သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းတနှစ်တာ သတင်းမီဒီယာအခြေအနေ


ဖေဖေါ်ဝါရီလ ၂၇၊ ၂၀၂၁ ခုနှစ်က Myanmar Now သတင်းထောက် မကေဇွန်နွေး သတင်းရယူစဉ် အဖမ်းခံခဲ့ရပုံ။ (ယခင်ပုံဟောင်း)
ဖေဖေါ်ဝါရီလ ၂၇၊ ၂၀၂၁ ခုနှစ်က Myanmar Now သတင်းထောက် မကေဇွန်နွေး သတင်းရယူစဉ် အဖမ်းခံခဲ့ရပုံ။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ တနှစ်အတွင်းမှာ သတင်းမီဒီယာ ၉ ခု လုပ်ငန်းလုပ်ခွင့် လိုင်စင်တွေ ရုပ်သိမ်းခံရသလို သတင်းသမား အယောက် ၁၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကြောရေးအတွင်း သေဆုံးခဲ့တဲ့ သတင်းထောက်တွေလည်း သိရသလောက် ၃ ယောက်ရှိပါတယ်။ စစ်ကောင်စီအုပ်ချုပ်နေစဉ်အတွင်း သတင်းမီဒီယာတွေအနေနဲ့ သတိထား သတင်းရယူနေရတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သုံးသပ်ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ပြည်သူတွေ သံပုံးတီးပြီး မကျေနပ်မှု စတင် ပြသရာကနေ ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံအနှံ့ ပြည်သူအမြောက်အများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှု ဆန်ကျင်ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။ မြို့အစုံက ဆန္ဒပြပွဲတွေကို သတင်းမီဒီယာတွေ၊ ပြည်သူကြားကသတင်းထောက် Citizen journalist တွေက အွန်လိုင်းကနေ အချိန်နဲ့ တပြေးညီ ကမ္ဘာသိအောင် တင်ပြခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေ အားကောင်းလာခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့အင်အားသုံး ဖြိုခွဲမှုတွေ ဖြစ်လာချိန်မှာလည်း ပစ်ခတ် ဖမ်းဆီး နှိမ်နှင်းမှုတွေကို မှတ်တမ်းတင် သတင်းထုတ်ပြန်နိုင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ စစ်အာဏာသိမ်းမှုဆန့် ကျင်တဲ့ သတင်းတွေကို လုံခြုံရေးတွေရဲ့ ဖိနှိပ်မှုတွေကို အချိန်နဲ့ တပြေးညီ တင်ပြခဲ့ကြတဲ့ သတင်းလုပ်ငန်းကြီး ၅ ခုရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေကို စစ်ကောင်စီက စတင် ရုပ်သိမ်း ခဲ့ပါတယ်။ အခုဆိုရင်တော့ လုပ်ငန်းလုပ်ခွင့် လိုင်စင် ရုပ်သိမ်းခံရတဲ့ သတင်းမီဒီယာလုပ်ငန်း စုစုပေါင်း ၉ ခုရှိပါတယ်။ တချို့လုပ်ငန်းတွေ ရပ်ဆိုင်သွားပြီး တချို့ မီဒီယာလုပ်ငန်းတွေကတော့ ရတဲ့နည်းနဲ့ သတင်းတွေကို ဆက်လက်တင်ပြနေကြပါတယ်။ လုပ်ငန်း ပိတ်သိမ်းခံလိုက်ရတဲ့ မဇ္ဇျိမမီဒီယာရဲ့စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက လက်ရှိ စစ်ကောင်စီလက်ထက် သတင်းလွတ်လပ်ခွင့်ကို ခုလို သုံးသပ်ပါတယ်။

“ဒီ...မင်းအောင်လှိုင်စစ်အုပ်စုတက်လာပြီးနောက် သတင်းမီဒီယာကိုဖိနှိပ်တာက ကျနော်တို့ မြန်မာပြည်သမိုင်းတလျှောက်မှာ ကျနော့်အမြင်ပြောရရင် ဂျပန်ခေတ်နဲ့တူတယ်။ ကျန်တဲ့ ဘယ်ခေတ်မှ အဲလောက်ဆိုးတာမကြုံခဲ့ရဘူး။ ဂျပန်ခေတ်မှာ မီဒီယာသမားတွေ ဂျပန်ကင်ပေတိုင်သတ်လို့ သေတာတောင် ဒီလောက်ရှိပါ့မလားပေါ့။ အခုအနေအထားအရ သတ်ခံရတာ ၃ ယောက်ရှိသွားပြီ။ စစ်ကြောရေးမှာ အသတ်ခံရတာ၊ အဖမ်းခံရတာ၊ ဝရမ်းထုတ်ခံထားရတာ.. အဲဒါတွေလဲအများကြီးပဲ။ နှိပ်စက်တာမှာလည်း ဖက်ဆစ် စစ်တပ်ပီသစွာပဲ နှိပ်စက်တယ်။ အဲတော့ သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုတာ အင်မတန်မှဆိုးတဲ့အနေအထားကိုရောက်နေတယ်။”

စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲမှာ သတင်းရယူနေစဉ် ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေလည်း ရှိပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ထောက်ပြတဲ့ သတင်းမျိုးတွေကို ပြည်တွင်းမှာ ရယူတင်ပြနိုင်ဖို့လည်း ခက်ခဲလာခဲ့ပါတယ်။ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင် လှုံ့ဆော်မှုပုဒ်မ ၅၀၅-က နဲ့ဖမ်းဆီး ထောင် ချခံခဲ့ရပြီး လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွတ်လာတဲ့ အမည်မဖော်လိုတဲ့ သတင်းသမားတဦးကလည်း အာဏာသိမ်းလိုက်တဲ့ တနှစ်အတွင်း သူဖြတ်သန်းခဲ့ရတဲ့ အတေ့ွအကြုံနဲ့ လက်ရှိသတင်းရယူနိုင်တဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။

“ကျနော်တို့သတင်းရယူနေရတာကိုက တိတ်တိတ်ပုန်းနဲ့ ရုပ်ဖျက်ပြီး အမှောင်ထဲကနေ သတင်းရယူနေရတယ်။ မိသားစုတွေနဲ့အတူတူ ဖြတ်သန်းနေရတဲ့ဘဝတွေမှာ ပတ်ဝန်းကျင်မှာလည်း သတင်းသမား ပုံစံမျိုးမဟုတ်ဘဲနဲ့ သတင်းသမားအလုပ်တောင်ပြန်မလုပ်ရဲတဲ့ အဖြစ်ဆိုးတွေနဲ့ ကျနော်တကြုံတွေ့နေရတယ်။ ဖမ်းဆီးခံနေရတာ သတင်းသမား ၆၀ ကျော်ရှိသေးတယ်။ လွတ်လာတာမများသေးပါဘူး၊ ၄၀ကျော်ပဲ ရှိတယ်။လွတ်လာတဲ့သတင်းသမားတွေမှာလည်း သူတို့အန္တရာယ်က ရုန်းကန်နေရဆဲဖြစ်တယ်။ အဲတော့ မီဒီယာ အခင်းအကျင်းအရ အမှောင်ထဲကနေသတင်းရယူခွင့်တွေ မဲ့နေတဲ့ နိုင်ငံကြီးတခုဖြစ်နေတယ်လို့ ပြောရမှာပါ။”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိသားစု၊ အိုးအိမ်းတွေကို စွန့်ခွာပြီး အသက်နဲ့ ဘေးလွတ်ရာ လွတ်မြောက်နယ် မြေတွေနဲ့ နယ်စပ် တချို့ကို ထွက်ပြေးခဲ့ကြတဲ့ သတင်းသမားတွေလည်း မနည်းပါဘူး။ စစ်ကောင်စီဘက်ကတော့ သတင်းမီဒီယာတွေကို စတုတ္တမဏ္ဍိုင်အဖြစ် အသိ အမှတ်ပြုပြီး သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေနဲ့ အညီလုပ်မယ်လို့ ပြောခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာဟာလည်း သတင်းမီဒီယာကျင့်ဝတ်တွေကိုဖောက်ဖျက်လို့၊ သတင်းမီဒီယာအလုပ်ကို မလုပ်ဘဲ ဆန္ဒပြသူတွေကို လှုံဆော်တဲ့အတွက် တရားစွဲ အရေးယူတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ချင်တဲ့သတင်းတွေကိုလည်း ပုံမှန်ထုတ်ပြန်သလို သတင်းစာရှင်းပွဲတွေလည်း လုပ်ပါတယ်။ ဒီလိုလုပ်တာဟာ သူတို့လိုချင်တဲ့ သတင်းဖော်ပြမှုတွေဖြစ်လာအောင် မီဒီယာကို အသုံးချ ပုံဖော်နေတာလို့ သတင်း မီဒီယာသမားတဦးဖြစ်တဲ့ ကိုစိုးရက မြင်ပါတယ်။ လက်ရှိမှာ သူကိုယ်တိုင် လွတ်မြောက်နယ်မြေတခုမှာ ပုန်းခိုနေရသူဖြစ်ပါတယ်။

“စစ်အာဏာရှင်အစိုးရက သတင်းသမားတွေကိုဖမ်းဆီးတာ ရိုက်နှက်သတ်ဖြတ် တာ အပြင်မှမဟုတ်ဘူး။ သတင်းလောကကိုပါ ပုံဖျက်တာပေါ့နော်။ သတင်းသမားအတုတွေကိုဖန်တီးတယ်။ နေပြည်တော်မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲတွေဆိုရင် သိသာမြင်သာပါတယ်။ ပုံမှန်သတင်းသမားတွေ၊ လွတ်လပ်ခွင့် တွေရတုန်းက လုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲ အရည်အသွေးတွေနဲ့ ခု နေပြည်တော်မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲ အရည်အသွေး ဘယ်လောက်ကွာတာကြည့်တဲ့ ပရိသတ်တွေအများကြီးသိပါတယ်။ ဘာလို့လဲဆို သူတို့က သတင်းမီဒီယာ လောကကို ပုံဖျက်တာ အတုလုပ်တာတော်တော်ဆိုးပါတယ်။ အဲဒါက တခြား နိုင်ငံထက်စစ်အာဏာရှင် ဆိုးယုတ်မှုက ပိုသိသာပါတယ်။ ခုလက်ရှိအခြေအနေကတော့ စစ်အာဏာရှင်တွေအနေနဲ့ သတင်းလောကကို သတင်းသမား အတုတွေနဲ့ပုံဖျက်နေတာက တော်တော်ဆိုးဝါးတဲ့ အခြေအနေတခုလို့ ပြောလို့ရတယ်။”

NLD အစိုးရလက်ထက်မှာကတည်းက ကျဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ထပ်မံကျဆင်းခဲ့ပါတယ်။ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆောင်ရွက်နေတဲ့

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ သုံးသပ်ချက်အရ ၂၀၂၀ ခုနှစ် က သတင်းလွတ်လပ်ခွင့်ညွှန်းကိန်း ၁၃၉ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ ၁၄၀ ကိုကျဆင်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာမှာ သတင်းသမား ဖမ်းဆီးခံရတာ အရေအတွက်အများဆုံး စာရင်းမှာလည်း မြန်မာနိုင်ငံပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ သတင်းသမား ၅၀ လောက် အဖမ်းခံထားရစဲဖြစ်ပါတယ်။

=============

[[Zawgyi/Unicode]]













=============

XS
SM
MD
LG