သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DVB နဲ့ မဇ္စျိမရုပ်သံ တို့ကို အရေးယူဖို့ စစ်ကောင်စီပြင်ဆင်


DVB နဲ့ မဇ္ဈိမ ရုပ်သံလိုင်းများ
DVB နဲ့ မဇ္ဈိမ ရုပ်သံလိုင်းများ

ဒီမိုကရက်တစ် မြန်မာ့အသံ DVB နဲ့ မဇ္စျိမရုပ်သံ တို့ကို ရုပ်သံထုတ်လွှင့်ခ အကြွေးကျန်တွေ မပေးဘဲ စည်းကမ်းချိုးဖောက်မှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ပေးဆောင်ရမယ့် ကြွေးကျန်တွေမပေးလို့ ဒီရုပ်သံလိုင်းနှစ်ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းခဲ့ရတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ DVB နဲ့ မဇ္စျိမက တာဝန်ရှိသူတွေ ကတော့ ကြွေးကျန်ကိစ္စဟာ အကြောင်းပြချက်သာဖြစ်ပြီး ဒီကိစ္စတွေ မတိုင်ခင်ကတည်းက စစ်တပ်က အာဏာသိမ်းပြီး ရုပ်သံလိုင်းတွေကို ဖြတ်ချပစ်ခဲ့တာလို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ သတင်းအပြည့်အစုံကို တင်ပြပေးပါမယ်။

DVB နဲ့ မဇ္စျိမရုပ်သံတွေ အနေနဲ့ နိုင်ငံတော်ကို ပေးသွင်းဖို့ကျန်နေတဲ့ ရုပ်သံထုတ်လွှင့်ခကို မပေးဘဲ စာချုပ်ပါစည်းကမ်းကို ဖောက်ဖျက်တဲ့အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ အမှုဖွင့်၊ တရားစွဲနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနက ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်လာတာပါ။ မဇ္စျိမရုပ်သံဟာ ၄ လစာ ထုတ်လွှင့်ခအတွက် ကျပ်သိန်း ၈၀၀ ပေးဖို့ရှိပြီး၊ DVB ကတော့ တလစာ အတွက် သိန်း ၂၀၀ ပေးဖို့ ကျန်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ DVB နဲ့ မဇ္စျိမ တို့ကတော့ ဒါကို ငြင်းပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး မကြာခင်မှာပဲ ဒီရုပ်သံလိုင်း ၂ ခုကို စာချုပ်ပါ စည်ကမ်းနဲ့အညီ ကြိုတင် အကြောင်းမကြားဘဲ ဖြတ်ချခဲ့တာဖြစ်ပြီး အခုအချိန်မှာ အကြွေးကျန်လို့ ဒီရုပ်သံလိုင်းတွေကို ပိတ်သိမ်းရပါတယ်ဆိုတဲ့ ကိစ္စက လက်ခံစရာမရှိဘူးလို့ DVB နဲ့ မဇ္စျိမတို့က ပြောပါတယ်။ စစ်ကောင်စီကို အကြွေးဆပ်စရာ ဘာမှမရှိဘူးလို့ DVB ရဲ့ ဒါရိုက်တာ ဦးအေးချမ်းနိုင်က ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့က ဇန်နဝါရီလဟာကို မပေးတာ၊ မပေးဘူးဆိုတာက ထပ်ပြောရရင် သူတို့ကို ပေးစရာမလိုဘူး၊ ကျနော်တို့ စာချုပ်ချုပ်ခဲ့တာ အရင်ရွေးကောက်ခံ အစိုးရနဲ့ ချုပ်ခဲ့တာလေ။ သူတို့က ဒီအာဏာကို တရားဥပဒေမဲ့ သိမ်းထားတဲ့ဟာကို ကျနော်တို့က ဘာမှပေးဖို့ အကြောင်းမရှိဘူး။ ပြောရမယ်ဆို နှစ်ခု၊ တခုကတော့ ကျနော်တို့ရဲ့ အသံလိုင်း၊ ရုပ်သံလိုင်းကို စာချုပ်ကို သူတို့ကိုယ်တိုင် ချိုးဖောက်ပြီးတော့ ဖြတ်ချခဲ့တယ်။ သူတို့မှာ ဖြုတ်ချပိုင်ခွင့်ကိုမရှိဘူး ဒီဥပဒေအရ။ နောက်တခုက သူတို့က တရားဝင်အစိုးရလည်း မဟုတ်ဘူး။ တရားဝင် လူထုအစိုးရကို အာဏာသိမ်းပြီး လက်နက်ကိုင်တက်လာတဲ့ အစိုးရကို ကျနော်တို့ ဘာမှပေးစရာ အကြောင်းကိုမရှိဘူး။"

မြန်မာ့အသံ MRTV ရဲ့အခမဲ့ရုပ်သံလိုင်း Free To Air Digital Channel မှာ ထည့်သွင်း၊ ထုတ်လွှင့်ပြသခအနေနဲ့ ပြန်ကြားရေးဌာနက ရုပ်သံလိုင်းတခုကို တလကို သိန်း ၂၀၀ကျပ် ကောက်ခံပါတယ်။ ရုပ်သံလုပ်ငန်းတွေက သုံးလတကြိမ် သိန်း ၆၀၀ ပေးသွင်းရတာပါ။ DVB ရုပ်သံလိုင်းကတော့ ၂၀၂၀ နောက်ဆုံး ၃လ စာအတွက် ပေးသွင်းထားပြီး ဖြစ်ပြီး နောက်တဖြတ် ၃ လစာကို ၂၀၂၁ မတ်လကုန်မှ ပေးသွင်းရမှာပါ။ အဲ့ဒီမတိုင်ခင် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီဟာ DVB ရုပ်သံလိုင်းကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အရင်ဆုံး ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ဦးအေးချမ်းနိုင်က ဗွီအိုအေကို ပြောပါတယ်။

အလားတူ မဇ္စျိမရုပ်သံကလည်း ၂၀၂၁ ဖေဖော်ဝါရီလထဲမှာ ဒီငွေကိုပေးမယ်ဆိုတာ အာဏာမသိမ်းခင်ကတည်းက မြန်မာ့အသံ MRTV ကို အကြောင်းကြားခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ မဇ္စျိမရုပ်သံနဲ့ DVB ရုပ်သံကို ကြိုတင်အကြောင်းမကြားဘဲ ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ အခုလို ကြိုတင်အကြောင်းမကြားဘဲ ရုပ်သံထုတ်လွှင့်တာကို ပိတ်လိုက်တဲ့အတွက် ကြော်ငြာရှင်တွေဆီက ရမယ့် သိန်း ၁,၈၀၀ ကျော်ကိုတောင် မဇ္စျိမက ပြန်ပြီး ပေးလျော်ခဲ့ရတယ်လို့ မဇ္စျိမ အယ်ဒီတာချုပ် ဦးစိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီဟာ ရုပ်သံလိုင်းတွေကို ဥပဒေနဲ့မညီ လိုင်စင်ပိတ်သိမ်းခဲ့သလို၊ သတင်းသမားတွေကိုလည်း ဖမ်ဆီး တရားစွဲတာတွေ လုပ်ခဲ့တယ်လို့ ဦးစိုးမြင့်က ပြောပါတယ်။

" လိုင်စင်တွေ တဖက်သတ် ရုတ်သိမ်းခဲ့တယ်။ ဒါကလည်း ဥပဒေကြောင်းအရ မညီပါဘူး။ ပြီးတော့ (၂၀၂၁) မတ်လ၉ရက်မှာ မဇ္စျိမ ရန်ကုန်ရုံးချုပ်ကို စစ်တပ်နဲ့ရဲတွေက ဝင်ရောက်စီးနင်းပြီးတော့ တွေ့သမျှအားလုံးကို သူတို့သိမ်းဆည်းသွားခဲ့တယ်။ ဒါကလည်း တရားမဝင်လုပ်ရပ်ပါ။ အဲဒါအပြင် မတ်လ၂၇ရက်မှာ ရန်ကုန်၊ သန်လျင်ရဲစခန်းမှာ မဇ္စျိမသတင်းဌာနရဲ့ တာဝန်ရှိသူ ကျနော်အပါအဝင် အားလုံးပေါင်း ၁၂ ဦးကို တရားစွဲပါတယ်၊ ၅၀၅(က)အရ စွဲပါတယ်။ နောက်ပိုင်းမှာ ၁၇(၁) ထပ်တိုးပါတယ်။ အဖွဲ့ဝင် ၇ယောက် တိတိပေါ့ အဖမ်းခံရပါတယ်။ နှိပ်စက်ခံရပါတယ်။ အဲဒီအထဲကမှ တယောက် ထောင်ထဲမှာ လက်ရှိကျန်ပါသေးတယ်။"

ရုပ်သံလိုင်းတွေကို ကြိုတင်အသိမပေးဘဲ တဖက်သတ်ပိတ်ပစ်တာ၊ ပိတ်ရတဲ့ အကြောင်းကြားစာကို ၁၅ ရက်ထက် နောက်ကျပြီးမှ ပေးပို့ခဲ့တာကို ကြည့်မယ်ဆိုရင် မြန်မာ့အသံဘက်ကသာ စာချုပ်စည်းကမ်းတွေကို ချိုးဖောက်ထားတာ ဖြစ်တယ်လို့လည်း ဦးစိုးမြင့်က ပြောပါတယ်။ မဇ္စျိမ ရုပ်သံရဲ့ ဘဏ်စာရင်းတွေ၊ မဇ္စျိမနဲ့ လုပ်ငန်းအရ ဆက်စပ်ထားသူတွေရဲ့ ဘဏ်စာရင်းတွေကိုလည်း ဗဟိုဘဏ်ရဲ့ ညွန်ကြားချက်အရဆိုပြီး ဘဏ်တွေက ပိတ်ထားပါတယ်။ ဒီငွေတွေကို စစ်ကောင်စီကတောင် ပြန်ပေးရမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီကြားထဲမှာပဲ မဇ္စျိမက ပြည်တွင်းကိုလွှဲနေတဲ့ ငွေစာရင်းတွေ၊ ငွေလက်ခံသူတွေရဲ့ စာရင်းတွေကိုတောင် စစ်ကောင်စီက လိုက်ပိတ်ခဲ့ပြီးမှ အခုလို အကြွေးပေးသွင်းဖို့ ပြောတာကတော့ ဘယ်လို ပေးသွင်းရမလဲ ဆိုတာတောင် စဥ်းစားစရာပါပဲလို့ ဦးစိုးမြင့်က ပြောပါတယ်။

" ပုဂ္ဂလိက channel ငါးခုရှိပါတယ်။ ကျန်တဲ့သုံးခုကို သူတို့မရပ်ဆိုင်းပါဘူး။ ကျနော်တို့ သတင်းချန်နယ်နှစ်ခုကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီတော့ သိသိသာသာကြီးပါ။ အကြွေးကိစ္စက တပိုင်းပါ။ အကြွေးကိစ္စကလည်း ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းမှာ သူတို့နဲ့ စကားပြောတဲ့အထဲ ပါပါတယ်။ အဲဒါက သက်သက်။ ရပ်ဆိုင်းခဲ့တယ်ဆိုတာ အဲဒီမတိုင်ခင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းကိုက တဖက်သတ် စာချုပ်ပါ အချက်အလက်တွေကို ဖောက်ပြီးတော့ ရပ်ဆိုင်းခဲ့တာပါ။ ဒါတွေက ၂၀၂၁ ဇူလိုင်ကတည်းက သူတို့နဲ့ (စာ)အသွားအပြန် လုပ်ထားတာပါ။ အခုမှလာပြီးတော့ ဘာကြောင့် တရားစွဲတယ်ဆိုတာတော့ သူတို့ပဲမေးကြည့်ပါခင်ဗျ။"

မြန်မာ့အသံ ရုပ်မြင်သံကြား MRTV ရဲ့ အခမဲ့သီးသန့် Free To Air Digital channel တွေကနေ ရုပ်သံလိုင်း ၅ခုကို ၂၀၁၈ NLD အစိုးရလက်ထက်မှာ ထုတ်လွှင့်ခွင့်ပေးခဲ့တာပါ။ DVB၊ မဇ္စျိမ ၊ Fortune၊ My TV နဲ့ Channel K ရုပ်သံ ၅ လိုင်းကို စတင်ခွင့်ပြုပေးခဲ့တာပါ။ ဒီအထဲမှာ DVB နဲ့ မဇ္ဇျိမကိုပဲ စစ်ကောင်စီက ထုတ်လွင့်ခွင့် ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဒီရုပ်သံ ၅ လိုင်းဟာ ရန်ကုန်နဲ့ နေပြည်တော် တပ်ကုန်းက မြန်မာ့အသံဌာနအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းဖိုး တန်ကြေးရှိတဲ့ ရုပ်သံပိုင်းစက်တွေကို ဝယ်ပေးခဲ့ရပြီး ဒီတန်ဖိုးတွေကို ပြန်တွက်မယ်ဆိုရင် စစ်ကောင်စီဘက်ကို ပေးစရာ အကြွေးဆိုတာမရှိကြောင်း DVB ရဲ့ ဒါရိုက်တာက တုံ့ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ DVB နဲ့ မဇ္ဇျိမ ရုပ်သံလိုင်းတွေ အပြင် Myanmar Now, Irrawaddy, ခေတ်သစ်၊ တာချီလိတ် သတင်းအေဂျင်စီ အပါအဝင် အွန်လိုင်း သတင်းဌာန ၁၀ ခုကျော်ကို အကြမ်းဖက်မှုကို လှုံဆော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ စာအုပ်တိုက်နဲ့ ပုံနှိပ်လုပ်ငန်း တချို့ကိုလည်း လုပ်ငန်းပိတ်သိမ်းခဲ့ပါတယ်။ သိပ်မကြာခင် ဒီနှစ် ဇွန်လတုန်းကလည်း Ayeyarwaddy Times သတင်းဌာနကို လုပ်ငန်းလိုင်စင် ရုတ်သိမ်းခဲ့တဲ့အပြင် ဒီသတင်းဌာနတွေမှာ လုပ်ကိုင်နေတဲ့ သတင်းထောက်တွေကိုလည်း ရှာဖွေ၊ ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG