သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒုက္ခသည်များ အကူအညီ လိုအပ်နေဆဲ


အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
မိုခါ ဆိုင်ကလုံး မုန်တိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ် ခံခဲ့ရတာ ၂ လကျော်လာပေမဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ခုချိန်ထိ မစနိုင်သေးဘူးလို့ ရခိုင်ဒေသခံ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။ လက်ရှိအချိန်ထိ မုန်တိုင်း ဒဏ်သင့်ပြည်သူတွေဟာ လုံခြုံတဲ့ အမိုးအကာအောက် ရောက်ဖို့ ခက်ခဲနေဆဲ ဖြစ်သလို၊ စားနပ်ရိက္ခာ မဖူလုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း ကိုဇော်မိုးကျော်ပြောပြမှာပါ။

မိုခါမုန်တိုင်းကြောင့် နေအိမ်တွေ၊ အဆောက်အဦးတွေ အကြီးအကျယ် ပျက်စီးသွားခဲ့ရတဲ့ ရခိုင်ပြည်နယ် မှာ မုန်တိုင်းလွန်ကာလ ၂ လကျော်လာပေမဲ့ ပြန်လည် ထူထောင်ရေးမစနိုင်သေးသလို ခုချိန်ထိ ယာယီအမိုးအကာတွေ အောက်မှာခက်ခက်ခဲခဲ နေနေရတုန်းပဲလို့ ရခိုင်ဒေသခံလူမှုကယ်ဆယ်ရေး လုပ်ဆောင်နေ သူတဦးကပြောပါတယ်။

“ ပြန်လည်ထူထောင်ရေးကိစ္စကအခုအချိန်မှာ မလုပ်ရသေးပါဘူး။ မိုခါဒဏ်ကို ခံခဲ့ရတဲ့ နေရာတွေမှာ အရေးပေါ်ကာလ တောင်မှမပြီးနိုင်သေးတဲ့ အခြေအနေလို့ ပြောလို့ရတယ်။ တချို့နေရာတွေမှာ ဘာမှလည်း မလုပ်ရသေးဘူး။ တာပေါ်လိပ်အမိုးအကာတွေ မိုးပြီးတော့ နေရတယ်။ ဆိုတော့ ခုန ကပြောတဲ့ ပြန်လည်ထူထောင်ရေးကာလ ပြောလို့ရတယ်။ မလုပ်နိုင်သေးတာကလည်း တချို့သော ပစ္စည်း သယ်ယူခွင့်တွေ သွားလာရေးတွေကို စ.က.စ ကလည်း ပိတ်ထားတဲ့ အခြေအနေမျိုး ရှိတဲ့အခါမှာ ကျနော်တို့ လွတ်လပ်စွာသွားလာခွင့် ၊သယ်ယူခွင့်တွေက မရနိုင်တဲ့ အခြေအနေ ဖြစ်တယ်ပေါ့။ ဒါ့ကြောင့် ပြန်လည် ထူထောင်ရေးကို မလုပ်နိုင်သေးဘူးလို့ ပြောလို့ရပါတယ်။”

မုန်တိုင်းဒဏ်သင့် ဒေသခံ တော်တော်များများဟာ ခုချိန်ထိ ကိုယ်ထူကိုယ်ထ နည်းနဲ့ ယာယီအမိုးအကာ တွေ ဖန်တီးနေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။ လက်ရှိအချိန်ဟာ မိုးရာသီ ဖြစ်တာကြောင့် လုံခြုံတဲ့အမိုးအကာနဲ့ စားနပ်ရိက္ခာရရှိဖို့ အခက်ကြုံနေရတယ်လို့ တိုင်းရင်းသားမျိုးနွယ်စု အထောက်အကူပြုကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဦးရွှေဖော်စိန်ကပြောပါတယ်။

“ ကျနော်တို့ ပြန်လည်ထူထောင်ရေး ဆိုတာထက် အခုလောလောဆယ် ယာယီအဆောက်အအုံ အောက် ကို ရောက်ဖို့တော်တော် အရေးကြီးသလို မလုံလောက်တဲ့ အနေအထား မှာရှိတယ်။ စားနပ်ရိက္ခာပိုင်းက လည်း အတော်အရေးကြီးတယ်။ ကျနော်တို့ ကုန်စျေးနှုန်း တက်တာကတကြောင်း။ ဝင်ငွေမရှိ တာက တကြောင်း။ ဒီလိုအခက်အခဲ အမျိုးမျိုးတွေကြားမှာ မြို့ပေါ်နဲ့ နယ်ဘက်ဆိုသလို အခြေခံလူတန်း စား မိသားစု တော်တော်များများက စားနပ်ရိက္ခာ ရှားပါးတဲ့ ပြဿနာနဲ့လုံလုံလောက်လောက် စားသုံးနိုင်တာ မရှိတာကို ကျနော်တို့ တွေ့ရတယ်။”

ရခိုင်ဒေသမှာ ပြည်တွင်းပြည်ပ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့တွေရဲ့ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီက ကန့်သတ်ထားသလို စားနပ်ရိက္ခာသယ်ယူခွင့် တွေကိုလည်း ပိတ်ပင်ထားတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်သေးတာ ဖြစ်တယ်လို့လည်း ဒေသတွင်း ကူညီနေသူတွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီကတော့ မုန်တိုင်းသင့်ဒေသ ပြန်လည် ထူထောင်ရေး ဆောင်ရွက်တဲ့အနေနဲ့ရခိုင်ပြည်နယ်မှာ မျိုးစပါးတွေဖြန့်တာ၊ တခြားစားနပ်ရိက္ခာဖြန့် ဝယ်တာတွေ ရှိတယ်ဆိုပြီး စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို လုပ်ဆောင်နေတယ် ဆိုတာတွေက လက်တွေ့မှာမုန်တိုင်းသင့်ပြည် သူတွေ အတွက်တော့ ထိရောက်တဲ့ အကူအညီတွေ ဖြစ်လာတာမျိုးမတွေ့ရသေးဘူးလို့ မုန်တိုင်းဒဏ် သင့်ပြည်သူတွေကို ကူညီပေးနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။


“ သူတို့အခု လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေက သူတို့ပိုင်တဲ့ အဆောက်အအုံတွေ စစ်တပ်အဆောက် အအုံတွေ၊ ဝန်ကြီးဌာနတွေရဲ့ အဆောက်အအုံတွေ၊ ဒါကိုပဲ အခြေပြုပြီးတော့ သူတို့လုပ်ဆောင်နေတာ ပဲရှိတယ်။ တကယ်တမ်း မုန်တိုင်းထိခဲ့တဲ့ ပြည်သူတွေကို ဦးတည်ပြီးတော့ လုပ်တဲ့လုပ်ငန်းတွေ မရှိနေသေးဘူး။ အဲတာတခုတော့မြင်ရတယ်။ ”

ရခိုင်ဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ဆိုရင် နိုင်ငံတကာအကူအညီတွေလိုအပ်နေသလို စစ်ကောင်စီအနေနဲ့ ဒေသတွင်း ကူညီကယ်ဆယ်ခွင့် တွေနဲ့ခရီးသွားလာခွင့်တွေကို ပြန်လည်ဖွင့်ပေးသင့်တယ်လို့လည်း တိုင်းရင်းသား မျိုးနွယ်စု အထောက် အကူပြု ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ဦးရွှေဖော်စိန် ကပြောပါတယ်။

“ နိုင်ငံတကာ အကူညီငွေကြေးရမှပဲ ကျနော်တို့က ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ရမှာဖြစ်တယ်၊ ကိုယ့်နိုင်ငံတွင်းမှာ ဒီလိုလုပ်ငန်းကို လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ သဘောတရားတော့ ရှိတာပေါ့။ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ သက်ဆိုင်ရာ နယ်မြေတွေမှာ ရှိနေတဲ့ အသင်းအဖွဲ့ အစုအဖွဲ့ အပြင်သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေ သူ့နယ်ပယ်နဲ့သူလိုအပ်တဲ့ ပြည်သူလူထုဝန်ဆောင်မှု လုပ်ငန်းကို သက်ဆိုင်ရာအစိုးရရဲ့ ဦးဆောင်မှုအောက်ကနေ နိုင်ငံတကာအကူအညီနဲ့ အမြန်ဆုံး လုပ်ပေးဖို့က အရေးတကြီး လိုအပ်နေပါတယ်။”

ပြီးခဲ့တဲ့ မေလအလယ်ပိုင်းလောက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသက မြို့နယ်တချို့မှာပါ ဒေသခံတွေရဲ့ နေအိမ် အဆောက်အဦး တွေ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ မုန်တိုင်းသင့် ဒေသတွေမှာ အရေးပေါ် အကူအညီတွေနဲ့ စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်သလို၊ စစ်ကောင်စီ အနေနဲ့ အကူအညီတွေကို မကန့်သတ်ဖို့ နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့တွေကလည်း တိုက်တွန်း ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG