သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ ရေကြီးမှုကြောင့် အနည်းဆုံး ၂ ဦးသေ


ကျောက်‌တော်မြို့နယ် ညောင်ချာင်း စစ်ဘေးဒုက္ခသည်စခန်း ရေဝင်နေစဉ် (သြဂုတ် ၇၊ ၂၀၂၃)
ကျောက်‌တော်မြို့နယ် ညောင်ချာင်း စစ်ဘေးဒုက္ခသည်စခန်း ရေဝင်နေစဉ် (သြဂုတ် ၇၊ ၂၀၂၃)

ရခိုင်ပြည်နယ်တွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အပါအဝင် မြို့နယ် တော်တော်များများမှာ အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာပြီး ရေဘေးအန္တရာယ် ကြုံနေရတာမှာ မနေ့ ညနေပိုင်းကတော့ မင်းပြားမြို့နယ် ပြင်ယောင်း ကျေးရွာက သားအမိနှစ်ဦး ရေနစ် သေဆုံးခဲ့ရပါတယ်။ လက်ရှိအချိန်ထိ လေးမြို့ မြစ်ရေ ဆက်တက်နေတာကြောင့် အနိမ့်ပိုင်း ကျေးရွာတချို့ ဘေးလွတ်ရာ ကိုယ်ထူကိုယ်ထ ပြောင်းရွှေ့နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်ဘက်က ရေဘေး အခြေအနေကိုတော့ ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒီလ ၁ ရက်နေ့ကစပြီး ဒီကနေ့အထိ သီတင်းတပတ်ကြာ မိုးအဆက်မပြတ် ရွာနေတာကြောင့် မြစ်ရေတွေ တက်လာနေသလို ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အပါအဝင် မြို့နယ် တော်တော်များများမှာ ရေးကြီးရေလျှံတာတွေနဲ့ ကြုံတွေ့ နေရပါတယ်။

မင်းပြားမြို့နယ်က ပြင်ယောင်းကျေးရွာမှာတော့ မနေ့က ညနေပိုင်းက သုံးနှစ်သားအရွယ် ကလေးတဦးနဲ့ အသက် ၃ဝ အရွယ် သားမိနှစ်ဦးတို့ ရေနစ်သေဆုံး သွားတယ်လို့ ပြင်းယောင်းကျေးရွာ ဒေသခံ ကိုကျော်သောင်းက ပြောပါတယ်။

“သေဆုံးတဲ့ သူကတော့ ရွာနီးနားက ရွာကို အကြွေးသွားတောင်းတာ။ သူက ရွာနီးနား သွားတယ်ဆိုတော့ စက်လှေနဲ့ သွားစရာမလိုဘူး။ ခြေထောက်နဲ့ပဲ သွားတာ။ သူတို့သွားတဲ့ အချိန်မှာ ရေမရှိသေးဘူး။ ပြန်လာတော့ ရေတွေ တအားတက် ရေကြီးနေတော့ ကလေး အကြီးကောင်က ဘာမှမဖြစ်ဘူး။ ကလေးနဲ့ အမေကတော့ အသက်ဆုံးရှုံး လိုက်ရတယ်ပေါ့။”

လက်ရှိအချိန်ထိလည်း မင်းပြားမြို့နယ်မှာ မိုးအဆက်မပြတ် ရွာနေပြီး ရေကြီးရေလျှံ နေတာကြောင့် ဒေသခံတွေ နေထိုင်သွားလာရေး အခက်ကြုံနေရပါတယ်။ လေးမြို့ မြစ်ရေ ဆက် တက်လာနေတာကြောင့်လည်း ရေဘေးအန္တရာယ် ပိုဆိုးလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ကိုကျော်သောင်းက ပြောပါတယ်။

“ မိုးကလည်း ဒီမှာ ဆက်တိုက်ရွာနေတယ်ဆိုတော့ လက်လုပ် လက်စားတွေ ထွက်ပြီးတော့ အလုပ် လုပ်ဖို့ အဆင်မပြေကြဘူး။ စားဝတ်နေရေးတွေ နေထိုင်ရာတာကတော့ တော်တော် အခက်ကြုံရတယ်။ အိမ်တွေမှာတော့ အိမ်အောက်တွေ အကုန်လုံး ရေတွေ မြှုပ်နေတယ်။ ဘယ်နှစ်ပေလဲ ဆိုတာတော့ ကျနော်တို့ သိပ်ခန့်မှန်းလို့ မရဘူး။ ဒီထက်ပိုကြီး လာမယ် ဆိုရင်တော့ အနီးအနားမှာရှိတဲ့ တောင်တန်းတွေဆီကို လှေနဲ့ ပြေးရမှာပေါ့။ အခုကတော့ စောင့်ကြည့်နေကြတယ်။ နေက တချက်မှ မထွက်ဘူး။ မိုးကလည်း အမြဲရွာတော့ ရေက ခမ်းသွားတယ် ဆိုတာမရှိဘူး။ တဖြည်းဖြည်းနဲ့ ရေက တက်တက်လာတာ တွေ့ရတယ်။”

ဒါ့အပြင် မြောက်ဦးမြို့နယ်အတွင်းက လေးမြို့ချောင်း တလျှောက်မှာရှိတဲ့ ကျေးရွာတွေ တော်တော်များများလည်း ရေဘေး ကြုံနေရပြီး အနိမ့်ပိုင်း မြစ်ကမ်းနားမှာ ရှိတဲ့ ကျေးရွာတချို့ကတော့ ကိုယ်ထူကိုယ်ထ ရွှေ့ပြောင်းနေကြရတယ်လို့ မြောက်ဦး ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ မြစ်ကမ်းကို ရောက်ဖို့ အတွက်ဆိုရင်တော့ ရေက ၂ ပေလောက်ပဲ လိုတော့တယ်။ ရေက တော့ ပတ်ဝန်းကျင်ကို ကြည့်ရသလောက်ဆိုရင် နောက်နေ့အထိ တက်မယ်ထင်တယ်။ ကျနော်တို့ဆိုင် ဆိုလို့ရှိရင် ရေထဲမှာ မြှုပ်သွားပါပြီ။ မြစ်ကမ်းနံဘေးမှာ ဆောက်ထားတဲ့ ဆိုင်လေးပေါ့။ အဲ့ဒါတွေ အကုန်လုံး နစ်သွားပါပြီ။ ခေါင်မိုးတွေတောင် မပေါ်တော့ပါဘူး။ အောက်က ရွာတွေ ဆိုလို့ရှိရင် မြစ်ကမ်းနဲ့ ဝေးတဲ့နေရာ၊ အန္တရာယ်ကင်းမယ့် နေရာတွေကို ရွှေ့တဲ့သူတွေ ရွှေ့သွားကြပါပြီ။”

အခုလို လေးမြို့မြစ်ရေ တက်လာနေတာကြောင့် ဒေသခံတွေရဲ့ စိုက်ခင်းတွေ ရေမြှုပ်နေသလို ဒီရေတွေ ဆက်တက်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတာပါ။
ကျောက်တော်မြို့ နယ်မှာဆိုရင်လည်း ကလားတန်မြစ်ကနေ စီးဆင်းလာတဲ့ သရီးချောင်း၊ ယိုးချောင်း၊ ပီကောက်ချောင်း စတဲ့ ချောင်းရေတွေ မြင့်တက်လာတာကြောင့် ကျောက်တော် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတော်တော်များများ ရေကြီးနေတယ်လို့ ကျောက်တော် ဒေသခံတဦးက ပြောပါတယ်။

“ မိုးကြီးတဲ့ ရေကြောင့် ရေလျှံတယ်။ ရေလျှံတော့ စပါးစိုက်ခင်းတွေ မြှုပ်တယ်။ ပြီးတော့ စစ်ဘေးရှောင်စခန်းတွေမှာလည်း ရေတွေကြီးတယ်။ တချို့အိမ်တွေ ဆိုရင် အိမ်အောက်မှာကို ၂ ပေ ၃ ပေလောက်ထိ တက်နေတဲ့ အခြေအနေမှာရှိတယ်။ လူတွေကလည်း တရွာနဲ့ တရွာကို ကူးလူးဆက်ဆံလို့ သွားလို့မရဘူး။ မော်တော်တွေ စက်လှေတွေ လှေတွေနဲ့ပဲ သွားနေရတယ်။”

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ညနေပိုင်း တိုင်းထွာချက်တွေအရ ကုလားတန်မြစ်ရေဟာ ကျောက်တော်မြို့ရဲ့ စိုးရိမ်ရေအမှတ်အောက် ၃ ပေခန့်မှာ ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေ အမှတ်ကို ရောက်ရှိနိုင်တာကြောင့် မြေနိမ့်ပိုင်း နေသူတွေ သတိထားကြဖို့ ထုတ်ပြန်ထားပါတယ်။

အခုလို ရခိုင်ပြည်နယ် နေရာအနှံ့ ရေကြီးရေလျှံတာတွေနဲ့ ကြုံတွေ့နေရပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ဒေသခံတွေကို တစုံတရာ သတိပေးတာ မရှိသလို၊ ဘေးလွတ်ရာ တိမ်းရှောင်နိုင်အောင် ကြိုတင် ပြင်ဆင်တာ၊ ပြောင်းရွှေ့နေရာ ချထားပေးတာတွေလည်း မရှိဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ခုလို ရေဘေးသင့်နေတဲ့ နေရာတွေက အခြေအနေနဲ့ပတ်သက်ပြီး ကူညီ ကယ်ဆယ်ရေး ပြင်ဆင် ဆောင်ရွက် ပေးနေတာတွေ ရှိ မရှိ မေးမြန်းဖို့ ရခိုင်ပြည်နယ်ကောင်စီက တာဝန်ရှိသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းပြန်လည် ဖြေကြားတာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG