သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ


Myanmar Now သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်
Myanmar Now သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်

Myanmar Now သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီ တရားရုံးက ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ကိုစိုင်းဇော်သိုက်အနေနဲ့ သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေကို ခုခံ လျှောက်လဲခွင့်မပေးဘဲ အင်းစိန်အကျဉ်းထောင်အတွင်းက တရားရုံးက ဒီကနေ့မှာဘဲ ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း Myanmar Now သတင်းဌာနကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း သတင်းထောက်တဦးအနေနဲ့ အများဆုံး ထောင်ဒဏ် ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။ သူ့အပေါ် ဘယ်လိုစွဲချက်တွေတင်ပြီး အခုလို ထောင်ဒဏ် နှစ်ရှည်ချမှတ်တယ်ဆိုတဲ့ အသေးစိတ်ကို မသိရသေးပေမယ့် သူဟာ အစောပိုင်းက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မနဲ့ ပုဒ်မ ၅၀၅(က) တို့ အပါအဝင် ပုဒ်မ ၄ ခုနဲ့ စွဲချက်တင်ခံထားရတယ်လို့ ဆိုပါတယ်။ ကိုစိုင်းဇော်သိုက်ဟာ ဆိုင်ကလုန်း မိုခါ အတွက် သတင်းယူဖို့သွားရင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ မေလ ၂၃ ရက်နေ့တုန်းက တခြားသူ ၄ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။

သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မီ CPJ ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တရုတ်နဲ့ အီရန်နိုင်ငံတို့ပြီးရင် ကမ္ဘာတဝန်း သတင်းထောက်တွေကို ဖမ်းဆီး၊ ထောင်ချမှု တတိယအများဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သတင်းထောက် ၁၅၀ ဖမ်းဆီးခံခဲ့ရသလို သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူ ၄ ဦးလည်း အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့ ဖမ်းဆီးခံ သတင်းထောက်များအရေး လှုပ်ရှားသူတွေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG