မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေနဲ့ စီမံကိန်းတွေ ရပ်ဆိုင်းထွက်သွားကြတာ ရှိပေမယ့် တရုတ်စီမံကိန်း တွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်စီမံကိန်းတွေ ပုံမှန် လည်ပတ်နေသလို အာဏာသိမ်းပြီး နောက်ပိုင်း ပိုပြီး အင်တိုက်အားတိုက် တိုးချဲ့လုပ်ဆောင် လာတာတွေတောင် ရှိတယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။ သတင်းပေးပို့ချက် အပြည့်စုံကို ကိုစံကျော်က တင်ပြပေးပါမယ်။
အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဒဏ်ကို အကြီးအကျယ်ခံနေရတဲ့ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတချို့ ထွက်ခွာနေကြပေမယ့် ဒီအထဲမှာ တရုတ်စီမံကိန်းတွေတော့ မပါ ပါဘူး။ ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့နယ်မှာဆိုရင် တရုတ်စီမံကိန်းတွေ အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးတော့တောင် အင်တိုက်အားတိုက် လုပ်ဆောင်လာနေတာ ရှိတယ်လို့ တရုတ်စီမံကိန်း စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။ စီမံကိန်း အသစ်စတာ မဟုတ်ပေမယ့်လို့ နဂိုရှိပြီးသား လုပ်လက်စ စီမံကိန်းတွေကို အင်တိုက်အားတိုက် ပိုပြီး အရှိန်မြင့် လုပ်ဆောင်လာနေတာလို့ တရုတ်စီမံကိန်း စောင့်ကြည့် လေ့လာသူတဦးဖြစ်တဲ့ ဦးထွန်းလွင်က ပြောပါတယ်။
“power China တခုကိုပဲ အာဏာသိမ်းပြီး နောက်ပိုင်း အသည်းအသန် အကောင်အထည်ဖော်တယ်။ အဲဒီဟာကလည်း NLD လက်ထက် ဦးညီပု လက်ထက်ကတည်းက လုပ်ခဲ့ကြတဲ့ အလုပ်ပါ။ တကယ့်စက်ရုံဆောက်တဲ့ အခါမှာတော့ ဒီအာဏာ သိမ်းပြီးနောက်ပိုင်း အသည်းအသန် ဆောက်တာပေါ့လေ ဆောက်တဲ့ အခါမှာလည်း အလုပ်သမား အားလုံးက ပြည်မက လာတာကြီးပဲ ဒေသခံတွေ မပါသလောက်ပဲ နည်းနည်းပါးပါး လောက်ပဲရတယ်။”
လက်ရှိ ကျောက်ဖြူမြို့နယ်မှာ တရုတ်စီမံကိန်း အသစ် ထပ်တိုးတာတော့ မရှိပါဘူး။ လက်ရှိ တရုတ် စီမံကိန်း ၃ ခု ဆက်လက် လည်ပတ်နေတာ ရှိတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။
“အခုလက်ရှိ ရှိနေတာက အစကတည်းက လုပ်ထားတဲ့ CNPC ရွှေဂက်စ် ပရောဂျက်။ နောက်တခုက Power China ရယ်၊ မဒေးကျွန်း Deep Sea ရယ်။ နောက်တခုကတော့ ESIA (Environmental and Social Impact Assessment) လုပ်နေတဲ့ ကျောက်ဖြူ SEZ (Special Economic Zone) က ထားပါအုံးပေါ့လေ။ ESIA က လုပ်တုန်းဆိုတော့လေ။ ဆိုတာ့ ၃ခု ဓာတ်ငွေ့ပိုက်လိုင်းရယ် မဒေးကျွန်းရယ်။ နက်ဆိပ်ကမ်းရယ် Power Plant 135 MW ထုတ်မယ့် Power plant ၃ ခုပေါ့။”
BRI လို့ အတိုကောက်ခေါ်တဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းမှာ အခရာ ကျပြီး တရုတ်နိုင်ငံပိုင် CITIC Group က တည်ဆောက်ခွင့် ရထားတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုံနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကိုတော့ ၂၀၁၅ ခုနှစ် သမ္မတဦးသိန်းစိန် လက်ထက်မှာ တရုတ်နဲ့ သဘောတူထားတာ ဖြစ်ပြီး မြန်မာဘက်က ၁၅ % နဲ့ တရုတ်က ၈၅ % ရင်းနှီးမြှုပ်နှံဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ စီမံကိန်း အရွယ်အစားကို သိသိသာသာ လျှော့ချလိုက်ပြီး မြန်မာဘက်က ၃၀ % နဲ့ တရုတ်ဘက်က ၇၀ % ရင်းနှီးမြှုပ်နှံမှု အဖြစ် ပြန်ညှိနှိုင်းခဲ့ကြပြီး သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ Covid ကပ်ဘေးနဲ့ နိုင်ငံရေး အကျပ်အတည်း ကြုံခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှာတော့ ဒီ စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းတွေ ပြန်လည် သွက်လက်လာခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် အတွင်းမှာပဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ရေနက်ဆိပ်ကမ်း ၂ ခုနဲ့ စက်မှုဇုံကို ချိတ်ဆက်မယ့် လမ်းပိုင်းအတွက် EIA ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ် သုံးသပ်ခဲ့ပြီးနောက် စီမံကိန်း အကောင်အထည် ဖော်နေတာတွေ အခု ၂၀၂၃ ခုနှစ် အကုန်ပိုင်းမှာ ပြီးစီးတော့မယ်လို့ တရုတ်စီမံကိန်း စောင့်ကြည့်သူတွေက ခန့်မှန်း ထားကြတာပါ။
အခုလို တရုတ်စီမံကိန်းတွေ ဆက် ရှိနေပေမဲ့လည်း ကျောက်ဖြူမှာ ဒေသခံတွေအတွက် ကတော့ ဘာမှ တိုးတက်ပြောင်းလဲ လာတာ မရှိဘူးလို့ ကျောက်ဖြူဒေသခံ လူငယ်တဦးက ပြောပါတယ်။
“ပြည်သူအတွက် အကျိုးကျေးဇူးကတော့ တိုးတက်မှုမရှိဘူး။ ဆုတ်ယုတ်မှုတွေပဲ ပိုများတယ်လို့ မြင်တယ်။ သူတို့က စီမံကိန်းကြာလာတာနဲ့ အမျှ ပြည်သူတွေကို ဂရုမစိုက်တာတွေပြီးတော့ စွန့်ပစ်ပစည်းတွေကို စနစ်တကျ မဟုတ်ပဲ ဖြစ်သလို လွင့်ပစ်တာတွေ အဲလို အခြေအနေတွေရှိတယ်။ ဖွဲ့ဖြိုးတိုးတက်ရေးပိုင်းမှာလည်း တိုးတက်လာတာမရှိဘူး ဆုတ်ယုတ်လာတာပဲရှိတယ်။ ”
ရခိုင်ဒေသမှာ တရုတ်စီမံကိန်းတွေ အများအပြား ရှိနေပေမဲ့ ဒေသခံတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတာမရှိသလို ရေနက်ဆိပ်ကမ်း တွေကြောင့် ဒေသခံ ရေလုပ်သားတွေရဲ့ လုပ်ကွက်ပျက်စီးခဲ့တာ၊ လယ်သမားတွေ လယ်ယာမြေ သိမ်းဆည်းခံရပြီး အလုပ်လက်မဲ့ ဖြစ်ကုန်တာတွေသာ ရှိတယ်လို့ တရုတ်စီမံကိန်း ဧရိယာအတွင်းမှာ ရှိတဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိပေမဲ့လည်း စစ်အာဏာသိမ်းထားတဲ့ ကာလအတွင်း အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရှိတဲ့ အခြေအနေအောက်မှာ ထောက်ပြနိုင်တဲ့ အခြေအနေ အားနည်းတယ်လို့လည်း စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။ တရုတ်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပွင့်လင့်မြင်သာမှု အားနည်းတာက အဓိက စိုးရိမ်စရာ ဖြစ်တယ်လို့လည်း ဒေသတွင်း လေ့လာ စောင့်ကြည့်သူတွေက ထောက်ပြ ပြောဆိုကြပါတယ်။