သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးဒ်ပွဲ မနွှဲနိုင်တဲ့ မုန်တိုင်းသင့်ဒေသက မွတ်ဆလင်ဒုက္ခသည်များ 


အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက သက်ကယ်ပြင်ရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက သက်ကယ်ပြင်ရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)

မနေ့က ကျရောက်တဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်ဖြစ်တဲ့ ကုရ်ဘာနီ အီးဒ်နေ့ကို ကမ္ဘာတဝန်း မွတ်ဆလင်တွေ နဲ့အတူ မြန်မာနိုင်ငံက မွတ်ဆလင်တွေလည်း ကျင်းပကြပေမဲ့လို့ မုန်တိုင်းဒဏ် အကြီးအကျယ်ခံရတဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင် ဒုက္ခသည်စခန်းတွေတော့ ဒီအထဲမှာ မပါနိုင်ခဲ့ပါဘူး။ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဒုက္ခသည်အများစု အီးဒ်ပွဲတော် မဆင်နွှဲနိုင်ကြတဲ့အကြောင်း ကိုဝင်းမင်းက တင်ပြပေးပါမယ်။

တနှစ်မှာ တကြိမ်သာကျရောက်တဲ့အစ္စလာမ်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ဘာသာရေးပွဲတော် ကုရ်ဘာနီ အီးဒ်နေ့မှာ အလှူအတန်းပေးဝေတာ၊ ဝတ်ပြုဆုတောင်းတာတွေကို မွတ်ဆလင် မိသားစုတွေ ပျော်ပျော်ပါးပါး ဆင်နွှဲလေ့ ရှိကြတာပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်ဒုက္ခ သည်စခန်းတွေမှာတော့ နဂိုကတည်းက စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရချိန်မှာ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ထပ်ဆင့်ကြုံရတဲ့ အကျပ်အတည်းတွေကြားမှာ အများစုက အီးဒ်ပွဲတော် မဆင်နွှဲနိုင်ကြပါဘူး။

စစ်တွေမြို့နယ်က လူဦး ၂၅,၀၀၀ ကျော် နေထိုင်တဲ့ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲတွေကြောင့် ပွဲမကျင်းပ နိုင်ခဲ့ဘူးလို့ စခန်းတာဝန်ခံ ဦးမောင်လေးက ပြောပါတယ်။

“ ကျနော်တို့ အီးဒ်ပွဲတော်က လုံးဝအဆင်မပြေဘူး။ အမိုးအကာတောင် မရှိတာ မိုးရွာရင် စိုတယ်။ နေပူရင်ပူနေတာဆိုတော့ ဘယ်လိုလုပ် အီးဒ်ပွဲ ကျင်းပနိုင်မလဲဗျာ လုံးဝအဆင်မပြေပါ ကျနော်တို့ အရမ်းခံစားနေရတယ်။”

ဒါ့အပြင် ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နယ် အတွင်းက ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည် စခန်းမှာ ဆိုရင်လည်း အိမ်ထောင်စု ၄၀၀ နီးပါး ရှိပေမဲ့၊ တချို့ တတ်နိုင်တဲ့ အိမ်ထောင်စု ၂၀ လောက်သာ အီးဒ်ပွဲ ကျင်းပနိုင်တယ်လို့ စခန်းတွင်းနေထိုင်သူတဦးက ပြောပါတယ်။

“ ကျနော်တို့ camp (စခန်း) မှာ ပိုက်ဆံရှိတဲ့သူတွေက နွားတွေ ဝယ်လိုက်တယ်ဗျာ။ ပြီးတော့ တခြား နေရာဒေသ နိုင်ငံခြားမှာရှိတဲ့ ဆွေမျိုးတွေက ပွဲလုပ်ဖို့ပေးတာ အဲလိုမျိုးတွေရှိတယ်။ အဲလို အမဲပေါ်ပြီးတော့ camp (စခန်း) တခုလုံးတော့ စားရတယ်ဗျာ။ စခန်းထဲမှာ အိမ်ထောင်စု ၃၈၀ ရှိတယ်။ ၂၆ အိမ်ထောင်ပဲ အမဲပေါ်နိုင်တာ။ ၃၆၀ လောက်က အမဲ မပေါ်နိုင်ဘူးလေ။ ခံစားချက်ကတော့ အဆင်မပြေဘူး။ နေရာထိုင်ခင်းက အဆင်မပြေတော့ ဧည့်သည်တွေပဲ ဖြစ်ဖြစ် ကိုယ့်အိမ်လာတဲ့ စခန်းထဲက သူတွေပဲ ဖြစ်ဖြစ် နေရတာအဆင်မပြေဘူး လုပ်ရကိုင်ရတာ ကျပ်တည်းတယ်။ အဲလိုမျိုးပေါ့။”

အီးဒ်ပွဲတော်ဆိုတာဟာ တမန်တော် အီဘရာဟင်ရဲ့ အလ္လာအရှင်မြတ်ကို ကျိုးနွံ အနစ်နာခံမှုကို အထိန်းအမှတ်ပြုတဲ့ ပွဲတော်ဖြစ်ပြီး ဝတ်ပြု ဆုတောင်းတာတွေနဲ့အတူ မိတ်ဆွေတွေကို ကျွေးမွေးဧည့်ခံတာ၊ အကူအညီ လိုအပ်သူတွေကို အစားအသောက်တွေ၊ အသားတွေ ပေးဝေတာလုပ်လေ့ရှိတဲ့ ပျော်စရာ နေ့ထူးနေ့မြတ်တခုပါ။ မုန်တိုင်းဘေးနဲ့ စစ်ဘေးဒဏ် ခံနေရတဲ့ ရခိုင်ပြည်နယ်တွင်းက မွတ်ဆလင် ဒုက္ခသည်တွေ အတွက်ကတော့ စားဝတ်နေရေး အခက်အခဲတွေကြားမှာ ဒီနှစ် အီးဒ်နေ့ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ကြရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG