သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ၊ ဝီဂါမွတ်ဆလင်တွေနဲ့အတူ ရပ်တည်ကြောင်း ရာမာဒန် ဥပုသ်လမှာ သမ္မတဘိုင်ဒန်ပြောကြား

အမေရိကန်သမ္မတအိမ်ဖြူတော်မှာကျင်းပတဲ့ အမျိုးသမီးသမိုင်း ဂုဏ်ပြုလ (women's history month) အခမ်းအနားအတွင်းတွေ့ရတဲ့ သမ္မတဂျိုးဘိုင်ဒန် (မတ် ၂၃၊ ၂၀၂၃)
အမေရိကန်သမ္မတအိမ်ဖြူတော်မှာကျင်းပတဲ့ အမျိုးသမီးသမိုင်း ဂုဏ်ပြုလ (women's history month) အခမ်းအနားအတွင်းတွေ့ရတဲ့ သမ္မတဂျိုးဘိုင်ဒန် (မတ် ၂၃၊ ၂၀၂၃)

ဖိနှိပ်မှုဒဏ်ခံနေရတဲ့ တရုတ်နိုင်ငံက ဝီဂါ (Uyghur) မွတ်ဆလင်တွေ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲဘက်တွေ သွေးစည်းညီညွတ်စွာ ရပ်တည်နေတဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော်ဂျေးလ်ဘိုင်ဒန်တို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်စတင်တဲ့ အထိမ်းအမှတ်အဖြစ် မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

အခက်အခဲတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ ရင်ဆိုင်နေရတဲ့ မွတ်ဆလင် အသိုင်းအဝိုင်းကို ပံ့ပိုးကူညီရေး အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြု တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ မကြာသေးခင်လပိုင်းက မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်ဆီးမှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယားနိုင်ငံက ပြည်သူတွေ၊ ပြီးခဲ့တဲ့ နွေရာသီ ရေလွှမ်းမိုးတဲ့ ဒဏ်ခံခဲ့ရပြီး ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းနေတဲ့ ပါကစ္စတန်နိုင်ငံက ပြည်သူတွေနဲ့လည်း အတူတသားတည်း ဆက်လက် ရပ်တည်နေတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီကြေညာချက်မှာ တူရကီ (Turkey) အစား တူရကီအစိုးရ ပိုမို နှစ်သက်တဲ့ Turkiye နိုင်ငံဆိုတဲ့ အသုံးအနှုန်းကို သမ္မတဘိုင်ဒန်က သုံးနှုန်းထားပါတယ်။ ရာမာဒန် ဥပုသ်လမှာ အမေရိကန်ပြည်ထောင်စု တဝန်းက မွတ်ဆလင် အသိုင်းအဝိုင်းကို လေးစားဂုဏ်ပြုတဲ့အကြောင်း၊ အမေရိကန်ပြည်ထောင်စု စတင်တည်ထောင်ခဲ့တဲ့ အချိန်ကတည်းက ပါဝင်သူတွေ ဖြစ်တဲ့အကြောင်းလည်း သမ္မတဘိုင်ဒန်က ပြောဆိုထားပါတယ်။

ရာမာဒန် ဥပုသ်လ စတင်တဲ့ အထိန်းအမှတ်အဖြစ် ကမ္ဘာတဝန်းက အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ တော်တော်များများမှာ ဥပုသ်ထွက်ချိန် iftar ညစာ စားသုံးသူတွေအတွက် အစားအသောက် တည်ခင်းဧည့်ခံတာတွေ လုပ်သွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း သီးခြား ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG