ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဒဏ် ခံခဲ့ရတာ ၃ လကျော်ကြာတဲ့အထိ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ လွတ်လွတ်လပ်လပ် သွားလာ ထောက်ပံ့ခွင့် မရသေးဘူးလို့ ဒေသခံ ကူညီသူတွေက ပြောဆိုကြပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr.Martin Griffiths ဒီလထဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက်ပိုင်းမှာလည်း အခြေအနေကတော့ တိုးတက် ပြောင်းလဲသွားတာ မရှိတဲ့အကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။ သတင်းပေးပို့ချက် အပြည့်အစုံကို ကိုစံကျော်က တင်ပြပေးပါမယ်။
မိုခါမုန်တိုင်းအပြင် ရေကြီးမှု ဒဏ်ကိုပါ ထပ်ဆင့် ကြုံခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းမှာ သဘာဝဘေးဒုက္ခသည်တွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေဟာ လုံခြုံတဲ့ အမိုးအကာ အောက်ကို ရောက်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး စားဝတ်နေရေး အကျပ်အတည်းတွေ ကြုံနေရတာပါ။ အခုဆိုရင် မိုခါမုန်တိုင်း သင့်ခဲ့တာ ၃ လကျော် ကြာလာပေမဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ လွတ်လွတ်လပ်လပ် သွားလာ ထောက်ပံ့ခွင့် မရသေးသလို၊ ပြန်လည် ထူထောင်ရေး လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
သြဂုတ်လ တတိယပတ်ထဲမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr.Martin Griffiths မုန်တိုင်းသင့် ရခိုင်ပြည်နယ်ကို ကိုယ်တိုင် လာရောက်ခဲ့သလို၊ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် အကူအညီတွေ လွတ်လွတ်လပ်လပ် ပြန်လည် ပေးခွင့်ရဖို့ မျှော်လင့်ထားကြပေမဲ့လည်း ခုချိန်ထိကတော့ ကန့်သတ်မှုတွေ ရှိနေဆဲပဲလို့ ဒေသတွင်း လူသားချင်းစာနာမှု ကူညီပေးနေသူ တဦးက ဗွီအိုအေကို ပြောပါတယ်။
“ကူညီပေးတာကတော့ ကျနော်တို့ တွေ့သလောက် မြင်သလောက် သိသလောက် မရှိနေဘူး။ ဘယ်အဖွဲ့အစည်းမှလည်း လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားပြီးတော့ လက်ရှိ ဒုက္ခရောက်နေကြတဲ့ မိုခါသင့်ပြည်သူတွေကို လွတ်လွတ်လပ်လပ် သွားလာပြီးတော့ ကူညီနေတာကို မတွေ့မိဘူး။ အခုအချိန်က ဘယ်နေရာမှာမှ လွယ်လင့်တကူ သွားလာလို့ မရဘူးလေ။ အကုန်လုံးက စစ်ဆေးမှုတွေ ရှိတယ်။ ဘယ်လဲ မှတ်ပုံတင်ကအစ မြို့တွင်းမှာ သွားလာတာတောင် မှတ်ပုံတင်ယူရတဲ့ အခြေအနေ။ ဘယ်ကိုသွားမလဲ။ ပုဏ္ဏားကျွန်းကနေ စစ်တွေကို လာမယ် ဆိုရင်တောင် မှတ်ပုံတင် စစ်တဲ့ အခြေအနေ ရှိတယ်။”
ရခိုင်ဒေသမှာ ကူညီပေးရေးအဖွဲ့တွေကို ဘာကြောင့် ကန့်သတ်ထားတယ်ဆိုတာကို စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒါပေမဲ့ ကန့်သတ်ချက်တွေကြောင့် မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲနဲ့ ကျန်းမာရေး အထောက်အကူ လိုအပ်ချက်တွေ ပိုပြီး များလာနေတာပါ။ စစ်ဘေးဒုက္ခသည် ၃ သောင်းကျော်လောက် ရှိနေတဲ့ ရသေ့တောင်မြို့နယ်မှာ ဆိုရင် စစ်ဘေးဒုက္ခသည် တဝက်လောက်ဟာ အခုအချိန်ထိ လုံခြုံတဲ့ အမိုးအကာအောက်ကို ရောက်ဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ရသေ့တောင်ဒေသ ကူညီပေးနေသူ တဦးက ပြောပါတယ်။
“ ကျနော်တို့ မြို့နယ်မှာဆိုလို့ရှိရင် စစ်ဘေးရှောင်တွေ တအားများတာ။ စစ်ဘေးရှောင်တွေ အတွက် သူတို့ ဘာလုပ်ပေးလဲ။ ဘာမှကို မလုပ်ပေးတာ။ စစ်ဘေးရှောင်တွေ ထဲမှာလည်း အမိုးအကာ အောက်ကို မရောက်သေးတဲ့ သူတွေ တဝက်လောက်ကို ရှိသေးတယ်။ ဒီမှာ စစ်ဘေးရှောင် အိမ်ထောင်စု ၅ ထောင်ကျော် လူဦးရေ ၃ သောင်းကျော်လောက် ရှိသေးတယ်။ အကုန်လုံးက ဒီပုံစံအတိုင်းပဲ။ သူတို့ ဖြစ်သလိုပဲ နေကြရတယ်။ အမိုးအကာ အောက်ကို မရောက်သေးဘူး။ စကစ ဘက်ကလည်း ဘာမှ ထောက်ပံ့တာမရှိဘူး။ NGO တွေကိုပဲ အားကိုးနေရတာ။ အခု ဘာဖြစ်လာလဲဆိုတော့ စခန်းတွေထဲမှာ တော်တော်များများ မျက်စိရောဂါတွေ ဖြစ်လာကြတယ်။ မျက်လုံးမှုန်တာတို့ ပြာတို့ မြူကပ်တာတို့ ပေါ့နော်။ ဘာလို့လဲဆိုတော့ NGO တွေက ပေးတာကလဲ တာပေါ်လိပ်တွေပဲပေါ့နော်။ အဲ့ဒီ တာပေါ်လိပ် အမိုးအကာအောက်မှာ နေရ အိပ်ရတော့ တဖြည်းဖြည်း မျက်လုံးရောဂါတွေ ခံစားလာရတဲ့ဟာ ရှိတယ်။”
ရခိုင်မြောက်ပိုင်းမှာ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေအပြင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းနီးပါး ရှိနေသေးတယ်လို့ ဒေသတွင်း စစ်ဘေးဒုက္ခသည် ကူညီရေး အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။ လက်ရှိမှာတော့ တချို့ စစ်ဘေးဒုက္ခသည်စခန်း တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ရှိပေမဲ့လို့ လုံလောက်မှု မရှိသလို တခြား သဘာဝဘေး အန္တရာယ်သင့် ပြည်သူတွေအတွက်လည်း ကူညီထောက်ပံ့မှုတွေ နည်းပါးတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။