သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းသင့်ရခိုင်တောင်သူတွေအတွက် မျိုးစပါးဖြန့်ဝေပေး


This photo taken on April 4, 2008 shows Myanmar farmers planting rice in irrigated fields in Taikkyi, about 90 kilometres north of Yangon. In the recent rice crisis, big importers like Philippines and Sri Lanka, which don't grow enough rice to meet their
This photo taken on April 4, 2008 shows Myanmar farmers planting rice in irrigated fields in Taikkyi, about 90 kilometres north of Yangon. In the recent rice crisis, big importers like Philippines and Sri Lanka, which don't grow enough rice to meet their


မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မျိုးစပါးနဲ့ နေအိမ်တွေ ပျက်စီးသွားခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသခံတောင်သူတွေအတွက် စစ်ကောင်စီက မျိုးစပါးတွေ မြို့နယ် ၈ ခုမှာ ကြာသပတေးနေ့က စတင်ဖြန့်ဝေနေပြီလို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မုန်တိုင်းကြောင့် အထိနာခဲ့တဲ့ ရခိုင်တောင်သူတွေကတော့ ရာသီအမီ မိုးစပါးစိုက်ဖို့အတွက် အတော် အခက်ကြုံနေရတယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။


မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် မျိုးစပါးနဲ့ နေအိမ်တွေ ပျက်စီးသွားတဲ့ ရခိုင်မြောက်ပိုင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပေါက်တော မြို့နယ်တွေမှာ မျိုးစပါးတွေ စတင်ဖြန့်ချိနေပြီလို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တောင်သူတချို့ကတော့ သူတို့ဆီ မျိုးစပါး ရောက်မလာသေးဘူးလို့ ပြောပါတယ်။ မုန်တိုင်းကြောင့် နေအိမ်တွေ ပျက်စီးသွားတာကြောင့် ထွန်ယက်ဖို့ ငွေမရှိသလို မျိုးစပါးတွေလည်း မရောက်သေးတာကြောင့် ရာသီမီစပါး မစိုက်ပျိုးနိုင်မှာကို စိုးရိမ်တယ်လို့ ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာ တောင်သူတဦးက ပြောပါတယ်။

“ တောင်သူတွေမှာက မိုးစပါးတွေရော စားမယ့်စပါးတွေပါ အကုန်ပျက်စီးသွားတာလေ နောက်ပြီးတော့ တောင်သူ တွေမှာအိမ်လုပ်ဖို့ ပိုက်ဆံက မရှိဘူး၊ ထွန်ယက်ဖို့အတွက် ပိုက်ဆံတွေပါ မရှိတော့ဘူးဆိုတော့ ထွန်ယက်ဖို့ကအစ အခက်အခဲရှိတယ်။ ဒီအတိုင်းဆိုရင် မျိုးစပါးတွေ နောက်ကျနေပီလေ။ ၆ လပိုင်း မကုန်ခင်ကတည်း မျိုးစပါးတွေ ရောက်မယ်ထင်တာ အခု ၇ လပိုင်းအထိ မရောက်သေးဘူးဆိုတော့ တောင်သူတွေ အခက်အခဲ ဖြစ်နေတယ်။”

ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူရဲ့ လူမှုစာမျက်နှာမှာတော့ ရခိုင်မြောက်ပိုင်းက တောင်သူတွေကို စက်မှုလယ်ယာက ထွန်စက်တွေငှားပြီး လယ်ထွန်ပေးနေသလို ရာသီမီစပါး စိုက်ပျိုးနိုင်ဖို့အတွက် တွန်းအားပေးနေတယ်လို့ ဖော်ပြထားပါတယ်။

မုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားတွေအနေနဲ့ မျိုးစပါး လိုအပ်ချက်တွေအပြင် ထွန်ယက် စိုက်ပျိုးစရိတ်တွေနဲ့ ဓာတ်မြေသြဇာ အတွက်ပါ အခက်ကြုံနေကြရတယ်လို့ ရခိုင်ပြည်နယ် တောင်သူလယ်သမား သမဂ္ဂပြောခွင့်ရ ဦးအောင်ကျော်မြတ်က ပြောပါတယ်။

“ ကျနော်တို့ဘက်မှာက မိုခါမုန်တိုင်းနဲ့ အိမ်တွေနဲ့ စပါးကျီတွေက ပြိုပါသွားတဲ့အတွက် ကျနော်တို့ တောင်သူတွေက ဓာတ်မြေသြဇာစရိတ် ထွန်ယက်စိုက်ပျိုး စရိတ်တွေကို အိမ်တွေဘာတွေ ပြင်လိုက်တော့ ကုန်သွားပြီလေ။ အဲဒါကြောင့် ဓာတ်မြေသြဇာ သုံးစွဲဖို့ အတွက်လည်း တော်တော်လေး အခက်အခဲရှိပါတယ်။ ထွန်ယက်စိုက်ပျိုးခတွေကလည်း အရင်က တဧကကို ၆ သောင်းလောက်ပဲ ရှိတာ။ အခုက ၁ သိန်း ၂ သောင်းလောက် ဖြစ်နေပြီ။ အဲဒါကြောင့် ကျနော်တို့ တောင်သူတွေမှာ မျိုးစပါးနဲ့အတူ ထွန်ယက်စိုက်ပျိုးရေး အပိုင်းမှာလည်း အခက်အခဲ ရှိပါတယ်ဗျာ။”

ရခိုင်ပြည်နယ်မှာ လယ်ဧက စုစုပေါင်း ၁၂ သိန်းကျော် ရှိပေမဲ့လည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နောက်ပိုင်းကစလို့ ဒေသ မငြိမ်မသက်မှုတွေကြောင့် ဧက ၉ သိန်းလောက်သာ နှစ်စဉ်ပုံမှန် စိုက်ပျိုးနိုင်တော့တယ်လို့ တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းအရ သိရပါတယ်။ လက်ရှိမှာလည်း ရခိုင်တောင်သူတွေအနေနဲ့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ဖို့အတွက် လုံခြုံတဲ့ အမိုးအကာအောက်ကို ရောက်နိုင်ဖို့ ကြိုးစားနေကြသလို၊ စားဝတ်နေရေးအတွက်လည်း ရုန်းကန် နေကြရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG