးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လိုအပ်ချက်တွေ များပြားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသခံတွေကို ကျယ်ကျယ်ပြန့်ပြန့် သွားရောက်ကူညီခွင့်ရို့အတွက်လည်း နေပြည်တော်နဲ့ ပြည်နယ်အဆင့်ရှိ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG