သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ နေထိုင်စားသောက်ရေး ပိုခက်ခဲလာ


ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။
ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။

ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဘဇား (Cox’ Bazar) ဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကုလသမဂ္ဂက စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ၃ လအတွင်း ဒုတိယအကြိမ် ထပ်မံ လျော့ချလိုက်တာကြောင့် စားဝတ်နေရေး ပိုပြီး ခက်ခဲလာတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ မိုခါမုန်တိုင်းလွန်ကာလ လိုအပ်ချက်တွေ များနေချိန်မှာ အခုလို လျော့ချလိုက်တာကြောင့် အခက်အခဲ ပိုကြုံကြရသလို၊ ဒုက္ခသည် စခန်းအတွင်း လုယက်တာနဲ့ ဓားပြတိုက်တာတွေလည်း ပိုများလာတယ်လို့ ကော့ဘဇား ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ဒီနှစ် မတ်လတုန်းက ပထမတကြိမ် လျှော့ချခဲ့ပြီးတဲ့နောက်၊ ဇွန်လထဲမှာ ဒုတိယအကြိမ် ထပ်မံ လျော့ချလိုက်တာတာ ဖြစ်ပါတယ်။ ခုဆိုရင် ဒုက္ခသည် တဦးစီအတွက် တလစာ ထောက်ပံ့ငွေ ဒေါ်လာ ၈ ဒေါ်လာသာ ရတော့ပြီး ဘယ်လိုမှ မလုံလောက်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

၃ လအတွင်း ဒုတိယအကြိမ် ထပ်မံ လျော့ချတာဖြစ်ပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNHCR) မှာ ငွေကြေး မလုံလောက်တဲ့ အတွက် ခုလို လျှော့ချရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ဒီလ ၇ ရက်နေ့က ပြောကြားခဲ့ ပါတယ်။

နဂိုကတည်းက စားသောက်ရေး မလုံလောက်တဲ့ အခြေအနေမှာ ခုလို ထပ်မံ လျှော့ချခံရလို့ စားဝတ်နေရေး ပိုပြီး ခက်ခဲလာတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ကော့ဘဇား ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“သူတို့ လျော့ချတာက ၁၂ ဒေါ်လာကနေ ၁၀ ဒေါ်လာအထိ လျော့ချတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ထပ်ပြီးတော့ ၂ ဒေါ်လာ လျှော့ချတယ်။ ၈ ဒေါ်လာပဲ ရတယ်။ ကျနော်တို့က အဲဒီ ၈ ဒေါ်လာနဲ့ တလစာ လုံလောက်မှု မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီမှာ လူတိုင်းမှာ အလုပ်အကိုင်လည်း မရှိဘူး။ အပြင်ထွက်လို့လည်း မရဘူး။ စီးပွားရေးလည်း အဆင်မပြေကြဘူး။ ဒီမှာ ဒုက္ခမျိုးစုံနဲ့ ကျနော်တို့ ရင်ဆိုင်နေကြတာပါ။”

မိုခါမုန်တိုင်းကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန်မှာ ခုလို လျှော့ချမှုက ဒုက္ခသည်တွေကို ပိုပြီး အကျပ်အတည်း ဖြစ်စေသလို၊ စခန်းတွင်း လုယက်တာတွေလို နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ဖြစ်လာစေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ လာမယ့်လတွေအတွင်း အခြေအနေ ပိုဆိုးလာမှာ စိုးရိမ်တယ်လို့လည်း ကော့ဘဇား ဒုက္ခသည်စခန်းက ဒုက္ခသည်က ပြောပါတယ်။

“လာမယ့် ကာလတွေမှာ ကျနော်တို့ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ရဖို့ရှိတယ်။ စခန်းထဲမှာ ရိက္ခာလုံ လောက်မှု မရှိတဲ့ အပြင် စခန်းထဲမှာ လူစုလုပ်ပြီးတော့ ပြန်ပေးဆွဲတာတို့ ဓားပြတိုက်ခံရတာတို့ ငွေလုခံရတာ အမျိုးမျိုးရှိတယ်။ ဒါက ရိက္ခာလုံလောက်မှု မရှိတဲ့အတွက် ပြဿနာတွေ ဖြစ်လာတာလို့ ကျနော်တို့ ယူဆပါတယ်။”

အခုလို စားဝတ်နေရေး အခက်အခဲ ကြုံနေရတာဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထဲမှာတင် မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာ မလုံလောက်တာတွေ ရင်ဆိုင်နေကြရတာပါ။ မြေပုံမြို့နယ် အတွင်းက လူဦးရေ ၃,ဝဝဝ ကျော် ရှိတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းမှာ ဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လူတဦးကို တလစာ အတွက် ကျပ်ငွေ ၂၅,ဝဝဝ သာ ထောက်ပံ့ နေပေမဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် လုံလောက်မှု မရှိဘူးလို့လည်း မွတ်ဆလင်ဒုက္ခသည် တဦးက ပြောပါတယ်။

“ ကျနော်တို့ကို ရိက္ခာအစား ပိုက်ဆံပေးပါတယ်။ အဲဒီပေးတဲ့ ပိုက်ဆံနဲ့ ကျနော်တို့ ရိက္ခာ ပြန်ဝယ်တယ်။ လုံလုံလောက်လောက်တော့ မရနိုင်ပါ။ ပြီးခဲ့တဲ့ လက ၂၅,ဝဝဝ ရတယ်။ လူတယောက်ကို အဲဒီ ပိုက်ဆံက တရက်ကို ၁ဝဝ တောင် မရဘူးလေ။ အခုခေတ်မှာ ကလေးတယောက် တောင် တရက် မုန့်ဖိုး မနက် လေး−ငါးရာ၊ ည လေး−ငါးရာ မုန့်စားဖို့လိုတယ်။ အဆင်မပြေပါဘူး။ အဆင် မပြေပေမဲ့ ပြေသလို လူတွေက ကြံဖန်ပြီးတော့ ကျပ်ကျပ်တည်းတည်း စားနေရတာပေါ့။”

မိုခါ မုန်တိုင်းအလွန် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုတွေကို စစ်ကောင်စီက တားမြစ် ပိတ်ပင်ထားတာကြောင့် ဒုက္ခသည်တွေနဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေ နေထိုင်းစားသောက်ရေး အခက်ကြုံနေရတာပါ။ ဒါ့အပြင် ရာသီတုတ်ကွေးနဲ့ အရေးပြား ရောဂါတွေ လည်း ဖြစ်နေကြတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ မိုခါမုန်တိုင်းဒဏ်ကို ခံထားရချိန်မှာ အခုလို အထောက်အပံ့တွေ လျှော့ချခဲ့ရတာြဖစ်လို့ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ ငတ်မွတ်နေကြတယ်လို့ UNHCR တာဝန်ရှိသူတွေကလည်း ပြောပါတယ်။ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီပေးရေး အဖွဲ့တွေ အနေနဲ့ အရေးပေါ် လိုအပ်နေတဲ့ အကူအညီ လောက်သာ ပေးနိုင်ပြီး အခြေခံ လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်တာ ပိုများ လာနေတယ်လို့လည်း UNHCR က ပြောပါတယ်။

ဒုက္ခသည်တွေ နေထိုင်စားသောက်ရေး ပိုခက်ခဲလာ
please wait

No media source currently available

0:00 0:03:54 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG