မုန်တိုင်းအလွန် ဘင်္ဂလားဒေရှ့် နိုင်ငံအတွင်းက ကော့ဘဇားခရိုင် မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာရော၊ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာရော အရေပြား၊ ရာသီတုတ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျောတွေအဖြစ် များနေပြီး သေဆုံးသူ အများအပြားရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒုက္ခသည်စခန်းတွေအတွင်း အရေပြားရောဂါ ပျံ့နှံ့ဖြစ်ပွားနေတာကို ထိန်းချုပ်နိုင်ဖို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ နိုင်ငံတကာ ကျန်းမာရေး အဖွဲ့တွေကလည်း သတိပေးနေတာပါ။ သတင်းပေးပို့ချက် အပြည့်စုံကို ကိုစံကျော်က တင်ပြပေးပါမယ်။
မိုခါဆိုင်ကလုန်း မုန်တိုင်းအလွန် ပြန်လည်တည်ဆောက်ရေး အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်မြောက်ပိုင်းက မွတ်ဆလင်ဒုက္ခသည် စခန်းတွေမှာ ရာသီတုတ်ကွေးနဲ့ အရေးပြားရောဂါတွေ တော်တော်များများ ဖြစ်နေကြသလိုပဲ ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇားခရိုင်တွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာလည်း ရာသီတုတ်ကွေးနဲ့ အရေးအပြား ရောဂါတွေ အဖြစ်များနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ကော့ဘဇား ဒုက္ခသည်စခန်း တခုတည်းမှာတင် သေဆုံးသူ၂ဝ နီးပါး ရှိနေပြီး ဒုက္ခသည်စခန်းတွေ ပေါင်းလိုက်ရင်တော့ သေဆုံးသူက ရာနဲ့ချီ ရှိတယ်လို့ရိုဟင်ဂျာ ဒုက္ခသည်အရေး လှုပ်ရှားသူတဦးက ပြောပါတယ်။
“အရေပြားရာဂါတွေ အများအားဖြင့်ကတော့ တုတ်ကွေးတွေဖြစ်တယ်၊ ဘင်္ဂလားဒေရှ့်မှာ အခုကတကယ် အဲဒီကိုဗစ်လိုဖြစ်နေတယ်။ လူတွေ သေနေကြတယ်။ လူတရာကျော်တော့ သေတယ်။ အဲလိုရှိတယ် ကော့ဘဇားဒုက္ခသည်ကန့်မှာတော့ ကလေးတွေ ဘာတွေနဲ့ ၂ဝနီးပါးသေတာရှိတယ်။”
ဒီအရေအတွက်ကို ဗွီအိုအေ အနေနဲ့ သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။ ရခိုင်မြောက်ပိုင်း စစ်တွေမြို့နယ်က လူဦးရေသုံးသောင်းကျော်လောက် နေထိုင်တဲ့ သက်ကယ်ပြင် မွတ်ဆလင် ဒုက္ခသည်စခန်းမှာတော့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေလည်း ပြုပြင်ဖို့ ခက်ခဲနေသလို သောက်သုံးရေ မသန့်ရှင်းတာတွေ လုံခြုံတဲ့ အမိုးအကာမရှိတာ တွေကြောင့် အရေပြားရောဂါ ဖြစ်နေသူတွေနဲ့ နေမကောင်းသူတွေလည်း များနေတယ်လို့ စခန်းတာဝန်ခံ ဦးမောင်လေးကပြောပါတယ်။
“ကလေးတွေ အရမ်းရောဂါဖြစ်နေတယ်၊ ဝမ်းပျက်ဝမ်းလျောရောဂါ တွေအများကြီးဖြစ်နေ တယ်၊မုန်တိုင်းတိုက်ပြီးတော့ ကျနော်တို့ ဒုက္ခသည်စခန်းမှာရော ရွာမှာရော ဘာတခုမှ လုပ်ပေးတာလည်းမရှိဘူး၊ ကလေးတွေ အရေပြားတွေ ဝမ်းပျက်ဝမ်းလျောတွေ အများကြီး ဖြစ်နေတယ် ဘာလို့လဲဆိုတော့ မိုးရွာရင် မိုးစိုတယ်၊ နေပူရင် နေပူတယ် အရမ်းဒုက္ခ သည်ရောက်နေတယ်။”
စခန်းအတွင်း အခုလိုကျန်းမာရေး အခြေအနေ ဆိုးဝါးနေပေမဲ့ ဆေးဝါးကုသမှု မရတာကြောင့် ကလေးငယ်တချို့ အပါအဝင် သေဆုံးသူတွေ ရှိတယ်လို့လည်း သက်ကယ်ပြင် စခန်းတာဝန်ခံ ဦးမောင်လေးက ပြောပါတယ်။
“ အဲလိုရောဂါဖြစ်ပြီးခါမှ ဆေးမကုနိုင်လို့ သေသွားတာတွေရှိတယ်၊ ခန့်မှန်းကတော့ ရယောက်၈ယောက်လောက်တော့ ရှိမယ်ထင်တယ်၊ အဲတာကဝမ်းပျက်ဝမ်းလျောရောဂါရယ်၊ နေအရမ်း ပူတော့ခေါင်းမူးလဲကျပြီးတော့ အိမ်မှာ မထနိုင်ပဲသေတာရှိတယ် အဲမှာကလေးတွေ လည်းရှိတယ်၊လူကြီးတွေလည်းရှိတယ် လူလတ်ပိုင်းတွေလည်းရှိတယ်၊ ကလေးဆုံး တာတောင် နှစ်ယောက်သုံးယောက်ရှိတယ်”
ဒါ့အပြင် မိုခါမုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ မြို့နယ်တွေထဲက တခုဖြစ်တဲ့ ပေါက်တောမြို့နယ်၊ ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည်စခန်းမှာလည်း အရေပြားရောဂါနဲ့ ရာသီတုတ်ကွေးဖြစ်သူက လူ ၁ဝဝ မှာ ၇ဝ လောက် ဖြစ်နေတယ်လို့ စခန်းတွင်းနေထိုင်တဲ့ မွတ်ဆလင် ဒုက္ခသည်တဦးက ပြောပါတယ်။
“ အရေပြား ရောဂါတွေ ယားနာတွေလေ တော်တော်များများဖြစ်နေကြတယ်။ အသီးတွေ ပေါက်တယ်။ နောက်တကိုယ်လုံးယားတယ် နောက်ပြီး အဖျားတက်တာတို့ ဝမ်းပျက်ဝမ်း လျောဖြစ်နေကြတယ်၊ အိမ်တိုင်းအိမ်တိုင်းမှာ နှာစေးတာ ခေါင်းကိုက်တာ အဲလိုမျိုး ရောဂါတွေ အများကြီး ဖြစ်နေကြတာပါခင်မျာ။ လူ ၁၀၀မှာ၇၀ လောက် ဖြစ်နေကြပါတယ်။”
အဲဒီငှက်ချောင်း မွတ်ဆလင် ဒုက္ခသည်စခန်းမှာ နယ်စည်းမထားဆရာဝန်များအသင်း MSF ကတပတ်၂ ကြိမ် ဆေးလာ ကုပေမဲ့လည်း လူနာတွေ များတာကြောင့် ဆေးကုသဖို့ ခက်ခဲနေတယ်လို့လည်း သူက ပြောပါတယ်။
“ အစိုးရကျန်းမာရေးဌာနကတော့ လာတာမရှိပါဘူး၊ ပုံမှန်လာတာက MSF အဖွဲ့ကတော့ တပတ်မှာ ၂ရက်လာတယ်၊ သူတို့လာပေမဲ့ သူတို့မှာက အချိန်က သိပ်မရဘူး၊ သူတို့နေ့လည် တနာရီလောက်ဆိုရင်ရောက်တယ် ၂ နာရီဆိုရင် ပြန်သွားတယ်။ တနာရီပဲ ဆေးကုသလို့ရတယ် ဒီမှာလူနာတွေက အများကြီးပါဒီမှာ။”
ကော့ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာ လူတွေ သောင်းနဲ့ချီ ယားနာတွေ ဖြစ်နေပြီး ဆေးဝါးကုသမှု နဲ့ တကိုယ်ရည်သန့်ရှင်းရေး ဆိုင်ရာ အကူအညီတွေ အမြန်ဆုံးရဖို့ လိုအပ်နေတယ်လို့ နိုင်ငံတကာ ကျန်းမာရေး ကူညီပေးရေး အဖွဲ့တခုဖြစ်တဲ့ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သတိပေးထားပါတယ်။
လူဦးရေ သိပ်သည်းတဲ့ ဒုက္ခစခန်းတွေထဲမှာ ၄၀ % လာက် အရေပြားရောဂါတွေ ဖြစ်နေပြီး တချို့ စခန်းတွေမှာ လူဦးရေရဲ့ ၇၀ % လောက်အထိကို ပျံ့နှံ့ဖြစ်ပွားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လည်း ထုတ်ပြန်ထားပါတယ်။