သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီ ကမ္ဘာတဝှမ်းက စိုးရိမ်စရာအခြေအနေတွေဆွေးနွေး


Ethiopia Tigray Crisis ရိက္ခာခွဲတမ်းအပေါ် အငြင်းပွါးနေတဲ့ အီသီယိုးပီးယားအမျိုးသမီး၊ မေ ၁၈၊ ၂၀၂၁
Ethiopia Tigray Crisis ရိက္ခာခွဲတမ်းအပေါ် အငြင်းပွါးနေတဲ့ အီသီယိုးပီးယားအမျိုးသမီး၊ မေ ၁၈၊ ၂၀၂၁

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၁ ကြိမ်မြောက် ညီလာခံမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာတစောင်မှာတော့ ကမ္ဘာ့ဒေသစုံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ စိုးရိမ်စရာ တိုးလာနေတာကို မီးမောင်းထိုးပြသွားသလို ငြိမ်းချမ်းရေး အဖြေရှာမှာတော့ မေ ျှာ်လင့်ချက် ရောင်ခြည်အနည်းငယ်ပဲတွေ့နေရပါတယ်။ ကုလသဂ္ဂရုံးစိုက်ရာ Geneva ကနေ Lisa Schlein သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

ကမ္ဘာတဝန်း ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေမှာ မပြီးဆုံးနိုင်သော လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာပိတ်မိနေကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့အခက်အခဲအကျပ်အတည်းတွေကို ကုလသမဂ္ဂ ယာယီလူ့အခွင့်အရေးမဟာမင်းကြီး Nada Al-Nashif က မီးမှောင်းထိုးတင်ပြသွားပါတယ်။

ဘာကီနာဖာဆို၊ ဘရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ နဲ့ မာလီနိုင်ငံအပါအဝင် အာဖရိကတိုက်နိုင်ငံအတော်များများမှာ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုဆိုးရွားလာနေတာကိုလည်း အလေးပေးပြောကြားသွားပါတယ်။ အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း Tigray ဒေသမှာ ၂ နှစ်နီးပါး ကြာလာပြီဖြစ်တဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ပြေလည်နိုင်ရေးမှာလည်း မေ ျှာ်လင့်ချက်အနည်းငယ်ပဲရှိနေတာကို ယာယီမဟာမင်းကြီး Al-Nashif က အလေးပေးပြောကြားသွားပါတယ်။

" အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ လတ်တလောပြန်လည်ပေါ်ပေါက်လာတဲ့နောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ အာဖရိက သမဂ္ဂက ကမကထပြုဆောင်ရွက်ပေးနေတဲ့ လေးနက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်ဆိုပြီး Tigray အာဏာပိုင်တွေမနေ့က ကြေငြာလိုက်တဲ့ အပေါ် အားတက်မိပါတယ်။ အကြမ်းဖက်မှုအားလုံး ထာဝရ ရပ်ဆိုင်းကြဖို့ သက်ဆိုင်သူအားလုံးကို ကျမ တိုက်တွန်းပါတယ်။ နောက်ပြီး အပြုသဘောဆောင်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်း စတင်သင့်ပါတယ်။"

ဟေတီနိုင်ငံက လက်နက်ကိုင် ဂိုဏ်းအုပ်စုတွေရဲ့ ပြင်းထန်ရက်စက်တဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ယာယီမဟာမင်းကြီးက အချိန်ပေးတင်ပြခဲ့တာပါ။ ဟေတီနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ကျဆင်းသွားအောင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီကြဖို့လည်း သူက တိုက်တွန်းတောင်းဆိုသွားပါတယ်။


တရုတ်နိုင်ငံထဲက ဝီဂါမွတ်ဆလင်တွေအရေး လူ့အခွင့်အရေးကောင်စီမှာ အထူးအစီအစဉ်တရပ်အနေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ တောင်းဆိုသံတွေလည်း ပိုပြီး ကျယ်လောင်လာနေချိန်မှာပဲ ဝီဂါ လူနည်းစု မွတ်ဆလင်တသန်းကျော်ကို ပညာပေးစခန်းတွေမှာ တရုတ်အစိုးရက ထိန်းသိမ်းထားတဲ့လုပ်ရပ်ကိုတော့ ယာယီမဟာမင်းကြီးက သဘောလောက်သာ ပြောဆိုသွားပါတယ်။

"တရုတ်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Xinjiang ဒေသနေ ဝီဂါမွတ်ဆလင်တွေ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စတွေအပေါ် ဆန်းစစ်သုံးသပ်ချက်တွေကို သြဂုတ်လ ၃၁ ရက်နေ့မှာ ကျမရုံးက ပုံနှိပ်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ အစိုးရနဲ့ အခြားပါဝင်ပတ်သက်နေသူတွေ အတွက်လည်း အကြံပြုတင်ပြချက်တွေ ပါဝင်ပါတယ်။ "

ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်နေတဲ့ ကိစ္စမှာတော့ ယာယီကော်မရှင်နာမင်းကြီး Al-Nashif က ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသွားပါတယ်။

"ရုရှားနိုင်ငံမှာတော့ ယူကရိန်းစစ်ပွဲအပေါ် ဆန့်ကျင်တဲ့ သူတွေထိတ်လန့် ကြောက်လန့်အောင်လုပ်တာ၊ ကန့်သတ်ချုပ်ခြယ်တာတွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံက အာမခံပေးထားတဲ့ အခြေခံလွတ်လပ်ခွင့်တွေ ချိုးဖောက်ခံရတာဖြစ်ပါတယ်။ သတင်းထောက်တွေကို ဖိအားပေးတာ၊ အင်တာနက်လိုင်းတွေ ပိတ်ဆို့ဖြတ်တောက်တာနဲ့ သတင်းမီဒီယာတွေကို နည်းပေါင်းစုံနဲ့ တည်းဖြတ်နေတာဟာ media pluralism ဆိုတဲ့ ဗဟုဝါဒနဲ့ မကိုက်ညီသလို လွတ်လပ်စွာ သတင်းအချက်အလက်ရယူခွင့်ဆိုတဲ့ အခွင့်အရေးတွေချိုးဖောက်ခံရတာလည်းဖြစ်ပါတယ်"

ယူကရိန်းစစ်ပွဲတွေ အဆုံးမသတ်သေးသလို အရပ်သားပြည်သူတွေလည်း စစ်ဘေးဒဏ်ကိုဆက်လက်ရင်ဆိုင်နေရတယ်လို့လည်း ယာယီမဟာမင်းကြီး Al-Nashif ကပြောဆိုသွားပါတယ်။ စစ်ပွဲရဲ့အကျိုးဆက်က လူမှုစီးပါွးအပေါ် ဆိုးရွားစွာ သက်ရောက်မှုတွေရှိနေတာကိုလည်း ယာယီမဟာမင်းကြီးက ထောက်ပြပြောဆိုခဲ့တာပါ။ ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီတွေ အကြီးအကျယ်ပြတ်လတ်မှုနဲ့ ရင်ဆိုင်ရသလိုပဲ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတချို့မှာ စားနပ်ရိက္ခာမလုံလောက်တာတွေ ဖြစ်လာတယ်လို့လည်း ပြောဆိုသွားပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ပေါ်ပေါက်လာရတဲ့ ထိခိုက်ပျက်စီးမှုတွေအကြောင်း ညီလာခံမှာ ဆက်လက်ဆွေးနွေးသွားမယ်လို့လည်း ယာယီမဟာမင်းကြီးက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode













XS
SM
MD
LG