သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် သွင်းကုန်ကန့်သတ်မှုကြောင့် ရခိုင်ပြည်နယ်စပ် ကုန်သွယ်မှုထိခိုက်


ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းမှာ ကုန်တင်ကုန်ချမြင်ကွင်း။ ( အောက်တိုဘာ ၁၊ ၂၀၁၉ )
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းမှာ ကုန်တင်ကုန်ချမြင်ကွင်း။ ( အောက်တိုဘာ ၁၊ ၂၀၁၉ )

မြန်မာဘက်က ပို့ကုန်တွေကို ဘင်္ဂလားဒေရှ့် နိုင်ငံက ကန့်သတ်လိုက်တာကြောင့် ဒီလထဲ ရခိုင်နယ်စပ် ကုန်သွယ်မှုတွေ ကျဆင်းသွားတဲ့အကြောင်း နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာပို့ကုန်တွေကို ဘင်္ဂလားဒေ့ရှ်က ဘာကြောင့် ကန့်သတ်တယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ လက်ရှိမှာတော့ ပို့ကုန်သုံးမျိုးသာ တင်ပို့လို့ရပြီး နယ်စပ်ကုန်သွယ်ရေး သိသိသာသာ ကျဆင်းနေတဲ့ အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင် က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစလို့ ရခိုင်ပြည်နယ် မောင်တောင်နဲ့ စစ်တွေကနေ ပို့ဆောင်နေတဲ့ ကုန်ပစ္စည်းတချို့ကို ဘင်္ဂလားဒေ့ရှ်က ဝယ်ယူတာတွေ ရပ်တန့်လိုက်တာကြောင့် ကုန်သွယ်မှုပမာဏ ကျင်ဆင်းနေတယ်လို့ ကုန်သည်တွေကပြောပါတယ်။ လက်ရှိမှာတော့ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ကုန်ပစ္စည်းသုံးမျိုးကိုပဲ တင်ပို့ခွင့်ရတော့တယ်လို့ မောင်တောနယ်စပ် ကုန်သည်အသင်း ဒုဥက္ကဋ္ဌ ဦးအောင်စံသိန်းက ဗွီအိုအေကိုပြောပါတယ်။

“ အရင်ကတော့ ကုန်စုံပေါ့ဗျာ ကြက်သွန်တို့ နောက် ကွမ်းသီးအစုံပေါ့ဗျာ အကုန်လုံး သူတို့ဆီ ကို ပို့လို့ရတယ်၊ ဒီတလ နှစ်လ ကြားထဲမှာ သူတို့ လိုချင်တဲ့ ပစ္စည်းကိုပဲ အဓိက မှာတာ၊ အခုလောလောဆယ်ကတော့ ဂျင်းတို့ ကြက်သွန်ဖြူ ဒညင်းသီး ဒီ ၃ခုလောက်ပဲ အဓိကတင်ပို့ လို့ရတယ်၊ မဟုတ်ရင်လက်မခံဘူး ဟိုတခေါက်က သူတို့မှာ အရေးတကြီးလိုနေ တဲ့ဟာကိုပဲ အဲဒီလိုပဲ မှာတာ။ ဒီဖက်မှာ တအားဒုက္ခရောက်နေကြတာနော်။ ”

ဘင်္ဂလားဒေရှ့် အနေနဲ့ မြန်မာပို့ကုန်တွေကို ဘာကြောင့် ကန့်သတ်လိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘဲ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို အဓိက အများဆုံး တင်ပို့နေတဲ့ ရေချိုငါး တင်သွင်းမှုကိုပါ လတ်တလော ကန့်သတ်ထားတာကြောင့် ကုန်သည်တွေနဲ့ ငါးမွေးမြူရေးသမားတွေ အခက်ကြုံနေရပြီး ကုန်သွယ်မှု ပမာဏ ကျဆင်းလာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကလည်း ပြောပါတယ်။

“ ကျနော်တို့ ၃လပိုင်းအကုန် ၄လဆန်းလောက်ကနေ နယ်စပ်ကုန်သွယ်မှုပမာဏတွေ ကျဆင်းလာတဲ့ အနေအထားရှိပါတယ်။ သူတို့ဘက်က ပေါ်လစီကလည်း သူတို့မှာ သူတို့နိုင်ငံရဲ့ ပေါ်လစီရှိမှာပေါ့လေ။ ကျနော်တို့က တော့ တိတိကျကျ ဘယ်ဟာကို လက်ခံတယ်၊ ဘာညာတော့ တိတိကျကျ မသိဘူးဗျာ။ ဒါပေမဲ့ ခုနက ပြောသလိုပေါ့ သူတို့လိုချင်တဲ့ အမျိုးအစား နောက်ပြီးတော့ ပုပ်သိုး လွယ်တဲ့ပစ္စည်း ဆိုရင်တော့ ဦးစားပေးပြီး လုပ်တယ်လို့တော့ ကျနော်တို့ အနေနဲ့ သိထားပါတယ်။ ဒါပေမဲ့ ဒီထဲမှာ ငါးတော့ မပါသေးဘူးလို့ သိနေရတယ်ပေါ့လေ။ အရင်တုန်းကဆိုရင် ရေချိုငါး တင်ပို့မှုက ပို့ကုန်ရာခိုင်နှုန်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးလောက် အထိရှိတယ်ပေါ့လေ လက်ရှိကတော့ ရေချိုငါး တင်ပို့မှုကလည်း လုံးဝ ရပ်တန့်သွားတဲ့ အနေအထားရှိပါတယ်။ ကျန်တဲ့ ကြက်သွန်တို့ ဂျင်းတို့ကတော့ သူတို့လိုချင််တဲ့ ပစ္စည်းဆို လို့ရှိရင် သူတို့ဖက်က အမှာရှိတယ်ဆိုရင်တော့ အဲလောက်ပဲသူတို့ကငွေလွှဲ ပေးနိုင်တဲ့ အနေအထားတော့ရှိပါတယ်ဗျာ။”

အခုလို မြန်မာပို့ကုန်တင်ပို့မှုတွေကို ဘင်္ဂလားနိုင်ငံဘက်က ကန့်သတ်လိုက်တာကြောင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ကုန်ပစ္စည်းတွေ ပျက်စီးရတာ ရှိနေသလို နယ်စပ်ကုန်သွယ်ရေး ကို မှီခိုလုပ်ကိုင်စားသောက်နေတဲ့ ဒေသခံ အလုပ်သမားတွေလည်း အလုပ်အကိုင် ရှားပါး အခက်ကြုံနေရတယ်လို့ မောင်တောနယ်စပ် ကုန်သည်အသင်း ဒုဥက္ကဋ္ဌ ဦးအောင်စံသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ အခုကကုန်သည်ရော အလုပ်သမားရော အကုန်လုံးနစ်နာသွားတာပဲလေ အခုက အဲဒီကုန် ပစ္စည်းမသွားရင် ကုန်လည်းမလာတော့ဘူးလေ၊ ဝယ်လက်ရှိမှ ကုန်မှာရတာကိုနော် ဝယ်လက် မရှိရင် ကုန်ပစ္စည်းမှာ ပြီးတော့ မောင်တောမှာ လှောင်ထားရင် ဆုံးရှုံးမှုပဲရှိမယ်လေနော်။”

အခု ဇွန်လ အတွက် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ကုန်ပစ္စည်း တင်ပို့မယ့်ပမာဏကို ပို့ကုန်ဒေါ်လာ တသန်း၊ သွင်းကုန်ဒေါ်လာ ၀.၀၃ သန်းနဲ့ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁.၀၃ သန်းအထိ လုပ်ဆောင်ဖို့ လျာထားခဲ့တာပါ။ ဒါပေမဲ့ လည်း ဇွန်လ ၁ ရက်နေ့ကစပြီး ၂၅ ရက်နေ့အထိ ပို့ကုန် ဒေါ်လာ ၀.၃၈၆ သန်း၊ သွင်းကုန် ဒေါ်လာ ၀.၀၁ သန်းနဲ့ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၀.၃၇၈ သန်း သာ ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်ရဲ့ ၃၇ % လောက်သာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဇွန်လ ၂၇ ရက်နေ့ထုတ် စစ်ကောင်စီ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG