သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါအလွန် ရခိုင်မှာ ပြည်ပထွက် အလုပ်လုပ်သူတွေ ပိုများလာ


ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် ဆုံးရှုံးမှုများပြားခဲ့
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် ဆုံးရှုံးမှုများပြားခဲ့

မိုခါမုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ပြည်ပထွက် အလုပ် လုပ်ကိုင်သူတွေ အခုနောက်ပိုင်း သိသိသာသာ ပိုများလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ မုန်တိုင်းကြောင့် လယ်ယာစိုက်ပျိုးရေးနဲ့ တပိုင်တနိုင် စီးပွားရေး လုပ်ငန်းတွေ ထိခိုက် ပျက်စီးခဲ့ရသလို၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ရှားပါး လာနေတာကြောင့် အထူးသဖြင့် လူငယ်တွေကြားမှာ ပြည်ပထွက် အလုပ် လုပ်ကိုင်သူတွေ ပိုများလာနေတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ သတင်းပေးပို့ချက် အပြည့်စုံကို ကိုစံကျော် က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံတွင်းက ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး ပြည်နယ်တွေထဲက တခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ အလုပ်ရုံ၊ စက်ရုံတွေ နည်းပါးသလို ခေတ်အဆက်ဆက် အစိုးရတွေ လက်ထက်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိအောင် ထိထိရောက်ရောက် မဖန်တီးပေးခဲ့နိုင်တာကြောင့် ရခိုင်ဒေသခံတွေဟာ အရင်ကတည်းက ပြည်တွင်းက တခြားဒေသတွေနဲ့ ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ကြလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ မေလ အစောပိုင်းက မိုခါမုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန်ခံခဲ့ရပြီးနောက်မှာတော့ ဒေသတွင်း လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေး လုပ်ငန်းတွေ ထပ်မံထိခိုက်ခဲ့ရသလို၊ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုပြီး ရှားပါးလာခဲ့ပါတယ်။ ဒီအခြေအနေက ဒေသခံတွေ အထူးသဖြင့် လူငယ်တွေကို ပြည်ပ မဖြစ်မနေ ထွက်ခွာ အလုပ်လုပ်ရတဲ့ အခြေအနေမျိုး ရောက်စေခဲ့တယ်လို့ ရခိုင်ဒေသခံ တဦးဖြစ်တဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူ ကိုမင်းဘာချေက ပြောပါတယ်။

“ရခိုင်ပြည်နယ် တခုကို ကွက်ပြီးတော့ တိုက်သွားခဲ့တဲ့ မိုခါမုန်တိုင်းကလည်း ရခိုင်ပြည်သူတွေရဲ့ နိစ္စဒူဝ စားသောက်နေကြရတဲ့ အလုပ်အကိုင်တွေ ဘာမှလည်း မရှိတော့ဘဲ ဒီနေရာမှာ အကုန်လုံး ပြားပြား ဝပ်သွားတဲ့ အနေအထား ဖြစ်သွားတယ်။ အဲလိုမျိုးတွေ ဖြစ်နေတဲ့ အတွက် ရခိုင်ပြည်သူတွေက အရင်က နာကြည်းမှုတွေ၊ ခံစားမှုတွေ၊ သူတို့ရဲ့ ဒဏ်ရာတွေက အခု မိုခါတိုက်သွားခဲ့တဲ့ နောက်ပိုင်းမှာ ပိုပြီးတော့ ခံစားလာရပြီး ဆောက်တည်ရာ မရတဲ့ ရပ်တည်မှုတွေနဲ့ သူတို့ရဲ့အခွင့်အလမ်းတခုဖြစ်တဲ့ နိုင်ငံခြားထွက်တာကို ပိုပြီးတော့ အားပါလာကြတယ်ဆိုတာတွေ့ရပါတယ်။ ”

မိုခါမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဆိုရင်လည်း ဒေသခံတွေ တော်တော်များများဟာ နေအိမ်တွေနဲ့ သူတို့ရဲ့ တနိုင်တပိုင်း စီးပွားရေး လုပ်ငန်းတွေ ပျက်စီးသွားတာကြောင့် စားဝတ်နေရေး ပိုခက်ခဲ့လာတဲ့အခါ ရွေးချယ်စရာမရှိတဲ့ အဆုံး ပြည်ပထွက်ခွာသူတွေ များလာတယ်လို့ ကိုကျော်သူဌေး ကပြောပါတယ်။

ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်

“ကျနော်တို့တောင် အခု ရွာကို ပြန်သွားလို့ရှိရင် ကိုယ့်သူငယ်ချင်းတွေ တယောက်တလေတောင် မကျန်တော့ဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့် အခုလို ထွက်ရလဲ ဆိုတော့ အရင်ကထွက်တဲ့ဟာက နည်းတယ်ဗျာ။ အခုက ကျတော့ အစုလိုက် အပြုံလိုက်ကြီး အဲလို မျိုး သွားကြတာ။ တဖြတ်သွားလို့ ရှိရင် လူပေါင်း ၁၀၀၊ ၂၀၀ အဲ့လိုမျိုး ပါတယ်။ အရင်တုန်းက သွားရင် တရွာက ၁ဝ ယောက် ၂၀ အဲ့လောက်ပဲ အခုက အစုလိုက် အပြုံလိုက်ကြီး သွားတယ်။”

နဂိုကတည်းက အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့ ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် အကျပ်အတည်းတွေ ဆင့်ကဲကြုံလာရတဲ့အခါ ပြည်ပထွက် အခွင့်အလမ်းရှာသူတွေ ပိုပြီး များလာခဲ့တာပါ။ ဒီရက်ပိုင်းအတွင်း မလေးရှားကို ထွက်ဖို့ပြင်ဆင်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သည် ကျေးရွာက လူငယ်တဦးကလည်း အခက်အခဲတွေ ကြားထဲက နိုင်ငံခြားကို ထွက်ရတဲ့အကြောင်း အခုလို ပြောပြပါတယ်။

“အခုက စားဝတ်နေရေး အခက်အခဲက တော်တော်ဖြစ်နေတာဗျာ။ ဘာလို့လဲဆိုတော့ အစကတည်းက လုပ်ထားတဲ့ဟာတွေ တရက်တည်းနဲ့ အကုန်ပျက်စီးသွားတော့ အစက ပြန်စဖို့ ဆိုလို့ရှိရင် အရင်းအနှီးလည်း လိုသေးတယ်။ လက်ထဲမှာလည်း အရင်းအနှီးလည်း မရှိတော့ဘူး။ စားဝတ်နေရေး အတော်အခက်အခဲ ဖြစ်တယ်။ ကျနော်တို့ ဒေသမှာဆိုရင် ဆန် စပါးက သိပ်မထွက်ဘူးပေါ့ဗျာ။ နောက်ပြီးတော့ တောတောင်ကို မှီခိုပြီး လုပ်စားရတာဖြစ်တဲ့ အတွက် မုန်တိုင်းအလွန်မှာ တောတောင်တွေက ဘာမှမကျန်တော့ဘူး။ အဓိက ကွမ်းခင်းစိုက်တာ များတယ်။ အဲ့ဒါတွေလည်း ဘာမှ မရှိတော့ဘူး။ အခုက အရင်းပြုတ်သွားတယ်လို့ ပြောလို့ရတာပေါ့။ အခု အဖက်ဆယ်လို့မရဘူး။ ဘယ်ကနေ ဘယ်လို စလုပ်ရမလဲမသိဘူး။ အဲဒီ မွန်းကြပ်မှုတွေကြောင့် နိုင်ငံခြားကို ထွက်ကြတာဖြစ်တယ်။ အခုအချိန်ထိ ထွက်နေကြတုန်းပဲ။ ထွက်တာတော့ တော်တော်များတယ်။ ကျနော်တို့ ရွာမှာ ဆိုလို့ရှိရင် အိမ်ခြေ ၅၀၀ ရှိတယ်ဗျာ။ အခု မလေး နဲ့ ထိုင်းကို သွားတာတောင်မှ လူပေါင်း ၂ဝဝ လောက် ရှိတယ်။ အခုထွက်လို့ မပြီးသေးဘူး။ အခုအချိန်ထိ ထွက်နေကြတုန်းပဲ။”

ရခိုင်မှာ မုန်တိုင်းဒဏ်သင့်ခဲ့တာ ၂ လကျော်ကြာလာပေမဲ့ ပြန်လည် တည်ဆောက်ရေး ပြန်စနိုင်တဲ့ အခြေအနေ မရှိသေးသလို၊ မုန်တိုင်းသင့် ပြည်သူ အများစု ယာယီ အမိုးအကာတွေနဲ့ ခက်ခက်ခဲခဲ ရှင်သန် ရပ်တည် နေ နေကြရဆဲဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ လူဦးရေ ၁ သန်းကျော်လောက် မိုခါ မုန်တိုင်းဒဏ် ခံခဲ့ကြရသလို၊ အရင်ကတည်းက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေကလည်း သောင်းနဲ့ချီ ရှိနေတာဖြစ်ပါတယ်။ ဒီအတောအတွင်း လူသားချင်းစာနာမှု အကူအညီ တွေကိုလည်း စစ်ကောင်စီက ကန့်သတ် ထားတာကြောင့် စားဝတ်နေရေး အခက်ပိုကြုံလာရတဲ့ ဒေသခံတွေဟာ ပြည်တွင်း ပြည်ပ အလုပ်အကိုင် အခွင့်အလမ်း ရနိုင်မယ့်နေရာတွေကို ထွက်လာနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း မငြိမ်မသက်မှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေ ရှိနေချိန်၊ မိုခါမုန်တိုင်းဒဏ် ခံရပြီးနောက်မှာတော့ နိုင်ငံအတွင်းက လူငယ် လူလတ်ပိုင်း အများစုဟာ မိသားစု စားဝတ်နေရေးအတွက် အိမ်နီးချင်း ထိုင်း၊ မလေး နဲ့ ဂျပန် စတဲ့နိုင်ငံတွေမှာ သွားရောက် အလုပ် လုပ်ကိုင်တာတွေ ပိုများလာနေတာ ဖြစ်ပါတယ်။

ဒီလို ပြည်ပထွက်ခွာပြီး အလုပ်ကြတဲ့နေရာမှာ တရားဝင်လမ်းကြောင်းက သွားလာသူတွေ ရှိသလို၊ အောက်လမ်းလို့ ခေါ်တဲ့ တရားမဝင် လမ်းကြောင်းတွေကနေ သွားပြီး ရရာအလုပ် လုပ်ကိုင်နေရသူတွေကလည်း အများစု ရှိနေပါတယ်။ တရားမဝင် လမ်းကြောင်းကနေ ပြည်ပထွက်ခွာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတွေဟာ မကြာခဏ ဆိုသလို သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ဖမ်းဆီး အရေးယူတာ ခံရလေ့ရှိသလို၊ လူကုန်ကူးသူတွေရဲ့ လက်ထဲ ရောင်းစားခံရတာ၊ မတရားခိုင်းစေခံရတာတွေလည်း ကြုံရလေ့ရှိပါတယ်။

XS
SM
MD
LG